Wednesday, January 12, 2011

ရွေးကောက်ပွဲစည်းရုံးရေးက ကြံ့ဖွတ်ပေးသည့်ကတိအတိုင်းဖြစ်မလာဟု ဒေသခံလူထုပြော

သျှမ်းသံတော်ဆင့်

သျှမ်းပြည်အရှေ့ပိုင်း ကျိုင်းတုံမြို့၌ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီတို့ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းစဉ်ဒေသခံ လူထုအားပေးထားသည့် ကတိအတိုင်း ဖြစ်မလာဘဲ ယခုနှစ်လည်း နအဖ စစ်တပ်က လယ်သမားများထံမှ စပါးဈေးနှိမ်ဝယ်ယူ နေဆဲဖြစ် ကြောင်း စုံစမ်းသိရှိရသည်။

ကြံ့ဖွတ်တွေ ရွေးကောက်ပွဲအတွက် စည်းရုံးရေးဆင်းတုန်းကပေးထားတဲ့ကတိက - ကြံ့ဖွတ်ကိုမဲပေး ရင်လူထုရဲ့ အကျိုးစီးပွားကို ကာကွယ်စောင့်ရှောက်ပေးမယ်။စစ်တပ်ကို စပါးမသွင်းရအောင်လဲလုပ်ပေးမယ်ဆိုဘဲ။ ခုတော့ စစ်တပ်က စပါးသွင်းရမယ်အမိန့် ချလာတော့လဲ ကြံ့ဖွတ်ကဘာမှမလုပ်ပေးနိုင်ဘူး။” ဟု ကြံ့ဖွတ်အသင်းသားတဦး၏ အဖွားက သျှမ်းသံတော်ဆင့်သို့ ပြောပြ သည်။

ပြီးခဲ့သည့်လ ၂၃ ရက်နေ့က ကျိုင်းတုံရှိ အုပ်စု ဥက္ကဌ ၁၀ ဦးအား ဂျီဝမ်းကိုယ်တိုင် တြိဂံစစ်တိုင်းရုံးသို့ခေါ်ယူတွေ့ဆုံကာ လယ် ၁ ဧကလျှင် စပါ ၄ တင်းစစ်တိုင်းရုံးသို့သွင်းကြရန် ဆင့်ဆိုလိုက်ခြင်းဖြစ်သည်။

“ တတင်းကို ကျပ် ၄၅၀၀ ဘဲပေးမယ်။စပါးမသွင်းတဲ့လူ လယ်အသိမ်းခံရမယ်လို့တောင် ခြိမ်းခြောက်ခဲ့သေးတယ်။ စပါးသွင်းရင် လဲ ဈေးပေါပေါနဲ့ဘဲရမယ်။ မသွင်းပြန်တော့လဲ လယ်ရှုံးရင်ဘာနဲ့လုပ်စားတော့မှာလဲ” ဟုလယ်သမား တဦးက ပြောသည်။

အလားတူ ယခင်လ ၅ ရက်နေ့ကလည်း ရွေးကောက်ပွဲက ကုန်ကျခဲ့သည့် အသုံးစရိတ်များကို မြို့နယ်ဥက္ကဌက ဒေသခံလူထုထံ ပြန်လည်ကောက်ယူသည်ဟုလည်း အဆိုပါလယ်သမားကဆက်လက်ပြောပြ၏။

“ မယက ဥက္ကဌ ဦးရွှေမောင်းက အုပ်စုဥက္ကဌတွေကို ခေါ်ပြီးကျိုင်းတုံတမြို့လုံးရဲ့ရွေးကောက်ပွဲကုန်ကျစရိတ်၊ ဥပမာ မဲရုံစောင့်လုပ် သားခ၊ ဆောက်လုပ်ရေးကုန်ကျစရိတ်၊ ဧည့်ခံကျွေးမွေးရေးကုန်ကျစရိတ်တွေကို အုပ်စု အကြီးအသေး အလိုက် ၁၀ အုပ်စုစလုံးပြန် ပေးရမယ်တဲ့။ ဥပမာ အကြီးဆုံး ကတ်ဖှအုပ်စုဆိုရင် ကျပ် ၁ သန်း နဲ့ ၄ သောင်းပေးရမယ်။ ကတ်တောင်အုပ်စုဆိုရင် ၁သန်းနဲက ၃ သောင်း၊ ကတ်ထိုင်အုပ်စု ကျပ် ၁ သန်း၊ လွယ်လုံအုပ်စု ကျပ် ၈ သိန်း၊မိန်းစိမ်း အုပ်စု ၈ သိန်း၊ မိုင်းလပ်အုပ်စု ၇ သိန်း၊ ကိန်း ဖောင်းအုပ်စု ၆ သိန်း၊ ယန်းကိန် ၅ သိန်း၊၀တ်ဆောင်းအုပ်စု ကျပ် ၅ သိန်း၊ မိုင်းလန်းအုပ်စု ၅ သိန်း ပေးရမယ်။ မြို့ပြင်နဲ့ ကျေး ရွာတွေမှာတော့ တအိမ် ၁၅၀၀ ကျပ်ကောက်တာလေ။ ၅ ရက်နေ့ မတိုင်ခင်ကတည်းက ကောက်ပြီးပြီ” ဟု ဆိုသည်။

သို့သော် ရွေးကောက်ပွဲအသုံးစရိတ်အတွက် တမြို့နယ်လျင် ကျပ်သိန်း ၁၀၀ ( ၁၀ သန်း) အစိုးရက ပေးသည်ဟု သတင်း ထွက် ပြန်သဖြင့် ယခုကဲ့သို့ ဒေသခံများထံကောက်ယူသည်မှာ ယမကအဖွဲ့ စားပေါက်အတွက်သာဖြစ်နိုင်ကြောင်း အုပ်စုဥက္ကဌ၏ မိသား စုဝင်တဦးကပြောသည်။

အလားတူ ရွေးကောက်ပွဲနေ့၌ သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ်အတွင်းရှိ လုံမုံကျေးရွာ ဟွေကျိန်ကျေးရွာ၊ ၀ိန်းမိုင်ကျေးရွာ၊ ဟိုမန်းကျေးရွာ၊ နောင်ခမ်းကျေးရွာ၊ နားလောဝ်းကျေးရွာအုပ်စုများကို မဲရုံတာဝန်ရှိသူများ အား တာဝန် ယူကျွေးမွေးခိုင်းရာ စုစုပေါင်း ကျပ်ငွေ ၁၀ သိန်းကျော်ကုန်ကျခဲ့ပါသည်။

No comments: