Tuesday, January 18, 2011

နအဖ စစ်တပ်မှ မြန်မာနိုင်ငံတွင်းမှ သစ်များကို တရားမ၀င် ဘင်္ဂလားဒေ့ရှ်နိုင်ငံသား သစ်ခုတ်သမားများကို ရောင်းစား

တာကလူး

ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ် မြောက်ပိုင်း ဘင်္ဂလားဒေ့ရှ်နယ်စပ်ရှိ မေယုတောင်တန်း တောနက်ထဲမှ သစ်ဝါးများကို ရှေ့တန်းရောက် စစ်တပ်များက ဘင်္ဂလားဒေ့ရှ် နိုင်ငံသား သစ်ခုတ်သမားများကို ရောင်းစားနေကြောင်း သတင်းရရှိသည်။

“ကျွန်တော်တို့ ကျေးရွာတွေအနီး တောနက်တွေမှာ ဘင်္ဂလာသစ်ခုတ်သမားတွေ အဖွဲ့တွေဖွဲ့ပြီး သစ်၊ ၀ါး နဲ့ ထင်းတွေလာခုတ်နေကြတာ တစ်နေ့မှာ အနည်းဆုံး အဖွဲ့ ၃၀ လောက်ကို ရှိပါတယ်။ သူတို့က ကိုယ်လိုတာ ကိုယ်ခုတ်ယူကြပြီးတော့ ရလာတဲ့ သစ်ဝါးထင်း ပမာဏပေါ် မူတည်ပြီး စစ်တပ်ကို ငွေရှင်းပေးကြရတယ်လို့ ပြောကြပါတယ်” ဟု ဘူးသီးတောင်မြို့နယ် မြောက်ပိုင်းရှိ ၀ါးနက်ရုံ စစ်တပ်ရှေ့တန်းရိက္ခာစခန်း အနီးဝန်းကျင်ရှိ ကျေးရွာသားတစ်ဦးက နိရဉ္စရာကို ပြောသည်။

ရှေ့တန်းစစ်တပ်များက ဘင်္ဂလာသစ်ခုတ်သမားများကို သစ်ဝါးပေါများသည့် ဘူးသီးတောင် စိုင်းတင် ချောင်းဖျားထိ ၀င်ရောက်ခုတ်ယူခွင့် ပေးထားပြီး၊ ၀ါးတစ်ရာကို ၅၀၀၀ ကျပ်၊ ထင်းအစည်းတစ်ရာကို ကျပ် ၁၀၀၀၀ မှ ၅၀၀၀၀ နှင့် အဖိုးတန်သစ်များကို ကျပ် ၅ သိန်းမှ ၁၀ သိန်း အထိ ထုတ်ကုန်ပမာဏ ပေါ်မူတည်ပြီး ရောင်းစားနေကြကြောင်း သိရှိရသည်။

စစ်တပ်သတင်းရပ်ကွက်များ၏ အဆိုအရ ဘူးသီးတောင်မြောက်ပိုင်း ဘင်္ဂလာနယ်စပ် ရှေ့တန်းတွင် အမြဲတမ်း လှုပ်ရှားနေသည့် စစ်တပ်များမှာ ဘူးသီးတောင်ဗျူဟာလက်အောက်ခံ ခလရ ၂၃၃၊ ၂၃၄ နှင့် ၂၆၃ တို့ ဖြစ်ကြပြီး၊ အနောက်ပိုင်းတိုင်းစစ်ဌာနချုပ်လက်အောက်ရှိ တပ်ရင်းအချို့လည်း လေးလတကြိမ် အလှည့်ကျ လှုပ်ရှားလျက်ရှိကြသည်။

မေယုတောနက်ထဲသို့ ၀င်ရောက်သစ်ခုတ်နေကြသည့် ဘင်္ဂလီ သစ်ခုတ်သမားများမှာ ဘင်္ဂလားဒေ့ရှ် အရှေ့တောင်ပိုင်း မြန်မာနယ်စပ်ရှိ ဘင်ဒိုရ်ဘင်ခရိုင် နတ်ကျောက်စရီနှင့် အလယ်ခေါင်တောင် မြို့နယ်များမှ ဖြစ်ကြသည်။

အဆိုပါဘင်္ဂလီသစ်ခုတ်သမားများမှာ သူတို့၏နယ်မြေအတွင်း သစ်တောဝါးတောများ လုံးဝ ပြုန်းတီးသွားခဲ့ပြီဖြစ်သဖြင့် မြန်မာရှေ့တန်းစစ်တပ်များကို ငွေကြေးပေးပြီး မေယုတောနက်ထဲတွင် ၀င်ရောက်ခုတ်ယူနေကြသည်သာမက ခိုးဝင်ခုတ်ယူမှုများလည်း နေ့စဉ် ရှိနေကြောင်း အဆိုပါ ကျေးရွာသားက ယခုကဲ့သို့ ဆက်ပြောသည်။

“တကယ်တော့ စစ်တပ်က ပိုက်ဆံရလိုက်တာက နည်းနည်းလေးပါ။ ဘင်္ဂလီသစ်ခုတ်သမားတွေက ၀ယ်တယ်လို့ အကြောင်းပြပြီးတော့ ခိုးထုတ်သွားတာတွေ၊ ပိုက်ဆံလုံးဝမပေးပဲ နေ့စဉ်ရက်ဆက်ဆိုသလို ခိုးခုတ်နေတဲ့ သူတွေလဲ အများကြီးပါပဲ” ဟုပြောသည်။

ရခိုင်ပြည်နယ်ရှိ ထိုဒေသတွင် တောတောင်များကို အမှီသဟဲပြု ဘ၀ရှင်သန် ရပ်တည်နေကြရသည့် မြို၊ ခမိနှင့် ဒိုင်းနက် စသည့် တောင်ပေါ်တိုင်းရင်းသားများ နေထိုင်လျက်ရှိကြပြီး၊ မြန်မာ စစ်တပ်နှင့် ဘင်္ဂလီသစ်ခုတ်သမားများကြောင့် သူတို့၏ သက်မွေးဝမ်းကျောင်းမှုမှာ အကြီးအကျယ် ထိခိုက် နစ်နာနေကြရကြောင်းလည်း သိရှိရသည်။

No comments: