“အမေစု၊ အမေဒေါ်စု၊ အန်တီစု” ဆိုသည့် အမျိုးမျိုးသော ခေါ်ဝေါ်ခြင်းများနှင့်အတူ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ငြိမ်းချမ်းရေး နိုဘယ်လ်ဆုရှင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ၇ နှစ်ခွဲကျော်ကျခံခဲ့ရာမှ လွတ်မြောက်လာခြင်းကို တိုင်းရင်းသားလူမျိုးများ အားလုံးအပါအဝင် အဖွဲ့အစည်းအသီးသီးနှင့် ပြည်သူလူထုများက ဝမ်းမြောက်ဝမ်းသာစွာ ကြိုဆိုကြပါသည်။နှစ်လကြာရှည်စွာ အကျယ်ချုပ်ကျခံရသည့် ဒေါ်အောင်ဆန်းစုကြည်သည် နိုဝင်ဘာလ ၁၃ ရက်နေ့တွင် ပြန်လည် လွတ်မြောက်လာခဲ့ခြင်းဖြစ်ပြီး တိုင်းရင်းသားအတွက် ဖက်ဒရယ် ပြည်ထောင်စု တည်ဆောက်ပေးခြင်းနှင့် ဒီမိုကရေစီ ရရှိရေးအတွက် အားပေးဆောင်ရွက်ပေးနိုင်လိမ့်မည်ဟု အများပြည်သူလူထုက မျှော်လင့်နေကြသည်။
“အမှန်ကတော့ သူထောင်ကျတာ ကြာပြီ။ နောက်သူကလည်း ဒီမိုကရေစီနဲ့ တိုင်းရင်းသားအတွက် အလုပ်လုပ်တယ်။ အဲတော့ သူလွတ်လာတာ တိုင်းရင်းသား တယောက်အနေနဲ့ ဝမ်းသာရမှာပေါ့” ဟု ကရင်နီ အမျိုးသား တိုးတက်ရေးပါတီ (ကေအဲန်ပီပီ) ဥက္ကဌ ခူထဲဘူးဖဲက ပြောပါသည်။
ထိုနည်းအတူ ရှမ်းပြည်တောင်ပိုင်းတပ်မတော် SSA ပြောခွင့်ရပုဂ္ဂိုလ် စိုင်းလောဝ်ဆိုင်ကလည်း တိုင်းရင်းသားအားလုံး တောင်းဆိုနေကြသည့် တိုင်းရင်းသား စည်းလုံးညီညွတ်ရေး၊ တိုင်းရင်းသား တန်းတူရေး စသည့် တောင်းဆိုချက်များ နှင့်အတူ ဒုတိယပင်လုံညီလာခံကိုလည်း သူမက ဦးဆောင်နိုင်လိမ့်မည်ဟု မျှော်လင့်ကြောင်း ပြောပါသည်။
“ကျနော်တို့ လက်ရှိ မပြေလည်သေးတဲ့ နိုင်ငံရေး ပြဿနာများကိုလည်း သူမကလက်ရှိ ကျနော်တို့ နိုင်ငံရေး ခေါင်းဆောင်များနဲ့ အတူ တိုင်းရင်းသား ခေါင်းဆောင်များနဲ့တူ ပူးပေါင်းပြီးတော့ အတူဝိုင်းဝန်းဖြေရှင်း သွားနိုင်ပါလိမ့်မယ်လို့လည်း ကျနော်တို့ မျှော်လင့်ပါတယ်” ဟု စိုင်းလောဝ်ဆိုင်က ပြောပါတယ်။
သူမသည် နေအိမ်အကျယ်ချုပ်မှ နှစ်ပေါင်းများစွာ ထိန်းသိမ်းခံရသော်လည်း ပုဂ္ဂိုလ်ရေး မုန်းတီးမှု မရှိကြောင်းနှင့် လူတွေအပေါ် ဘာအာဃာတမှ မရှိကြောင်း နိုဝင်ဘာ ၁၄ ရက်နေ့ ပထမဆုံး မိန့်ခွန်းတွင် သူမပြောကြားသွားသည်။
“ကိုယ်လိုချင်တာကို မျှော်လင့်နေရုံနဲ့ မအောင်မြင်ပါဘူး။ ကိုယ်လိုချင်တာကိုရအောင် လုပ်ကြမှ လုပ်ရဲမှ လုပ်နိုင်မှရမယ်။ အကောင်းဆုံး နည်းလမ်းကို ရှာရမယ်’’ ဟု ပြောကြားသွားပါသည်။
နိုဝင်ဘာ ၂ဝ ရက်နေ့တွင် ဒုတိယ ပင်လုံညီလာခံဖြစ်မြောက်ရေးနှင့် ပတ်သက်၍ ဝါရင့်နိုင်ငံရေးသမားကြီးများအား ပူဇော်ကန်တော့ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်က ကျမတို့ဟာ ပင်လုံစိတ်ဓါတ်ကို ဆက်ပြီး ရှင်သန်နေအောင်လုပ်သွားရန်မှာ နောင်မျိုးဆက်တွင် တာဝန်ရှိပြီး အလုပ်တခုက ညီလာခံတခုနှင့် ပြီးသွားခြင်း မဟုတ်ဘူးဟု ပြောဆိုသွားပါသည်။
“ဒီညီလာခံကနေပြီးတော့ အကောင်အထည်ဖော်လိုက်တဲ့ ကိစ္စတွေကို အဓိပ္ပာယ်ရှိရှိနဲ့ ဆက်ပြီးတော့ ကျမတို့နိုင်ငံအတွက် ရပ်တည်သွားနိုင်ဖို့ ဆိုတာ အားလုံးရဲ့တာဝန်ဖြစ်တယ်။ ဒီမျိုးဆက်တခုတင် မပြီးသွားဘူး။ မျိုးဆက်တွေ မျိုးဆက်တွေ ဆက်ပြီးတော့ လုပ်ရမယ်။ တိုင်းရင်းသားတွေ အားလုံး ညီညီညွတ်ညွတ်နဲ့ လုပ်ရမယ်”
ဗမာအပါအဝင် တိုင်းရင်းသား လူမျိုးပေါင်းစုံ နေထိုင်သည့် မြန်မာနိုင်ငံသည် ပြည်ထောင်စု စိတ်ဓာတ် ခိုင်ခိုင်မာမာ ရှိရန် လိုအပ်ပြီး သူမအနေဖြင့် ၂၁ ရာစုနှင့် လိုက်လျောညီထွေသည့် ပင်လုံစိတ်ဓာတ်ကို အောင်မြင်အောင် ရှေ့ရှုပြီး ကြိုးစားသွားမည့် ကတိပြုခဲ့ပြီး တတ်နိုင်သမျှ တာဝန်ကို ကျေပွန်စွာ လုပ်ဆောင်သွားမည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောပါသည်။
ကရင်အမျိုးသား အစည်းအရုံးမှ အထွေထွေ အတွင်းရေးမှူး၁ ဗိုလ်မှူး စောလှငွေက “၂၁ ရာစု ပင်လုံပဲပြောပြော စိတ်ဝင်စားမှုရှိပြီး အကောင်အထည်ဖော်ဖို့ ကြိုးစားနေတာ ဒါတွေဟာ ကောင်းတာပေါ့လေ။ တိုင်းရင်းသား တွေကလည်းပဲ တိုင်းရင်းသားနဲ့ အမျိုးသားရေးနဲ့ ကိုယ်ပိုင် ပြဌာန်းခွင့်အပေါ် အခြေခံပြီးတော့ တခြားသော တိုင်းရင်းသားတွေနဲ့အတူ ပြည်ထောင်စုကြီး တည်ဆောက်ဖို့အတွက် တောက်လျှောက် ကြိုးစားခဲ့ရတာ။ ဒါကြောင့်မို့ ဆက်စပ်တဲ့ အလုပ်တွေ မှန်သမျှကတော့ တိုက်ရိုက် မပါဝင်နိုင်အောင်မှ အားပေးပြီးတော့ ဝိုင်းရံ သွားရမှာပဲ အဲလိုသဘောထားရှိပါတယ်” ဟု ပြောပါသည်။
ရှေ့ဆက်လုပ်ငန်းနှင့်ပတ်သက်၍ မည်သူနှင့် ပူးပေါင်းပြီး အလုပ် လုပ်သွားမလဲဆိုတာကို ဒေါ်အောင်ဆန်းစုကြည်အနေဖြင့် မှန်မှန်ကန်ကန် ဆုံးဖြတ်နိုင်မည်ဟု မျှော်လင့်ပြီး လူထုအသံနှင့် လူငယ်အသံ တော်တော်များများကို ကိုယ်စားပြုသည့် အနေအထားဖြင့် ခိုင်ခိုင်မာမာ စီမံချက်ချနိုင်မည်ဟု မျှော်လင့်ကြောင်း ဗိုလ်မှူး စောလှငွေက ပြောပါသည်။
ဒေါ်အောင်ဆန်းစုကြည် ဦးဆောင်သည့် အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် NLD သည် ၁၉၉ဝ ခုနှစ် ရွေးကောက်ပွဲတွင် အနိုင်ရခဲ့ပါသည်။ သို့သော် ဒေါ်အောင်ဆန်းစုကြည်၏ ပါတီကို စစ်အစိုးရမှ အသိအမှတ်ပြုခြင်း မရှိသည့်အပြင် ပြီးခဲ့သည့် ၂၁ နှစ်တာ ကာလအတွင်းတွင် ၁၅ နှစ်ခန့် နေအိမ်အကျယ်ချုပ် ချထားခြင်း ခံခဲ့ရပေမယ့် ပြည်သူများက မတရားမှုကို ရဲရဲရင့်ရင့် ရင်ဆိုင်သည့် ဒေါ်အောင်ဆန်းစုကြည်၏ ဇွဲနှင့် သ္တိသည် အများအတွက် အတုယူ အားကျစရာဖြစ်သလို ဒေါ်စုလွတ်မြောက်လာမှုသည် မြန်မာနိုင်ငံ၏ ပြဿနာများအားလုံး ဖြေရှင်းသွားနိုင်မည်ဟု မျှော်လင့်နေကြပါသည်။
No comments:
Post a Comment