Tuesday, January 18, 2011

တိုက်နယ်ဆေးရုံ ပြုပြင်ရန် ပြည်သူများထံ ကျပ်ငွေ သိန်းချီကောက်

မွေခေါဝ်

သျှမ်းပြည်မြောက်ပိုင်း တန့်ယန်းမြို့နယ် ခလရ ၃၃ အခြေစိုက် မိုင်းကောင်ကျေးရွာအုပ်စုဆေးရုံဟောင်း ပြန်လည် ပြုပြင်ရန်အတွက် မိုင်းကောင်ကျေးရွာအုပ်စု ဥက္ကဋ္ဌက အထက်အာဏာပိုင်များ၏ညွှန်ကြားချက်အရဟု ဆိုကာ အခြား ကျေးရွာအုပ်စုများထံ စာရေးပိုက်ဆံ တောင်းကြောင်း စုံစမ်းသိရှိရပါသည်။

မိုင်းကောင်ဆေးရုံက အရမ်းဟောင်းနွမ်းပျက်စီးနေပြီ။ ဒါကြောင့် ပြန်လည်ပြုပြင်ဖို့ လိုအပ်တယ်ဆိုပြီး အခြားကျေးရွာ အုပ်စုတွေဆီ ပိုက်ဆံကောက်တယ်” ဟု တန့်ယန်းရောက် မိုင်းကောင်ဒေသခံတစ်ဦးက ပြောပါသည်။

ဂျန္န၀ါရီ ၁၆ ရက် မိုင်းကောင်ကျေးရွာအုပ်စု ဥက္ကဋ္ဌ အသက် ၅၀ ကျော် လုံးဆန်တား က ဆေးရုံပြုပြင်ထိန်းသိမ်းရန်ဟု ဆိုကာ ကျေးရွာအုပ်စုတစ်စုလျှင် ငွေကျပ် ၁ သိန်းစီထည့်ဝင်ရန် ကျေးရွာအုပ်စု ၈ အုပ်စုအား ဂျန္န၀ါရီ ၁၅ ရက်နေ့စွဲဖြင့် စာရေးသားပေးပို့ခဲ့ခြင်းဖြစ်သည်။

အဆိုပါကျေးရွာအုပ်စု ၈ စုမှာ တန့်ယန်းမြို့နယ် ပါဇန်၊ နားကော်၊ တောင်ဟျိုး၊ ဇေ့ဟိ၊ နမ့်လပ်၊ နားခါ၊ ဝမ့်လွယ်နှင့် နမ့်အွန်ကျေးရွာအုပ်စုတို့ဖြစ်ကြသည်။

“အခုချိန် ပိုက်ဆံရှာရတာ အရမ်းခက်ခဲတော့ ကျေးလက်လူထုတွေလဲ ငြီးထွားကြတာပေါ့။ ကျေးလက်ဒေသ ဖွံ့ဖြိုးတိုး တက်ဖို့ ကူညီလုပ်ဆောင်ပေးမယ်လို့ ပြောထားတဲ့အနိုင်ရပါတီတွေလဲ ဘယ်ရောက်ကုန်ပြီလဲ။ ပြည်သူ့ဆေးရုံဆိုရင် စစ်အစိုးရကဘဲ တာဝန်ယူပြုပြင်ရမှာ။ အခုခေတ်က ဘာမဆိုလူထုဘဲ” ဟု ၎င်းကဆက်လက်ပြောပါသည်။

“မိုင်းကောင်ကျေးရွာအုပ်စု ဥက္ကဋ္ဌ လုံးဆန်တားနဲ့ နအဖအာဏာပိုင်တွေ ပူပေါင်းပြီး လံကြုပ်ရိုက်စားတာဘဲလို့ ခပ်များများက အဲလိုဘဲပြောနေကြတာ” ဟု တာချီလိတ်ရောက် ဒေသခံနောက်တစ်ဦးကလည်းပြော၏။

ပြီးခဲ့သည့် ၂၀၁၀ နှစ်ဆန်းပိုင်းကလည်း မိုင်းကောင်အခြေစိုက် ခလရ ၃၃ က လားဟူပြည်သူ့စစ်တပ်ဖွဲ့ဝင်များ အတွက် စစ်ဝတ်စုံဟုဆိုကာ ကျေးရွာအုပ်စုတစ်စုလျှင် ကျပ်ငွေသိန်းချီကောက်ခံခဲ့ဖူးသည်။

No comments: