Tuesday, January 4, 2011

ယုဇနကုမ္ပဏီ၏ မြေသိမ်းမှုကိစ္စ တရားရုံးမှဆုံးဖြတ်ရန် ရက်ရွှေ့ဆိုင်း

KNG


ဟူးကောင်းချိုင့်ဝှမ်း လယ်သမားများ၏ လယ်ယာမြေများအား ယုဇနကုမ္ပဏီမှ မတရားသိမ်းယူသည့်အမှုပေါ် ပြီးခဲ့သည့် ဒီဇင်ဘာ ၃၁ရက်နေ့တွင် ကချင်ပြည်နယ်တရားရုံးမှ ဆုံးဖြတ်ရမည် ဖြစ်သော်လည်း အမိန့်မချဝံ့သည့်အတွက် ရက်ရွှေ့ဆိုင်းလိုက်သည်။

၂၀၁၀၊ ဒီဇင်ဘာလကုန်တွင် အပြီးသတ်စီရင်ဆုံးဖြတ်ရန် ပြည်နယ်တရားရုံးချုပ်မှ အချိန်သတ်မှတ်ထား သော်လည်း ၂၀၁၁၊ ဇန်နဝါရီလ ၇ ရက်နေ့သို့ ရက်ချိန်းလိုက်ခြင်းဖြစ်သည်။

“တရားသူကြီးက ဆုံးဖြတ်ပေးဖို့သိပ်အဆင်မပြေဘူးထင်တယ်။ အမှုကိုအထက်ကိုတက်ရင် ကောင်းမယ်လို့ ပြောလာတယ်။ တောင်သူတွေနစ်နာမှာ သိလို့ထင်တယ် အထက်ကို တက်ခိုင်းတာ။” ဟု မြေအသိမ်းခံရသော ဒေါ်ဘောက်ဂျာမှ ပြောသည်။

တောင်သူများ၏ ဆုံးရှုံးရသောလယ်ယာမြေများအတွက် နစ်နာကြေးငွေတောင်းဆိုထားသည့် ယင်းအမှုတွင် ယုဇနကုမ္ပဏီမှ သက်သေအထောက်အထား ခိုင်လုံမှုမရှိ ချေပနေကာ၊ တရားသူကြီးမှလည်း ဆုံးဖြတ်ချက် ပေးရန် စိုးရိမ်နေသဖြင့် အမှုကို အထက်တရားရုံးသို့တင်ရန် ညွှန်ကြားနေကြောင်းလည်း သိရသည်။

အကယ်၍ ဇန်နဝါရီလ ၇ ရက်နေ့တွင် ဆုံးဖြတ်မည့်အမှု၌ တောင်သူများ ရှုံးခဲ့လျင် အထက်သို့တက်ရန် အဆင်သင့်ပြင်ထားပြီဖြစ်ကြောင်းလည်း ဒေါ်ဘောက်ဂျာမှ ပြောသည်။

ဆက်ပြီး သူမမှ “အမိန့်ချပြီး ရက်၆၀အတွင်းဖြစ်မယ်။ မကျေနပ်ရင် အထက်ကိုတိုင်၊ ဘာမှမလုပ်နိုင်ရင်လည်း ဒီတိုင်းထားလိုက်ရမှာ။ ခုအခြေအနေကြည့်ရင်တော့ သူတို့ချမဲ့ အမိန့်က အထက်ကိုရောက်မယ့် အခြေအနေ ရောက်နေတယ်။” ဟု ဆက်ပြောသည်။

ပြီးခဲ့သည့် အောက်တိုဘာလတွင်လည်း အမှုအား ယုဇနကုမ္ပဏီ ဥက္ကဌ ဦးဌေးမြင့် နာမည်ဖြင့် တရားရုံးသို့ လျှောက်ထားတိုင်ကြားချက်ပေါ် ဦးဌေးမြင့် နာမည်မသုံးဘဲ ၎င်း၏အစ်ကိုဖြစ်သူ ဦးပုကြည် နာမည်သုံးရန် တရားရုံးက ဘက်လိုက် ဆုံးဖြတ်ချက်ပေးခဲ့သည်။

ဖားကန့်မြို့နယ် အောင်ရာကျေးရွာ၊ ရှထူးဇွပ်ကျေးရွာ၊ ဘန်ကောက်ကျေးရွာ၊ နမ်ဆန်ကျေးရွာ နှင့် ဝါရာဇွပ် ကျေးရွာများမှ ရွာသားများ၏လယ်ယာမြေများအပါအ၀င် မြေဧက ၄ သိန်းကျော်ကို ပီလောပီနံနှင့် ကြံစိုက်ရန် ရန်ကုန်အခြေစိုက် ယုဇနကုမ္ပဏီက ၂၀၀၆ ခုနှစ်မှ ယခုချိန်ထိ မတရားသိမ်းယူထားခြင်းဖြစ်သည်။

No comments: