Saturday, January 8, 2011

ရခိုင် လွှတ်တော်ကိုယ်စားလှယ်များကို ကြံ့ဖွံ့ပါတီ တရားစွဲ

စိုင်းဇွမ်ဆိုင်း Saturday, 08 January 2011

၂၀၁၀ ရွေးကောက်ပွဲတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ် အများအပြား၌ အနိုင်ရထားသည့် ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီ (RNDP) မှ ကိုယ်စားလှယ် ၅ ဦးကို ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) မှ ပြိုင်ဘက် ကိုယ်စားလှယ်များက ယမန်နေ့က တရားစွဲဆိုထားကြောင်း သိရသည်။

မကြာသေးမီကလည်း RNDP ၏ ရသေ့တောင် မဲဆန္ဒနယ် အနိုင်ရ ကိုယ်စားလှယ် ဦးလှမောင်သိန်းကိုလည်း ကြံ့ဖွံ့ပါတီ ကိုယ်စားလှယ်က တရားစွဲဆိုထားသဖြင့် RNDP တွင် တရားစွဲခံရသူ ကိုယ်စားလှယ်ပေါင်း ၆ ဦး ရှိပြီး နိုင်ငံရေးပါတီများအနက် ကြံ့ဖွံ့ပါတီ၏ အများဆုံး တရားစွဲဆိုခံရသည့် ပါတီဖြစ်သည်။

ပါတီ ဥက္ကဋ္ဌ ဒေါက်တာ အေးမောင်က ယခုတကြိမ် တရားစွဲခံရသည့် အကြောင်းအရင်းကို မသိရသေးကြောင်း ရွေးးကောက်ပွဲ ကော်မရှင်ကလည်း ဥပဒေနှင့် ငြိစွန်းသည်ဟုသာ ဆိုကြောင်း ဧရာဝတီသို့ ပြောသည်။

“အခု နောက်ဆုံးတခေါက် တရားစွဲခံရတဲ့ ၅ ယောက်ရဲ့ အသေးစိတ် အချက်အလက်တွေကိုတော့ မသိရသေးပါဘူး။ အရင်တခေါက်က တရားစွဲခံရတဲ့ ဦးလှမောင်သိန်းရဲ့ ကိစ္စကိုတော့ ကျနော်တို့ သေသေချာချာ လေ့လာ သုံးသပ်ပြီးပါပြီ။ သူ့ကို စွပ်စွဲထားတဲ့ စွပ်စွဲချက်တွေကတော့ ဘယ်လိုမှ အခြေအမြစ်မရှိတဲ့ စွပ်စွဲချက်တွေပါ” ဟု ဒေါက်တာ အေးမောင်က ပြောသည်။

တရားစွဲခံရသည့် RNDP ကိုယ်စားလှယ်များမှာ ကျောက်ဖြူမြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးကျော်လွင်၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ်ဦးအုန်းတင်၊ ပေါက်တောမြို့နယ်မှ ပြည်နယ်လွှတ်တော် ကိုယ်စားလှယ် ဦးမောင်ကျော်သိန်း၊ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးအောင်ကျော်ဇံ၊ အမျိုးသားလွှတ်တော် ကိုယ်စားလှယ် ဦးကျော်ထွန်းအောင် တို့ဖြစ်ကြပြီး ရွေးကောက်ပွဲ ဥပဒေနှင့် ငြိစွန်းသည်ဟုဆိုကာ တရားစွဲဆိုထားခြင်း ဖြစ်သည်။

RNDP သည် ပြီးခဲ့သည့် ရွေးကောက်ပွဲတွင် လွှတ်တော်သုံးရပ်စလုံးအတွက် ကိုယ်စားလှယ်လောင်း ၄၄ ဦး ဝင်ရောက် ယှဉ်ပြိုင်ခဲ့ပြီး ၃၅ ဦး အနိုင်ရထားသည့် ပါတီဖြစ်သည်။

ဒေါက်တာ အေးမောင်က “ပြီးခဲ့တဲ့ ရွေးကောက်ပွဲမှာ ကျနော်တို့တွေ တရားမျှတစွာ ယှဉ်ပြိုင်ခဲ့ကြတာပဲ။ ယှဉ်ပြိုင်တဲ့ နေရာမှာတော့ ရှုံးတာလည်း ရှိနိုင်တယ်၊ နိုင်တာလည်း ရှိနိုင်တယ်။ အဲဒီမှာ ရှုံးတဲ့သူက နိုင်တဲ့သူကို အပြစ်ရှာပြီး မဟုတ်တာ စွပ်စွဲတယ် ဆိုတာမျိုးတော့ မကောင်းပါဘူး။ ဒါပေမယ့် တရား ထပ်စွဲချင်သေးတယ် ဆိုရင်တော့ ကျနော်တို့ဆီမှာ အနိုင်ရတဲ့ ကိုယ်စားလှယ်ပေါင်း ၂၉ ဦး ကျန်ပါသေးတယ်” ဟု ဧရာဝတီသို့ ပြောသည်။

ရွေးကောက်ပွဲဝင် ကိုယ်စားလှယ်အား ရွေးကောက်ပွဲ ဥပဒေအရ တရားစွဲဆိုမည်ဆိုပါက တရားစွဲသူနှင့် တရားစွဲခံရသူ နှစ်ဦးစလုံးက ရုံးတော်သို့ ကျပ် ၁၀ သိန်းစီ ပေးဆောင်ရမည်ဖြစ်ကြောင်း ရွေးကောက်ပွဲ ဥပဒေတွင် ဖော်ပြထားသည်။

စစ်အစိုးရ၏ ကျောထောက်နောက်ခံ ပါတီတခုဖြစ်သော ကြံ့ဖွံ့ပါတီသည် RNDP အပါအဝင် ရှမ်းတိုင်းရင်းသားများ ဒီမိုကရက်တစ်ပါတီနှင့် ဒီမိုကရက်တစ်ပါတီတို့မှ ကိုယ်စားလှယ်များကိုလည်း ပြီးခဲ့သည့် ဒီဇင်ဘာလက တရားစွဲဆိုထားသေးသည်။

ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲ၌ လွှတ်တော် သုံးရပ်စလုံး၏ မဲဆန္ဒနယ်စုစုပေါင်း ၁၁၅၄ နေရာအနက် ၈၈၂ နေရာအနိုင်ရခဲ့ကြောင်း စစ်အစိုးရ မီဒီယာများက တရားဝင်ကြေညာထားသည်။

No comments: