Sunday, January 9, 2011

မြန်မာနယ်စပ် တရုတ်တပ်စခန်းသတင်း ထွက်လာပြီးနောက် စစ်ဆေးမှုတိုးမြှင့်

KNG

တရုတ်အစိုးရမှ ၎င်း၏မြန်မာနယ်စပ်တွင် တိတ်တဆိတ် တပ်စခန်းတည်ဆောက်နေခြင်း သတင်းထွက်ပေါ်လာပြီးနောက် နယ်စပ်ဝင်ထွက်သူများအား ရပ်တန့်ရှာဖွေစစ်ဆေးခြင်း ပြုနေသည်။

မြန်မာနယ်စပ်အနီး တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့၏ တပ်စခန်းအား နေ့ည မရပ်မနား အမြန်ဆောက်လုပ်နေခြင်းကို လွန်ခဲ့သည့် ဒီဇင်ဘာလ နောက်ဆုံးအပတ်တွင် သတင်းမီဒီယာများတွင် ထုတ်ဖော်ခဲ့သည်။

၎င်းစစ်စခန်းအား တရုတ်နိုင်ငံ ယူနန်ပြည်နယ် မန်ဟိုင်းနယ်စပ်မြို့တွင်တည်ဆောက်နေခြင်းဖြစ်သည်။
မန်ဟိုင်းမြို့မှာ မြန်မာဘက်က ရှမ်းပြည်မြောက်ပိုင်း မုံးဂိုးမြို့ (ယခင် ဗမာပြည်ကွန်မြူနစ်ပါတီ၊ ဗကပ အခြေစိုက်ရာဒေသ)နှင့် မျက်နှာချင်းဆိုင်တည်ရှိပါသည်။

မန်ဟိုင်း-မုံးဂိုး ၀င်ထွက်နေသည့် ဒေသခံနှစ်နိုင်ငံသားများကို တရုတ်နယ်ခြားစောင့်တပ်က ထူးထူးခြားခြား ရပ်တန့်ရှာဖွေစစ်ဆေးနေခြင်းဖြစ်သည်။ အထူးသဖြင့် ဖြတ်သန်းသွားလာသူများ၏ ကင်မရာ၊ လက်ကိုင်ဖုန်းများထဲ သိမ်းဆည်းထားသော အသံ၊ ဓါတ်ပုံနှင့် ဗီဒီယိုမှတ်တမ်းများအား ရှာဖွေစစ်ဆေးနေကြောင်း အစစ်ခံခဲ့ရသူ နယ်စပ်ကုန်သည်တစ်ဦးပြောသည်။

တချိန်ထဲတွင် မန်ဟိုင်းမြို့အတွင်း ဆိုင်ကယ်စီးနင်းသူအားလုံးကို ရပ်တန့်စစ်ဆေးပြီး လိုင်စင်မဲ့ဆိုင်ကယ်များအား သိမ်းဆည်းနေကြောင်းမြို့ခံများပြောသည်။ ယခင်က ယခုကဲ့သို့ လိုင်စင်မဲ့ဆိုင်ကယ်စစ်ဆေး ဖမ်းဆီးခြင်းမရှိဖူးကြောင်း သိရသည်။

နယ်စပ်တရုတ်တပ်စခန်းတည်ဆောက်နေခြင်းကို ထိုင်းအခြေစိုက် ကချင်သတင်းဌာနက ဒီဇင်ဘာ ၂၇ ရက်တွင် ထုတ်ဖော်ခဲ့သည်။ ယင်းနောက် ဤသတင်းကို ကိုးကားပြီး အိန္ဒိယနိုင်ငံ၏ အင်္ဂလိပ်ဘာသာဖြင့်နေ့စဉ်ထုတ်ဝေသည့် အဓိက သတင်းစာ “The Times of India” တွင် ဒီဇင်ဘာ ၂၉ ရက်နေ့က ပြန်လည်ဖော်ပြခဲ့သည်။

ယခုတရုတ်တပ်စခန်းသည် တိဘက်-မြန်မာ-အရူနာချာပရာဒေ့ရှ် တြိဂံဆုံမှတ်၏အနီးတွင်တည်ရှိပြီး အိန္ဒိယ၏ မီဇိုရမ်ပြည်နယ် ဗာဟိုင်းနှင့် တည်နေရာအနီးဆုံးဖြစ်သည်ဟု “The Times of India” တွင်ဖော်ပြထား သည်။

ဤသတင်းသည် “အခြေအမြစ်မရှိ”ကြောင်းနှင့် တရုတ်နှင့် မြန်မာ နှစ်နိုင်ငံသည် ၎င်းတို့နယ်စပ်တွင် ကြီးမားသောစစ်တပ်စခန်း တည်ဆောက်မှုမရှိကြောင်းကို ရှီမင်းတက္ကသိုလ် အရှေ့တောင်အာရှလေ့လာရေးဌာန ညွှန်ကြားရေးမှူး ကျန်ဂူထူ(Zhuang Guotu) က တရုတ်သတင်းစာ “The Global Times” တွင် ဒီဇင်ဘာ ၃၀ ရက်က ငြင်းဆိုလိုက်သည်။

သို့သော် မုံးဂိုး မှ ဗကပ (ဗမာပြည်ကွန်မြူနစ်ပါတီ) စစ်ဗိုလ်ဟောင်း ဘွမ်ထွယ်ပြောဆိုချက်အရ တရုတ်ကွန်မြူနစ်အစိုးရ၏ ဘတ်ဂျတ်ပံ့ပိုးမှုဖြင့် မန်ဟိုင်းတွင် စစ်အခြေစိုက်စခန်း တည်ဆောက်လာခြင်းဖြစ် ကြောင်း သိရသည်။ ယင်းကို ၂၀၀၉ ခုနှစ် သြဂုတ်တွင် မြန်မာအမျိုးသားဒီမိုကရက်တစ်မဟာမိတ်တပ်မတော် (Myanmar National Democratic Alliance Army) ကိုးကန့်လက်နက်ကိုင်တပ်ဖွဲ့အား မြန်မာစစ်တပ်က လျှပ်တပြက် တိုက်ခိုက်သိမ်းပိုက်ပြီးနောက် စတင်စီစဉ်လာ ခဲ့ခြင်းဖြစ်ကြောင်း ဆက်ဆိုသည်။

အကယ်၍ မြန်မာစစ်အစိုးရသည် အနှစ် ၂၀ ကျော် “တရုတ်၏ အကာကွယ်ပေးမှုကို နားမလည်ပဲ အမေရိကန်နှင့်ပူးပေါင်း” ပါက တရုတ်အနေဖြင့် ရှမ်းပြည်ရှိ ပြည်သူ့စစ်များကို လက်နက်များ တပ်ဆင်ပေးခြင်းဖြင့် မြန်မာပြည်၏နိုင်ငံရေးမတည်မငြိမ်ဖြစ်အောင် ဖန်တီးမည်ဖြစ်ကြောင်း နယ်စပ်တရုတ်အာဏာပိုင်များနှင့်နီးစပ်သူများ ဆိုပါသည်။

ယခုချိန် ပိုမိုလုံခြုံရေးတင်းကြပ်မှုအောက် ၄ ထပ်တိုက် တပ်ရင်းထိန်းချုပ်စခန်းနှင့် ၎င်း၏ပတ်လည်ရှိ တပ်စခန်းငယ်များအား အလုပ်သမား ၅၀ ကျော်ဖြင့် နေ့ညမရပ်မနား တည်ဆောက်နေကြောင်း မျက်မြင်သက်သေများပြောပါသည်။

ယင်းနယ်စပ်တပ်စခန်းဆောက်လုပ်ပြီးပြီးချင်း တရုတ်ပြည်သူ့လွတ်မြောက်ရေးတပ်ဖွဲ့ (People’s Liberation Army) တပ်ရင်းတစ်ရင်း အခြေစိုက်လာမည်ဖြစ်သည်ဟု သိရသည်။

No comments: