Sunday, January 9, 2011

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေးပါတီမှ နောက်ထပ် လွှတ်တော်အမတ် ၅ ဦး တရားစွဲခံရ

ရခိုင်တိုင်းရင်းသားများ တိုးတက်ရေး ပါတီမှ အနိုင်ရ လွတ်တော် အမတ် ၅ ဦးကို ကြံ့ခိုင်ရေး ပါတီ ကိုယ်စားလှယ်များမှ ရွေးကောက်ပွဲ ကော်မရှင်တွင် တရားစွဲဆိုလိုက်ကြောင်း သိရသည်။

ပါတီ ဥက္ကဌ ဒေါက်တာ အေးမောင်က တရားစွဲဆိုလိုက်ကြောင်းကို ယခုကဲ့သို့ အတည်ပြု ပြောကြားသည်။

“ အခု တရားစွဲခံရတာက ကျောက်ဖြူ အမျိုးသား လွတ်တော် အမတ် ဦးအုန်းတင်၊ ကျောက်ဖြူ ပြည်နယ်လွှတ်တော် အမတ် ဦးကျော်လွှင်၊ ပေါက်တော အမျိုးသား လွှတ်တော် အမတ် ဦးကျော်ထွန်းအောင်၊ ပေါက်တော ပြည်သူ့ လွတ်တော် အမတ် ဦးအောင်ကျော်ဇံနဲ့ ပြည်နယ် လွတ်တော် အမတ် ဦးမောင်ကျော်သိန်းတို့ ဖြစ်ကြပါတယ်။ အခု ရသေ့တောင် အမတ်နဲ့ ဆိုရင် ကျွန်တော်တို့ ပါတီက တရားစွဲခံရတာ ၆ ဦး ရှိသွားပါပြီ။ နောက်ထပ်လည်း လာနိုင်ပါသေးတယ်။”

ကျောက်ဖြူမှ အနိုင်ရ လွှတ်တော်ကိုယ်စားလှယ်များအား စွဲဆိုသော အကြောင်းအရာများကို မသိရသေးသော်လည်း ပေါက်တော အမတ်များကိုမူ ရွေးကောက်ပွဲနေ့က မဲရုံထဲကို ၀င်ရောက်သည်ဟု ဆိုကာ တရားစွဲဆိုသည်ဟု ပေါက်တော ပြည်နယ် လွှတ်တော် အမတ် ဦးတက်ထွန်းအောင်က ပြောသည်။

“ တရားစွဲတာက ရွေးကောက်ပွဲနေ့တုန်းက မဲရုံတွေထဲကို ၀င်ရောက်တယ်ဆိုပီး အတင်း အမူလုပ်ပီး တရားစွဲဆိုတာ ဖြစ်ပါတယ်။ တရားစွဲတဲ့ သူတွေက ကြံ့ဖွံ့ ပြည်သူ့ လွတ်တော် ကိုယ်စားလှယ် ဦးထွန်းအောင်ခိုင်၊ အမျိုးသားလွတ်တော် ကိုယ်စားလှယ် ဦးဦးစိုးလှ၊ ပြည်နယ် ကိုယ်စားလှယ် ဦးမောင်ထွန်းမြ တို့ဖြစ်ကြ ပါတယ်။ ကျွန်တော် တယောက်တည်းဘဲ လွတ်နေတာပေါ့။ မနက်ဖြန်တော့ စစ်တွေ ပြည်နယ် ရွေးကောက်ပွဲ ကော်မရှင်က ခေါ်ယူထားတဲ့အတွက် အဲဒီရောက်မှဘဲ ဘယ်လို ဖြစ်လာမယ်ဆိုတာ သိရမှာ ဖြစ်ပါတယ်။”

ယခုကဲ့သို့ တရားစွဲဆိုမူမှာ လက်ရှိ ရွေးကောက်ပွဲ ကော်မရှင်မှ ယခု ရွေးကောက်ပွဲမှာ လွတ်လပ်ပြီး တရား မျှတ ပါသည်ဆိုသော ကျေညာချက်ကို ချိုးဖေါက်ရာ ရောက်နေကြောင်း ဒေါက်တာ အေးမောင်က ပြောသည်။

“ အခု ပြုလုပ်တဲ့ ရွေးကောက်ပွဲ အပေါ် အများက လွတ်လပ် မျှတတဲ့ Free and fair Election မဟုတ်ဘူးလို့ ရွေးကောက်ပွဲ မစခင်ကတည်းက ပြောထားတွေ ရှိတယ်။ ကျွန်တော်တို့က လိုအပ်ချက် အရ ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ ပြုလုပ်တဲ့ ရွေးကောက်ပွဲ ဖြစ်ပေမယ့် ပါဝင် ယှဉ်ပြိုင်ခဲ့ပါတယ်။ အဓိက ပြည်သူတွေ အပေါ်မှာ ယုံကြည်တဲ့ အတွက် ဖြစ်ပါတယ်။ အခုလက်ရှိ ကြံ့ခိုင်ရေး ပါတီ ဥက္ကဌ ယခင် ဗိုလ်ချုပ်ကြီးဟောင်း ဦးသိန်းစိန် ဦးဆောင်တဲ့ အစိုးရ အုပ်ချုပ်ရေး အောက်မှာ ပြုလုပ်တာ ဖြစ်ပြီး မဲရုံမှူးတွေရော၊ မြို့နယ် မယက ဥက္ကဌတွေရော သူတို့ လူတွေ ဖြစ်ကြပါတယ်။ ငြိမ်းချမ်းတဲ့ နည်းနဲ့ အပြောင်းအလဲကို လိုလားတဲ့ အတွက် ပါဝင်ယှဉ်ပြိုင်ရာမှာ အခုတခါ Free and Fair မဖြစ်ဘူးဆိုပီး လုပ်လာပါတယ်။ ကျွန်တော်တို့က အဆင်သင့်ပါ။ Free and Fair မဖြစ်ဘူးဆိုရင် ရွေးကောက်ပွဲကို နိုင်ငံတကာ အဆင့်မှီ ပြန်လုပ်ပါ။ ကျွန်တော်တို့ ပြန် ၀င်ယှဉ်ပြိုင်ဖို့ အဆင်သင့် ရှိပါတယ်။”

၎င်းပြင် ဒေါက်တာ အေးမောင်က ရွေးကောက်ပွဲ သဘောသဘာဝ အရ တရားစွဲဆိုနိုင်သော်လည်း တရားစွဲဆိုမူမှာ အခြေအမြစ် ရှိရန် လိုပြီး ပြည်သူကို မစော်ကားမိရန် လိုကြောင်း ပြောသည်။

ရွေးကောက်ပွဲကော်မရှင် ဥပဒေတွင် ရွေးကောက်ပွဲ၌ မဲမသမာမူများ ရှိသည်ဟု ယူဆပါက ရက်ပေါင်း ၆၀ အတွင်း ကျပ်ငွေ ၁၀ သိန်းတင်ပြီး တရားစွဲဆို နိုင်ကြောင်း၊ သို့သော်လည်း ရွေးကောက်ပွဲ ကော်မရှင်ကို တရားစွဲဆိုခွင့် မပြုကြောင်း ဥပဒေတွင် ပြဌာန်း ထားသည်။

ရသေ့တောင် ပြည်နယ် လွှတ်တော် (၁) အမတ် ဦးလှမောင်သိန်းကို တရားစွဲဆိုရာတွင် အချက် ၁၅ ချက် ပါရှိပြီး အချက် ၂ချက်သာ ဦးလှမောင်သိန်းနှင့် သက်ဆိုင်ပြီး ကျန် ၁၃ ချက်မှာ မြို့နယ် ရွေးကောက်ပွဲ ကော်မရှင်နှင့် သက်ဆိုင်ကြောင်း သိရသည်။

No comments: