Tuesday, January 18, 2011

ရန်ကုန် ၃၃ လမ်း တိုက်ခန်းနေသူများ အင်အားသုံး ဖယ်ရှားခံရ

ဟိန်းဇော် Tuesday, 18 January 2011

ရန်ကုန်မြို့ ကျောက်တံတားမြို့နယ် ၃၃ လမ်း (အထက်) ရှိ သုံးထပ်တိုက်တွင် နေထိုင်သူများကို အမှတ် (၁) စက်မှု ဝန်ကြီးဌာန သားရေစက်ရုံမှ စက်ရုံမှူး ဦးထင်ကျော်အမိန့်ဖြင့် အင်အားသုံး ဖယ်ရှား ခိုင်းခဲ့ကြောင်း နေထိုင်သူများထံမှ သိရသည်။

၃၃ လမ်း အမှတ် ၁၈၄/ ၁၈၅၊ Umbrella House အမည်ရှိ အဆောက်အအုံ၏ အခန်း ၁၂ ခန်းတွင် နေထိုင်သော မိသားစု ၁၁ စုအား ယနေ့ နံနက် ၁၀ နာရီခန့်က တိုက်ခန်းမှ ပစ္စည်းများကို ဆွဲချကာ ဖယ်ရှားခိုင်းခဲ့ကြောင်း အဆိုပါ တိုက်ခန်းအနီးတွင် နေထိုင်သူတဦးက ပြောသည်။

“ဒုတိယထပ်မှာ တိုက်ခန်း ၀ယ်ပြီး နေတဲ့ လူတွေက တံခါးဖွင့်မပေးတော့ အတင်းပဲ တံခါးတွေ ရိုက်ဖွင့်မယ်ဆိုပြီး အချေအတင် ဖြစ်ကြတယ်။ ရဲတွေလာပြီး ဖယ်ခိုင်းတာပါ” ဟု ၎င်းက ဆိုသည်။

ယင်း တိုက်တွင် နေထိုင်သူများကို ဇန်န၀ါရီလ ၁၃ ရက်နေ့က ပြောင်းရွှေ့ရန် စာပို့ထားပြီး မပြောင်းရွှေ့ပါက ၁၈ ရက်နေ့ နံနက် ၁၀ နာရီတွင် အင်အားသုံးကာ ဖယ်ရှားမည်ဟု စာထဲတွင် ပါရှိကြောင်း၊ အဆိုပါ ပြောင်းရွှေ့စာပေးပို့ပြီး ၅ ရက်အတွင်း ဖယ်ရှားခိုင်းခြင်းသည် နေထိုင်သူများအတွက် မဖြစ်နိုင်သော လုပ်ရပ်တခုဖြစ်ကြောင်း၊ နေထိုင်သူများထဲတွင် ငွေကြေး အခက်အခဲကြောင့် ပြောင်းရွှေ့ရန် မဖြစ်နိုင်သူများ ပါဝင်ကြောင်း အဆိုပါ တိုက်တွင် နှစ်ပေါင်း ၃၀ ကျော်ကြာ နေထိုင်ခဲ့သူ တဦးက ပြောသည်။

“နေဖို့ အိမ်တလုံး ရှာတယ်ဆိုတာ အရမ်းကို ခက်ခဲပါတယ်။ ကျမကတော့ ပစ္စည်းတွေ ပျက်စီးမှာစိုးလို့ ငါတို့ဘာသာ ဖယ်ပေး ပါမယ်လို့ ပြောရတယ်။ ပစ္စည်းတွေကို အတင်းပဲ အောက်ကို ပစ်ချတာလေ” ဟု ၎င်းက ဆိုသည်။

လက်ရှိတွင် ပြန်လည်ညှိနှိုင်းမှုကို မယက က ဆောင်ရွက် ပေးနေသောကြောင့် အဆိုပါ တိုက်တွင် နေထိုင်သူများသည် ပစ္စည်းများကို တိုက်ရှေ့တွင် ပုံထားပြီး တိုက်ခန်းပေါ်တွင် ပြန်လည်နေထိုင်နေကြသည်။

“လာပြီး ဖယ်တဲ့ရဲတွေက အမိန့်စာမှာ ဆွဲချဖို့ ပါပြီးသားဆိုပြီး အတင်းဆွဲချတာ။ နောက်တော့ မယက ပါ ရောက်လာပြီး ညှိနှိုင်းဖို့ လုပ်နေတယ်” ဟု အဆိုပါ တိုက်တွင် နေထိုင်သူ တခြားတဦးက ပြောသည်။

အဆိုပါ လေးခန်းတွဲ သုံးထပ်တိုက်ကို ၁၉၅၅ ခုနှစ်က တည်ဆောက်ခဲ့ခြင်း ဖြစ်ပြီး မြေညီထပ် ၄ ခန်းကို စက်မှု (၁) ဝန်ကြီးဌာနမှ ၀န်ထမ်းများအား လစာဖြင့် ငှားရမ်းထားကာ ကျန်ဒုတိယထပ်နှင့် တတိယထပ် ၈ ခန်းကို ကန်ထရိုက်မှ အရောင်းအ၀ယ် စာချုပ်ချုပ်ဆိုပြီး ရောင်းချခဲ့သည်။

“ဒီကနေ ဖယ်ခိုင်းနေတာ ကျနော်တို့ကို တိုက်ခန်း အစားပြန်ပေးဖို့လည်း အစီအစဉ်မရှိဘူး။ ၇၅ ကျပ် ကတည်းက လစာ ပေးပြီး ငှားနေလာခဲ့တာ။ အခုအချိန်ထိ လစာ ပေးနေတာ။ အခုလို လုပ်တော့ ဒုက္ခများကုန်တယ်” ဟု အဆိုပါတိုက်တွင် နေထိုင်သူ စက်မှု ၁ ၀န်ထမ်း တဦးက ဆိုသည်။

No comments: