ခိုနူမ်းထုန်သတင်း၊ ၀၈ ဒီဇင်ဘာ ၂၀၁၀
ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်မြို့နယ် မြန်မာနိုင်ငံရဲတပ်ဖွဲ့သည် ဒေသအတွင်း လိုင်စင်မဲ့သေနတ်ပိုင်ရှင်များအား ဒါဏ်ငွေပေးဆောင်စေပြီးလဒ် ပေးလဒ်ယူပုံစံ ဖြင့် အသုံးချနေကြောင်း သိရသည်။
လိုင်စင်မဲ့သေနတ်တလက်အတွက် ကျပ်ငွေ နှစ်သောင်း သို့မဟုတ် သုံးသောင်းပေးဆောင်စေပြီး ကိုင်ဆောင်ခွင့် ပြုထားကြောင်းသိရသည်။
စစ်အစိုးရက လိုင်စင်မဲ့သေနတ်ကိုင်ဆောင်ခွင့် မပြုပေမဲ့ ရဲတပ်ဖွဲ့တွေကိုပိုက်ဆံပေးယင် ကိုင်ဆောင်လို့ရကြောင်း၊ မင်းတပ်မြို့နယ်အတွင်းလိုင်စင်ရသေနတ်အလက်ပေါင်း ၅၀၀ ခန့်ရှိကြောင်း ဒေသခံတဦးက ပြောသည်။
“ ရဲတပ်ဖွဲ့တွေက သတင်းရလို့ဖြစ်စေ၊ ကာယကံရှင်တွေ တောင်ယာသွားတဲ့အချိန်မှာတွေ့လို့ဖြစ်စေ သေနတ်တွေကို စစ်ဆေးပြီး ဒါဏ်ငွေဆောင်ခိုင်းပြီးတော့ ပြန်ပေးတယ်” ဟု မင်းတပ်မြို့နယ်၊ ရိုရွာသား လိုင်စင်မဲ့သေနတ်ကိုင်ဆောင်သူတဦး က ယခုလ ၄ ရက်နေ့က ပြောသည်။
ယခုနှစ်တွင် မင်းတပ်မြို့နယ်အတွင်း လိုင်စင်မဲ့သေနတ်အလက်ပေါင်း ၁၀ခန့်ကို ရဲတပ်ဖွဲ့က ဒါဏ်ငွေဆောင်ခိုင်း ကြောင်း၊ တူမီးသေနတ်တလက်ကျပ်ငွေနှစ်သောင်း၊ တလုံးပြူးတလက် ကျပ်ငွေ နှစ်သောင်းခွဲ၊ နှစ်လုံးပြူး တလက်ကျပ်ငွေ သုံးသောင်းဖြစ်ကြောင်း သိရသည်။
အလားတူ တခြားမြို့နယ်တွင်လည်းလိုင်စင်မဲ့သေနတ်များအတွက်ဒါဏ်ငွေဆောင်ခိုင်းခြင်း ဒါဏ်ငွေမဆောင်နိုင် သူများ ကိုမူ သေနတ်သိမ်းခြင်းများရှိကြောင်း သတင်းရရှိသည်။
“ မတူပီမြို့နယ်ဒေသတချို့မှာတော့ ဒေသခံရဲတွေက သေနတ်ပြောင်းပေါ်မှာတံဆိပ်တုရိုက်ပေးတယ်၊ တံဆိပ်ခပိုက်ဆံ ပေးတာပေါ့” ဟု ဒေသခံ တောင်သူတဦး ကပြောသည်။
ချင်းပြည်နယ်တွင် လိုင်စင်မဲ့သေနတ်များလာခြင်းမှာ မဆလခေတ်ကသေနတ်လိုင်စင်လျှောက်ခွင့်ကို ပိတ်ပင် လိုက်ခြင်း ကြောင့်ဖြစ်ကြောင်း၊ချင်းလူမျိုးများသည် သေနတ်ကို ချစ်မြတ်နိုးသူများဖြစ်ကြောင်းဒေသခံလူကြီးတဦးက ဆိုသည်။
“ကျတော်တို့ချင်းတွေအတွက် သေနတ်ဟာ မိရိုဖလာယဉ်ကျေးမှုတခုလိုဖြစ်တယ်၊ထိမ်းမြားမင်္ဂလာအတွင်းဖိုးအတွက် သေနတ်ကို ပေးဆောင်ကြတယ်” ဟုထန်တလန်မြို့နယ်မှ ရယက ဥက္ကဌတဦးက ပြောသည်။
သားရိုင်းတိရိစ္ဆာန်များရန်မှ ကာကွယ်ရန်နှင့်တောင်ယာသီးနှံများဖျက်ဆီးမည့်တောရိုင်းတိရိစ္ဆာန်များရန်မှကာကွယ်ရန်ဆိုပြီး ပါလီမန်ခေတ်တွင် ချင်းလူမျိုးများကို သေနတ်ကိုင်ဆောင်ခွင့်ပြုထားခဲ့သည်။
No comments:
Post a Comment