Monday, January 17, 2011

စစ်အစိုးရတပ်မှ ကျေးရွာ ၅ ရွာအား ၀ါးအချောင်း ၅၀၀ တောင်းခံ

အောလို

ကရင်နီပြည် ဖရူဆိုမြို့နယ်တွင် အခြေစိုက်ထားသော မြန်မာစစ်အစိုးရတပ်သည် ၎င်းတို့ တပ်စခန်း ခြံစည်းရိုး ခတ်ရန်အတွက် ဒေသခံကျေးရွာ ၅ ရွာအား ပြီးခဲ့သည့် ၁၀ ရက်နေ့က ၀ါးအချောင်းရေ ၅၀၀ တောင်းခံထားကြောင်း သိရသည်။

စစ်အစိုးရတပ် ခြေမြန်တပ်ရင်း (ခမရ) ၅၃၁ ၏ တပ်ရင်းမှူးသည် အထက်ပါ နေ့ရက်တွင် ဖရူဆိုမြို့နယ်ရှိ ထန်းလဲ၊ နန်းဖရယ်တောင်၊ ဒေါပူရှေး၊ ဘူးခူနှင့် လောပလျားလဲကျေးရွာတို့ကို အစည်းအဝေး ခေါ်ယူပြီး တရွာလျှင် ၁၂ ပေရှိ ၀ါးအချောင်းရေ ၁၀၀ စီ ခုတ်ယူခိုင်းခြင်း ဖြစ်သည်ဟု ကရင်နီဗဟိုသတင်းအဖွဲ့မှ ခူဒယ်နီယာက ပြောသည်။

စစ်အစိုးရတပ်သည် ရွာသားများအား ၀ါးများ သွားရောက်ခုတ်ယူခိုင်းပြီး ယနေ့ ၁၄ ရက်နေ့တွင် တပ်စခန်းသို့ အရောက်လာပို့စေခိုင်းသည့်အပြင် လာမည့် ၁၇ ရက်နေ့တွင်လည်း တပ်စခန်းသို့ ၀ါးခြမ်းများ လာခွဲရန်နှင့် ခြံစည်းရိုး လာခတ်ရန် ညွန်ကြားထားကြောင်း သူက ဆိုသည်။

“နအဖ တပ်တွေက သူတို့ တပ်စခန်း ခြံစည်းရိုးကို တနှစ်တခါ နှစ်နှစ်တခါ ပုံမှန်မွန်းမံလေ့ရှိတယ်။ ဒါမဲ့ အခုက သူတို့ ရွာသားတွေကို ၀ါးတောင်းတာ တအားများနေတယ်။ တပ်ခြံစည်းရိုးကို ကောင်းအောင် ဘယ်လိုပဲလုပ်လုပ် ၀ါးအဲလောက် မကုန်နိုင်ဘူး။ ကျနော် ထင်တယ် ဒီဝါးတွေကို သူတို့ ဖရူဆိုမြို့တပ်မှာ ယူပြန်မယ် ဒါမှမဟုတ်ရင် ရောင်းစားနိုင်တယ်” ဟု ခူဒယ်နီယာက ဆက်ပြောပါသည်။

ပြီးခဲ့သည့်လ ၁ ရက်နေ့တွင်လည်း ဒီးမော့ဆိုမြို့တွင် အခြေစိုက်ထားသော စစ်အစိုးရတပ် ခြေလျင်တပ်ရင်း (ခလရ) ၁၀၂ သည် ဒီးမော့ဆိုမြို့နယ်ရှိ ဒေါတမနှင့် ထီးဖိုးကလိုးကျေးရွာအုပ်စိုတို့ကို ၀ါးနှင့် တိုင်များကို ခုတ်ယူခိုင်းပြီး တပ်စခန်းသို့ အရောက်လာရောက်ပို့စေခိုင်းသည်။

No comments: