Thursday, January 13, 2011

ကြံ့ဖွံ့ ဘာသာရေးအသင်းဖွဲ့၊ ဝေဖန်ပြောဆိုမှုများရှိနေ

ဆက်လင်း

၂၀၁၀ ရွေးကောက်ပွဲတွင် အမတ်နေရာ အများဆုံး အနိုင်ရခဲ့သည့် စစ်အစိုးရ ကျောထောက် နောက်ခံပြု ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က သာသန နုဂ္ဂဟ အသင်းအမည်ဖြင့် ဘာသာရေးအသင်း တည်ထောင်လိုက်ခြင်းသည် ဘာသာရေးကို နိုင်ငံရေးအတွက် အသုံးချရန်ဖြစ်ကြောင်း ဝေဖန်ပြောဆိုမှုများ ရှိနေသည်။

ယင်းအသင်း ထူထောင်ခြင်းသည် ဘာသာရေးကို အသုံးချပြီး လူထုထောက်ခံမှုရရန် ဆောင်ရွက်ခြင်း ဖြစ်သည်ဟု သံဃာတော်များနှင့် နိုင်ငံရေးပါတီ ခေါင်းဆောင်များက ပြောဆိုသည်။

“သူတို့တွေက ဘာသာ သာသနာကို ကာကွယ် စောင့်ရှောက်လိုတဲ့စိတ်နဲ့ လုပ်တာလို့ ဦးပဉ္ဇင်းတို့ မထင်ပါဘူး။ လူထု ထောက်ခံမှုရအောင် ဘာသာရေးမှိုင်း တိုက်တယ်လို့ပဲ ထင်ပါတယ်။ ဦးပဉ္ဇင်းတို့ သံဃာ့လှုပ်ရှားမှု ၂၀၀၇ ရွှေဝါရောင် တော်လှန်ရေး တုန်းက ဘုန်းကြီးတွေကို ရိုက်တယ်။ ဘုန်းကြီးကျောင်း တွေကို ၀င်စီးတယ်။ ဒီလိုလူတွေက သာသနာကို ကာကွယ် စောင့်ရှောက်တယ် ဆိုတာ နှလုံးသားထဲက လာတာတော့ မဖြစ်နိုင်ဘူး။ သူတို့ကို လူကြိုက်အောင် လုပ်တာလို့ပဲ ဦးပဉ္ဇင်း ထင်တယ်”ဟု ရွှေဝါရောင် သံဃာ့လှုပ်ရှားမှုတွင် ပါဝင်ခဲ့သည့် စာချ ဆရာတော် တပါးဖြစ်သူ ဦးအဂ္ဂက မိန့်သည်။

နိုင်ငံရေး ပါတီတခုက ဘာသာရေး အသင်း ဖွဲ့စည်းခြင်းသည် အခြေခံဥပဒေကို ချိုးဖောက်ခြင်း ဖြစ်ကြောင်း ဒီမိုကရက်တစ် ပါတီ (မြန်မာ) ၏ ဥက္ကဌ ဦးသုဝေ ကလည်း ပြောသည်။

“ဒါက အခြေခံဥပဒေကို ချိုးဖောက်တာပါ။ အခြေခံဥပဒေမှာ ဘာသာရေးလုပ်ကိုင်နေသူတွေက နိုင်ငံရေးမှာ ပါဝင်ပတ်သက်လို့မရဘူး။ အဲဒီလိုပဲ နိုင်ငံရေးပါတီတွေကလည်း ဘာသာရေးအသင်းအဖွဲ့ ဖွဲ့လို့မရဘူး။ ဖွဲ့စည်းပုံအခြေခံဥပဒေအရကို လုပ်ခွင့်မရှိဘူး။ ဒါက ဥပဒေကို ချိုးဖောက်တာပဲ”ဟု ဦးသုဝေက ထောက်ပြသည်။

၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ အခန်း(၁၀) နိုင်ငံရေး ပါတီများ အခန်းတွင် နိုင်ငံရေးပါတီ တခုခုသည် ပုဒ်မ ၄၀၇ (ဂ) နိုင်ငံခြား တိုင်းပြည် တခုခုမှ အစိုးရ သို့မဟုတ် ဘာသာရေးအဖွဲ့အစည်း သို့မဟုတ် အခြားအဖွဲ့အစည်း တခုခု သို့မဟုတ် လူပုဂ္ဂိုလ် တဦးဦး ထံမှ ငွေကြေး၊ ပစ္စည်း တခြား အထောက်အပံ့ တခုခုကို တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ ဖြစ်စေ ရယူသုံးစွဲခြင်း၊ (ဃ) ဘာသာရေး ကို နိုင်ငံရေးအတွက် အလွဲသုံးစား ပြုခြင်း စသည်တို့နှင့် ငြိစွန်းလျင် ရပ်တည်ပိုင်ခွင့် မရှိစေရ ဟူ၍ ပါရှိသည်။

ယင်းအသင်းကို စစ်အစိုးရခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ၏ လမ်းညွှန်မှုဖြင့် တည်ထောင်ခြင်း ဖြစ်ပြီး ရွေးကောက်ပွဲအနိုင်ရ ကြံ့ဖွံ့ပါတီလွှတ်တော်ကိုယ်စားလှယ် တဦးဖြစ်သည့် စီးပွားရေးလုပ်ငန်းရှင် ဇေကမ္ဘာ ဦးခင်ရွှေ က ဥက္ကဌ အဖြစ် တာဝန်ယူမည်ဖြစ် ကြောင်း သိရသည်။

“နိုင်ငံတော်အကြီးအကဲရဲ့လမ်းညွှန်ချက်နဲ့ ဖွဲ့တာပါ၊ အဓိက ကတော့ တောတွေမှာနေထိုင်နေတဲ့ လူတွေ အရမ်းဆင်းရဲလွန်းတော့ တခြား ဘာသာတွေက ထောက်ပံ့ကူညီပြီးတော့ သူတို့ဘာသာကိုပြောင်းအောင် စည်းရုံးသွားတာတွေကို မဖြစ်အောင် ကျနော်တို့အသင်းကြီးက သာသနာပြု လုပ်ငန်းတွေ လုပ်သွားမှာပါ”ဟု ဦးခင်ရွှေက ဆိုသည်။

ကြံ့ဖွံ့ပါတီ က ဖွဲ့စည်းမည့် သာသန နုဂ္ဂဟ အသင်းကို ရပ်ကွက် ကျေးရွာအနှံ့ ဖွဲ့စည်းသွားမည်ဖြစ်ပြီး ဘာသာရေးလုပ်ငန်းများ၊ သာသနာပြု လုပ်ငန်းများ၊ တရားပွဲများကို ဦးဆောင်ကျင်းပသွားမည်ဟုလည်း သိရသည်။

ဦးသုဝေက“နောက်ရွေးကောက်ပွဲ အတွက်ဆိုရင်လည်း အများကြီးလိုသေးတယ်။ သူတို့ဖွဲ့ပြီးပြီဆိုရင် တခြားပါတီတွေက ထောက် ပြကြမယ်။ ကန့်ကွက်ကြမှာပဲ။ သဘောတူညီမှု မရှိဘူးဆိုရင်တော့ ပဋိပက္ခတွေဖြစ်လာမှာပဲ”ဟု ပြောသည်။

ကြံ့ဖွံ့ပါတီသည် နောက်လာမည့်ရွေးကောက်ပွဲတွင် လူထုထောက်ခံမှုရစေရန် ဘာသာရေးကိုအသုံးချသည်ဆိုပါက အခြားပါတီများ အနေဖြင့် ၀ိုင်းဝန်းကန့်ကွက်သွားမည်ဖြစ်ကြောင်းလည်း သိရသည်။

ကြံ့ဖွံ့ပါတီသည် ရွေးကောက်ပွဲကြိုကာလတွင်လည်း ဘာသာရေးအသုံးချ မဲဆွဲစည်းရုံးမှု အများအပြားပြုလုပ်ခဲ့သဖြင့် တခြား နိုင်ငံ ရေး ပါတီများက ကန့်ကွက်ခဲ့ကြသည်။

မြန်မာနိုင်ငံတွင် ၁၉၆၀ ခုနှစ် ၀န်ကြီးချုပ်ဦးနု အစိုးရအဖွဲ့က ဗုဒ္ဓဘာသာကို နိုင်ငံတော်ဘာသာ အဖြစ် ပြဌာန်းခဲ့သဖြင့် အခြား ဘာသာ ကိုးကွယ်သည့် တိုင်းရင်းသားလူမျိုးများနှင့် ပဋိပက္ခဖြစ်ပွားခဲ့သည့် သာဓကများရှိခဲ့ပြီး နိုင်ငံရေးနှင့် ဘာသာရေး ရောယှက် ဆက်နွယ်မှုသည် အလွန်အန္တရာယ်ကြီးသော လုပ်ရပ်မျိုးဖြစ်သည်ဟု အငြိမ်းစား အစိုးရ အရာရှိဟောင်းကြီး တဦးက ဆိုသည်။

ကြံ့ဖွံ့ပါတီသည် ၂၀၁၀ ရွေးကောက်ပွဲ၌ လွှတ်တော် သုံးရပ်စလုံး၏ မဲဆန္ဒနယ်စုစုပေါင်း ၁၁၅၄ နေရာအနက် ၈၈၂ နေရာအနိုင် ရခဲ့ကြောင်း စစ်အစိုးရ မီဒီယာများက တရားဝင် ကြေညာထားသည်။

No comments: