Wednesday, December 8, 2010

မိုင်းလားဌာနချုပ် သျှမ်းနှစ်သစ်ကူးပွဲ နအဖအာဏာပိုင်မပါဝင်

သျှမ်းသံတော်ဆင့်

ပထမဦးဆုံးအကြိမ်ကျင်းပသော အထူးဒေသ ၄ မိုင်းလား သျှမ်းနှစ်သစ်ကူးပွဲတော်၌ နအဖအာဏာပိုင်များမပါဝင်ဘဲ နှစ်သစ်ပွဲ တော် ၈ ရက်ဆက်တိုက်ကျင်းပခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

“မိုင်းလားမှာ ပထမဆုံးအကြိမ်ကျင်းပတာဖြစ်တယ်။ ကျိုင်းတုံ၊ တာချီလိတ်၊ မိုင်းလျဲမ်း၊ ၀မ့်ဟိုင်း၊ မိုင်းပေါက်၊ မိုင်းဖျဲန်၊ ဟိုတောင်း၊ ပန်ဆန်း၊ ကျိန်းဟုန့်၊ ဆီလူး ဖိတ်တယ်။ ပရိတ်သတ် ၂၀၀၀၀ လောက်တက်ရောက်တယ်။ ဘတ်ဂျက် ၁ သန်း လျာထားတယ်။ အခု ယွမ်ငွေ ၃ သိန်း သုံးပြီးပြီ။ နအဖအာဏာပိုင်ပါဝင်ပတ်သက်သာ တခုမှမရှိဘူး။ နောက်ပြီး အထူးဒေသ ၄ နယ်မြေထဲမှာ နအဖကိုယ်စားလှယ်တွေမရှိတော့ဘူးလေ” - ဟု မိုင်းလားဒေသခံတဦးက သျှမ်းသံတော်ဆင့် အားပြောသည်။

နိုဝင်ဘာလ ၃၀ ရက်မှ ဒီဇင်ဘာလ ၇ ရက်နေ့အထိကျင်းပမည့် မိုင်းလားသျှမ်းနှစ်သစ်ကူးပွဲတော် ကျင်းပရသည့် ရည်ရွယ်ချက် များအနက် အဓိက ၃ ချက်မှာ- ၁- ဒေသတွင်းလူထု သမိုင်းသိစေရန် - ၂- မဟာမိတ် အဖွဲ့အစည်းများ တွေ့ဆုံရင်းနှီးမှုရစေရန် - ၃- ဖိအားပေးအကျပ်ကိုင်လာမည့် အန္တရာယ်မှ တွန်းလှန်ဖို့ စည်းလုံးမှု အင်အားစုစည်းရန် စသည်တို့ဖြစ်ကြောင်း အတွင်းရေးမှူး ဦးဆိုင်လားက မိန့်ခွန်း၌ ထည့်သွင်းပြောကြားသွားသည်ဟုသိရသည်။

စည်စည်ကားကားနဲ့ ပျော်ပျော်ပါးပါးဘဲ။ နှစ်သစ်မှာ စိတ်သစ်၊ အင်အားသစ်နဲ့ လာမယ့်ဘေး အန္တရာယ်ကာကွယ်ကြ ဖို့လဲ မိန့် ခွန်းမှာပြောသွားတယ်။ ၂၁၀၅ နှစ်မြောက် သျှမ်းနှစ်သစ်ကို ဂုဏ်ပြုကြိုဆိုတဲ့အနေနဲ့ ဆီမီး ၂၁၀၅ တိုင်ထွန်းပြီး နှစ်သစ်ကို ကြိုဆို တယ်။ ဗြောက်အိုးဖောက်တာတော့မရှိဘူး။ မီးပန်းအလှတော့ရှိတယ်။ မီးပုံးပျံလဲ လွတ်တယ်။ ထွန်းလင်းတောက်ပနေတာဘဲ။ သီပေါက ဟွမ်ဟိုင်းမိုင် ဇာတ်သဘင် ရှိတယ်။ ခေတ်သစ်သံစုံ တီး ၀ိုင်းရှိမယ်။ သျှမ်းရိုးရာအိမ်တလုံးဆောက်ထားပြီး အထဲမှာလဲ ရိုးရာအသုံးအဆောင်ပစ္စည်းတွေ ပြသထားတယ်”- အမည်မဖော် လိုသူ သျှမ်းအဆိုတော်တဦးကပြောသည်။

သီပေါမှ ဟွမ်ဟိုင်းမိုင် ဇာတ်အဖွဲ့အပြင် ထိုင်းနယ်စပ်အခြေစိုက် ဇိဏ်းလျောတေးဂီတအဖွဲ့နှင့် နာမည်ကျော် သျှမ်းအဆိုတော် စိုင်းဆိုင်ဇွမ်ဖှ၊ စိုင်းဆိုင်လောင်ပိန်းတို့လည်း လာရောက်ဖျော်ဖြေကြကြောင်း၊ နိုင်ငံရေးတေး သီချင်းများသာ သီဆိုဖျော်ဖြေခဲ့ သော ဇိဏ်းလျောဝိုင်းတော်သားများအားလည်း မိုင်းလားတပ်ဖွဲ့ခေါင်းဆောင်များက- “ အားရပါးရ သီဆိုဖျော်ဖြေပါ။ ဒီမှာတော့ Open ဘဲ၊ ဘာမှပြသနာမရှိဘူး။ No Problem ဘဲ ” ဟု ပြောကြားခဲ့ ကြောင်း ဇိဏ်းလျောအဖွဲ့သားတဦး၏ ပြန်လည်ပြောပြချက် အရသိရသည်။

ပွဲတော်မကျင်းပမီကတည်းကပင် တရုတ်နယ်စပ်ဂိတ်၌ စစ်ဆေးမေးမြန်းမှုသိပ်မရှိတော့ဘဲ တရုတ်အာဏာပိုင်များက လွတ်လွတ် လပ်လပ်သွားလာဖြတ်သန်းခွင့်ပြုထားကြောင်း မိုင်းလားတပ်မှ အရာရှိငယ်တဦးကပြောပြသည်။

“တရုတ်ပြည်ဘက်ကလဲ အများကြီးလာကြတယ်။ အားရစရာလို့ပြောလို့ရတယ်။ တာချီလိတ်၊ ကျိုင်းတုံဘက်ကဘဲ အလာနဲ တယ်။ ၄၀-၅- လောက်ဘဲရှိမယ်။ အခုလို မတင်မကျအခြေအနေမှာ နအဖအာဏာပိုင်တွေကိုလန့်လို့လဲဖြစ် ပါလိမ့်မယ်။ တပ်မ ဟာ ၁ ကလဲ အင်အား ၃၀၀ လောက်လာတယ်။ အုပ်ချုပ်ရေးမှူး ဒု ဗိုလ်မှူးကြီးဆိုင်ဖှ ဦးဆောင်တယ်။ ပန်ဆန်းကလဲ ၂၀၀ လောက်လာတယ်” ဟု ပြောပြ၏။

နအဖအာဏာပိုင်များအားဖိတ်ကြားမှုမရှိသကဲ့သို့ ၎င်းတို့ဘက်ကမေးမြန်းခြင်းမရှိဟုသိရ၏။

နိုဝင်ဘာလကုန်က ကျိုင်းတုံက စရဖ ဂျီဝမ်း ဗိုလ်မှူးကြီးခင်မောင်ထွေးတော့ လေချိုလာသွေးသွားတယ်။ အရင်တုန်းကလိုဘဲ ရင်းရင်းနှီးနှီးဆက်နေသွားဖို့ လာပြောတယ်။ ၂၃ ရက်နေ့က တာ့ပင်းတံတား ကုန်တင် ကားတွေကိုဖြတ်သန်းခွင့်ပိတ်တာ ဘာကြောင့်လဲလို့မေးတော့ ခင်မောင်ထွေးက ၁- ကုန်ပစ္စည်းတွေဟာ လိုင်စင်မဲ့တွေဖြစ်တယ်။ တရားမ၀င်ဘူး။ ၂- အထက် အမိန့် ကြောင့်ပိတ်တာ လို့ပြောတယ်” ဟု အဆိုပါ အရာရှိကဆက်ပြောသည်။

သို့သော် ကုန်ကားများပိတ်သော်လည်း ထိုင်းပစ္စည်းသာ ခေတ္တဈေးတက်ပြီး မိုင်းလားအနေဖြင့် ကိုယ့်ခြေပေါ် ကိုယ်ရပ်တည်နိုင် ရန်ကြိုးစားနေသဖြင့် ထိခိုက်မှုတော့မရှိကြောင်း မိုင်းလားတပ်ဖွဲ့မှ ၀န်ထမ်းတဦးကပြောသည်။ ပွဲဖြစ်မြောက်ရေးအတွက် တပ်ဖွဲ့ ခေါင်းဆောင်ပိုင်း၊ အဖွဲ့အစည်းများ၊ ရပ်ရွာအကြီးအကဲများ၊ လောပန်းများကလည်း ပုဂ္ဂိုလ်ရေး အနေဖြင့်သော်လည်းကောင်း အဖွဲ့အစည်းအနေဖြင့်သော်လည်းကောင်း အလှူငွေ၊ မ တည်ငွေအဖြစ် အနည်းဆုံး ယွမ် ၅၀ မှ အများဆုံး ယွမ်ငွေ ၅၀,၀၀၀ အထိထည့်ဝင်ကြသည်ဟု ပွဲဖြစ်မြောက်ရေးကော်မတီဝင် တဦးကပြောသည်။

No comments: