Saturday, January 8, 2011

နာမည်ကြီး မင်္ဂလာပွဲ ပရိတ်သတ် စိတ်ဝင်စားမှုနည်း

ဟိန်းသူ Saturday, 08 January 2011

နာမည်ကြီး သရုပ်ဆောင်များ ဖြစ်သော ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့၏ မင်္ဂလာပွဲ အခမ်းအနားများကို MRTV4 ရုပ်သံမှ ထုတ်လွှင့်ပြသနေ သော်လည်း ပရိသတ် စိတ်ဝင်စားမှု နည်းပါးကြောင်း သိရသည်။

“ဂျာနယ်တွေထဲမှာ ပါနေလို့ ဖတ်ရပေမယ့် တီဗီမှာတော့ မကြည့်ဖြစ်ဘူး။ အလုပ်မအားတာရော၊ သိပ်ပြီး စိတ်မ၀င်စားတာ ရောကြောင့် စောင့်မကြည့် ဖြစ်တာပါ” ဟု ရန်ကုန်မြို့ခံ အမျိုးသမီးတဦးက ပြောသည်။

မင်္ဂလာပွဲ အခမ်းအနား ၆ ကြိမ်ပြုလုပ်သည့် အစီအစဉ် ထုတ်လွှင့်မှုမှာ ထူးခြားမှုရှိသော်လည်း စောင့်ကြည့်ရန်အထိ မဆွဲဆောင် နိုင်ကြောင်း မန္တလေးမှ လူငယ်တဦးက ပြောသည်။

မင်္ဂလာပွဲ ၆ ကြိမ်အနက် ဇန်န၀ါရီလ ၁ ရက်နေ့တွင် တောင်းရမ်းမင်္ဂလာ အခမ်းအနားနှင့် ဇန်န၀ါရီလ ၄ ရက်နေ့တွင် လက်မှတ်ထိုး မင်္ဂလာ အခမ်းအနားတို့ကို ကျင်းပခဲ့ပြီးဖြစ်သည်။

တောင်းရမ်း မင်္ဂလာပွဲအပြီး၌ သတို့သား ပြေတီဦးက မင်္ဂလာပွဲများ အပြီးတွင် ရရှိမည့် အကျိုးအမြတ်များ အားလုံးကို ပြေတီဦး ပညာရေး ဖောင်ဒေးရှင်းအတွက် အသုံးပြုမည် ဖြစ်ကြောင်း ပြောသည်။

ဇန်န၀ါရီလ ၁၅ ရက်နေ့ ဆွမ်းကျွေး မင်္ဂလာကို မဟာစည် သာသနာ့ရိပ်သာ၊ ဇန်န၀ါရီလ ၁၆ ရက်နေ့ မြန်မာ့ ရိုးရာ စုလျားရစ်ပတ် ဘိသိက်မင်္ဂလာပွဲနှင့် ဇန်န၀ါရီလ ၂၀ ရက်နေ့ လက်ထပ် မင်္ဂလာပွဲတို့ကို ဆီဒိုးနားဟိုတယ်၊ ဇန်န၀ါရီလ ၂၁ ရက်နေ့ မင်္ဂလာ ညစာစားပွဲကို အင်းလျားလိတ် ဟိုတယ်တို့တွင် ကျင်းပရန် စီစဉ်ထားသည်။

ဆီဒိုးနားဟိုတယ်၌ ပြုလုပ်မည့် လက်ထပ်မင်္ဂလာပွဲကို MRTV 4 မှ အစအဆုံး တိုက်ရိုက် ထုတ်လွှင့်မည်ဖြစ်ပြီး ကျန် ၅ ပွဲကိုလည်း အပိုင်းလိုက် ပြန်လည် ထုတ်လွှင့်သွားမည်ဖြစ်ကြောင်း၊ တိုက်ရိုက်ထုတ်လွှင့်သည့် အစီအစဉ်ကို MRTV 4 ၀က်ဘ်ဆိုဒ်မှတဆင့် ကြည့်ရှုနိုင်ရန်လည်း စီစဉ်ထားကြောင်း သိရှိရသည်။

ထိုကဲ့သို့ တိုက်ရိုက်ထုတ်လွှင့်ခြင်းကြောင့် ရရှိလာမည့်အကျိုးအမြတ်မှာ မင်္ဂလာဆောင် ကုန်ကျစရိတ်ထက် ပိုမိုများနိုင်သည့်အတွက် ယခုကဲ့သို့ မင်္ဂလာပွဲ ၆ ပွဲ ကျင်းပရန် ဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်ဟု ပြေတီဦးက ရှင်းပြသည်။

မင်္ဂလာပွဲ အခမ်းအနားများကို အခွေအဖြစ် ထပ်မံဖြန့်ချိမည်ဖြစ်ပြီး ရရှိငွေများကို ပြေတီဦး ဖောင်ဒေးရှင်းသို့ လှုဒါန်းမည်ဟု သိရသည်။

လက်ဝတ်ရတနာများအား She Shine, စိန်နန်းတော်၊ SP Gems တို့မှ ကူညီပံ့ပိုးပေးကာ လက်ထပ်လက်စွပ်များအား She Shine မှ မင်္ဂလာလက်ဖွဲ့အဖြစ် လက်ဖွဲ့ပေးထားပြီး လက်စွပ်နှစ်ကွင်း တန်ဖိုးမှာ ကျပ်သိန်း ၇၀ ၀န်းကျင်ရှိကြောင်း She Shine ရတနာဆိုင်မှ တာဝန်ရှိသူတဦးက ပြောသည်။

“လက်ဖွဲ့တဲ့ လက်စွပ်တကွင်းကို ၃၅ သိန်းလောက်ရှိတယ်။ နှစ်ကွင်းဆိုတော့ ၇၀ ပေါ့။ ကျမတို့က ပွဲသုံးပွဲအတွက် လက်ဝတ် ရတနာတွေ ဆင်ပေးခွင့်ရတယ်။ သတို့သမီး၊ သတို့သားနဲ့ မိဘတွေရော၊ အရံတွေရော အလုံးအတွက် လက်ဝတ် ရတနာတွေဆင်ပေးရတယ်”ဟု ၎င်းက ဆိုသည်။

မင်္ဂလာ သတို့သားအရံအဖြစ် အောင်ရဲလင်း၊ ကောင်းခန့်၊ မင်းသွေး၊ နေမင်းတို့က ဆောင်ရွက်မည်ဖြစ်ပြီး သတို့သမီးအရံများအဖြစ် ချစ်သုဝေ၊ နန်းစုရတီစိုး၊ မိုးယုစံ နှင့် ဖွေးဖွေးတို့က ဆောင်ရွက်ကြမည်ဖြစ်ကြောင်း သိရသည်။

ပြေတီဦးနှင့် အိန္ဒြာကျော်ဇင်တို့နှစ်ဦး၏ မင်္ဂလာဆောင်မှာ မြန်မာနိုင်ငံတွင် ပထမဦးဆုံး ရုပ်သံမှ တိုက်ရိုက် ထုတ်လွှင့်သည့် မင်္ဂလာဆောင် အစီအစဉ်ဖြစ်သည်။

Eleven မီဒီယာ သတင်းတပုဒ်တွင်မှု အရေးကြီးသည့် သတင်းများကို ပရိတ်သတ်ရှေ့မှောက် မရောက်နိုင်သေးချိန်တွင် ဤသို့ မင်္ဂလာဆောင် အခမ်းအနားကို တိုက်ရိုက်လွှင့်ခြင်းကို မေးခွန်းထုတ်ထားသည်။

MRTV4 ရုပ်သံလိုင်းမှာ ငွေကြေးတတ်နိုင်သည့် လူတန်းစားအတွက် ပစ်မှတ်ထားသည့် အစီအစဉ်မျိုးကိုသာ တင်ဆက်နေကြသဖြင့် အခြေခံလူတန်းစားများနှင့် လူတန်းစားပေါင်းစုံအတွက် ဖျော်ဖြေပေးနိုင်မည့် အစီအစဉ်မျိုးကို ထုတ်လွှင့်သင့်ကြောင်းလည်း ကြည့်ရှုသူ ပရိသတ်များက ဝေဖန်ကြသည်။

MRTV4 ရုပ်သံလိုင်းကို Forever Group က ၂၀၀၅ ခုနှစ်တွင် အခကြေးငွေမယူသည့် ရုပ်သံလိုင်းအဖြစ် စတင်ထုတ်လွှင့်ခဲ့ပြီး နောက်ပိုင်းတွင် ငွေကြေးဖြင့် ပေးဆောင်ကြည့်ရှုရသည့် 5Movie, 5Series စသည့် လိုင်းများ၌ ရုပ်ရှင်များ၊ ရုပ်ရှင်ဇာတ်လမ်းတွဲများ ပြသခဲ့သည်။

No comments: