ဂီရိမုန်တိုင်းကြောင့် နိုင်ငံခြား ဧည့်သည်များ လာရောက် လည်ပတ်မူ လျော့ကျခဲ့ရသော ရခိုင်ပြည်နယ်မှ နာမည်ကျော် ငပလီ ကမ်းခြေတွင် ယခုအခါ လာရောက် လည်ပတ်သူ အထူး တိုးတက် များပြား လာကြောင်း သတင်း ရရှိသည်။“ ဂီရိမုန်တိုင်းကြောင့် နိုင်ငံခြားသားတွေ မလာသလောက်ရှိသွားရာကနေ အခုတော့ လာရောက်လည်ပတ်သူ နိုင်ငံခြားသားတွေက သိသိသာသာ တိုးတက် များပြား လာတာကို တွေ့ရပါတယ်” ဟု ဧည့်လမ်းညွန် လုပ်နေသူ သံတွဲ ကိုကျော်စိုးက ပြောသည်။
ငပလီတွင် နှစ်စဉ်နှစ်တိုင်း အောက်တိုဘာမှ စတင်ပြီး နိုင်ငံခြားသားများ လာရောက် လည်ပတ်မူ ရှိသော်လည်း ယခုနှစ်တွက် ဂီရိ မုန်တိုင်းကြောင့် ဒီဇင်္ဘာလမှ စပြီး လာရောက်လည်ပတ်ခဲ့ကြသည်ဟု သိရသည်။
ဟိုတည် တစ်ခုမှ တာဝန်ရှိသူ တစ်ဦးကလည်း ''အောက်တိုဘာလက ခရီးသွားရာသီ အစဖြစ်ပေမယ့် မုန်တိုင်း တိုက်ခတ်ပြီး တစ်လလုံးနီးပါး နိုင်ငံခြားသား ဧည့်သည် ဝင်ရောက်မှု မရှိသလောက်ပါပဲ။ လာဖို့ ဘွတ်ကင် လုပ်ထားကြတဲ့ ဧည့်သည်တွေလဲ ရက်ရွှေ့ဆိုင်းတာတို့၊ ခရီးစဉ် ဖျက်သိမ်းတာတို့ ရှိတယ်။ နောက်ပြီး မုန်တိုင်းကြောင့် လေကြောင်းလိုင်းတွေ အသွားအလာတွေ ရပ်တန့်ခဲရတာတွေ ရှိသလို ကားလမ်းတွေလည်း ကျိုးပျက်သွားတဲ့ အတွက် အသွားအလာ လုံးဝ ရပ်တန့် သွားခဲ့တာတွေ ရှိခဲ့ပါတယ်။ အခုလမှစပြီး နိုင်ငံခြား ဧည့်သည့်ဝင်ရောက်မှု နှုန်းက တိုးလာပါတယ်။ ခရီးသွား ရာသီအလယ် ဖြစ်တဲ့ ဒီဇင်ဘာ၊ ဇန်နဝါရီလတွေမှာတော့ ပိုတိုးလာနိုင်ပါတယ်''ဟု ပြောသည်။
နှစ်စဉ်အောက်တိုဘာလမှ ဧပြီလအထိ ငပလီကမ်းခြေသို့ ကမ္ဘာလှည့်ခရီးသည်များ အမျာအပြား လာရောက်လေ့ရှိကြပြီး ဧည့်သည်များ၏ ၆ဝ ရာခိုင်နှုန်းမှာ နိုင်ငံခြား ဧည့်သည်များဖြစ်ပြီး ၄၀ ရာခိုင်နုန်းမှာ ပြည်တွင်း ဧည့်သည်များ ဖြစ်ကြသည်။ နိုင်ငံခြား ဧည့်သည်များမှာ ကုန်းလမ်း ခရီးထက် လေကြောင်းခရီးဖြင့် လာရောက် လည်ပတ်ကြကြောင်း သိရသည်။
No comments:
Post a Comment