Wednesday, January 12, 2011

SSA – S အမည်ဖြင့် လူတစု နအဖ ထံ အလင်းဝင်

သျှမ်းသံတော်ဆင့်

SSA – S တံဆိပ်တပ် လူတစု နအဖစစ်တပ်ထံ လက်နက်ချအလင်းဝင်ရောက်သည့် လက်နက်နှင့် ငြိမ်းချမ်းရေး အပြီး အပိုင်လှဲလှယ်ပွဲတစ်ခု သျှမ်းပြည်တောင်ပိုင်း လွိုင်လင်ခရိုင် လွိုင်လင်မြို့၌ ယနေ့ကျင်းပခဲ့ကြောင်း စုံစမ်းသိရှိရပါသည်။

သျှမ်းပြည်တပ်မတော် တောင်ပိုင်း SSA-S လို့ပြောတယ်။ သူတို့ အင်္ကျီမှာလဲ SSA တံဆိပ်တပ်ထားတယ်။ စိုင်းယ ဦးဆောင်ပြီး လူအင်အား ၃၈၊ လက်နက်အချို့နဲ့ အလင်းဝင်တာဖြစ်တယ်” - ဟု အခမ်းအနားတက်ရောက်ခဲ့သူ လွိုင်လင်ဒေသခံတစ်ဦးက ပြောပါသည်။

လက်နက်နှင့်ငြိမ်းချမ်းရေး အပြီးအပိုင်လှဲလှယ်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီ မှ ၁၁း ၃၀ နာရီအထိ လွိုင် လင်ဘောလုံးကွင်း၌ ကျင်းပခဲ့၏။ အရှေ့ပိုင်းတိုင်းစစ်ဌါနချုပ်တိုင်းမှူး ဗိုလ်မှူးချုပ်ဆန်းဦး ကိုယ်တိုင်တက်ရောက် ကြောင်း၊ လွိုင်လင်နှင့်ပင်လုံမှ ဒေသခံတစ်အိမ်တစ်ယောက်၊ ၀န်ထမ်းတိုင်း မသွားမနေရ အမိန့်ချသည့်အတွက် အခမ်း အနား၌ လူထု ၃၀၀၀ နီးပါးတက်ရောက်ကြောင်း ပြောပြပါသည်။

“အခမ်းအနားမှာ အလင်းဝင်တဲ့အဖွဲ့က အလင်းဝင်ရတဲ့အကြောင်းရင်းကို အချက် ၁၀ ချက် ၁၂ ချက်လောက် သျှမ်းစကားနဲ့ပြောတယ်။ နအဖက အလင်းဝင်တဲ့အဖွဲ့ကို ဆန်၊ ငွေသားနဲ့ အိပ်ယာတွေပေးတယ်။ သူတို့အဖွဲ့ အခြေချ ရမဲ့နေရာကိုတော့ မပေးသေးဘူး” ဟု လွိုင်လင်မြို့ ၀န်ထမ်းတဦးက ပြောပါသည်။

“၂၀၀၄-၂၀၀၅ ကတည်းက ကျနော်တို့ ထိန်းချုပ်နယ်မြေ(သျှမ်းပြည်အလယ်ပိုင်း)မှာဘဲ ခိုလှုံခွင့်တောင်းတယ်။ သူ့ကို လုပ်ငန်းတာဝန်ခွဲဝေထမ်းဆောင်ဖို့၊ ဌါနချုပ်ကိုလာဖို့၊ အကြိမ်ကြိမ်ဖိတ်ခေါ်တယ်။ လွန်ခဲ့တဲ့တစ်လကျော်အထိဘဲ။ သူကမလာဘူး။ ဒါ့ကြောင့် သူ့မျက်နှာလဲကျနော်မမြင်ဖူးဘူး။ SSA မှာ သူ ဘာတာဝန်မှ သူမထမ်းဆောင်ခဲ့ရပါဘူး” ဟု ဒု-ဗိုလ်ချုပ်ကြီးယွတ်စစ်က ပြောပါသည်။

စိုင်းယ ခေါ် လောဝ်းယ အကြောင်းသိသူ ထိုင်း-သျှမ်းနယ်စပ် အခြေစိုက် သျှမ်းပြည်အရေးလေ့လာသူ ပုဂ္ဂိုလ်တဦးက

“SSA-S နာမည်နဲ့ အလင်းဝင်တယ်ဆိုပေမဲ့ သူက ဟိုမရောက် ဒီမရောက်ပါဘဲ။ ဒီတပ်ဖွဲ့မှာနေလိုက်။ တော်ကြာ နောက်တခြားတပ်ဖွဲ့ထဲ ပြောင်းသွားလိုက်နဲ့။ အလင်းဝင်တာလဲ မဟာကြာကနေတဆင့် နအဖကို ဆက်သွယ်တာ ဖြစ်တယ်။ သူနဲ့ မဟာကြာ အကြံဖန်ထုတာပေါ့။ နအဖလိုချင်တဲ့ လူအင်အားပြည့်အောင် အလုပ်မရှိတဲ့သူ၊ ဘိန်းစား တွေကိုစုဆောင်း၊ လက်နက်တွေအကြံဖန်ရှာပြီး အလင်းဝင်တာဖြစ်တယ်”

စိုင်းယ ခေါ် မောင်လှသည် သျှမ်းလူမျိုးဖြစ်ပြီး ဗမာပြည်ကွန်မြူနစ်ပါတီ(ဗကပ)လက်အောက်ခံ ၀ တပ်ဖွဲ့၌ တာဝန် ထမ်းဆောင်ခဲ့ဖူးသည်။ ဗမာပြည်ကွန်မြူနစ်ပါတီပြိုကွဲသွားပြီးနောက် ပူဟိန်ကန္န(မိုင်းယွမ်း/မိုင်းကိုင်မြို့နယ်) ဦးဆောင် သည့် တပ်မဟာ ၂၇၅ သို့ ၀င်ရောက်ခဲ့သည်။ ထို့နောက် စိုင်းယသည် နအဖစစ်အုပ်စုအရာရှိများနှင့်ပူးပေါင်း၍ မူးယစ် ဆေးဝါးထုတ်လုပ်ခဲ့၏။ နအဖစစ်တပ်နှင့်လောပန်းအကြား ဆက်ဆံရေးပျက်ပြားသောအခါ ၎င်း၏မူးယစ်ဆေးဝါးများ ကို နအဖမှ ၀င်ရောက်သိမ်းဆည်းရာ ဗိုလ်မှူး ၂ ယောက်အားသတ်ဖြတ်ပြီး တောခိုခဲ့၏။ လွန်ခဲ့သော တလကျော်က တပ်ပြေးဘ၀ဖြင့် လဲချားမြို့နယ် ၀မ့်ပန်၌ ဗိုလ်မှူးစိုင်းထွယ့် (ဗိုလ်မှူးကြီး မိုင်းဇင့် လက်အောက်ခံ)တပ်ဖွဲ့နှင့် ပူးတွဲ နေထိုင်ခဲ့၏။

No comments: