Wednesday, January 12, 2011

သျှမ်းပြည်မြောက်ပိုင်း အဖွဲ့အစည်းများ ကားလိုင်စင် အသီးသီးရ

သျှမ်းသံတော်ဆင့်

ပြီးခဲ့တဲ့လနှောင်းပိုင်းက (ယခင် အပစ်ရပ်သျှမ်းတပ်ဖွဲ့) ဆိုင်ကျော့ပြည်သူ့စစ်၊ လွယ်ဖာကာလိပြည်သူ့စစ်နှင့် မိုင်းခေး ပြည်သူ့စစ်တို့အား နအဖက ကားလိုင်စင် အစီးရေ ၃၀ ထက်မနည်း ချပေးသည့်အပြင် ကေဒီအေ အပါအ၀င် ကြံ့ဖွံ့လွတ်တော် အမတ်လောင်းများလည်း ကားလိုင်စင်များ ရရှိကြောင်း စုံစမ်းသိရှိရပါသည်။

“ ဦးလွယ်မောဝ်း တို့ အဖွဲ့ဘဲ မဟုတ်ဘူး။ တခြားပြည်သူ့စစ်တပ်ဖွဲ့လဲရတယ်။ စာရင်း အဓိအကျ မသိရတာ ဗိုလ်မွန်း ဦးဆောင် တဲ့ ၀မ့်ပန်ဌာနေပြည်သူ့စစ် အဖွဲ့ဘဲ” ဟု လားရှိုး ရမခ စစ်တိုင်းရုံးနှင့် နီးစပ်တဲ့ အသိုင်းအ၀ိုင်းက ပြောပါသည်။

မူဆယ်မြို့နယ် မိုင်းပေါ်ပြည်သူ့စစ်ခေါင်းဆောင် ဦးဂမ်မိုင် ၂ စီး၊ ကွတ်ခိုင်မြို့နယ် ဖောင်းဆိုင်ပြည်သူ့စစ် ဦးတီခွန်မြတ် ၂ စီး၊ တာမိုးညဲပြည်သူ့စစ်ခေါင်းဆောင် ၀မ်ကွေ့တာ ခေါ် ဦးမြင့်လွင်က ၂ စီး နှင့် နမ့်ခမ်းမြို့နယ် ပန်းဆေးကျေးရွာအုပ်စု အခြေစိုက် ပန်းဆေးကျော်မြင့် အတွက် ၂ စီး၊ နယ်ခြားစောင့်တပ်အသွင်ပြောင်းသည့် ကေဒီအေ က ၁၅ စီး အသီးသီး ရရှိကြောင်း အဆိုပါ ပုဂ္ဂိုလ်က ပြောပြပါသည်။

“တိုင်းပြည်ကို မိမိကိုယ်ကျိုးစီးပွား နဲ့ လှဲလှယ်တဲ့သူတွေ၊ နအဖ ကလဲ အဲဒီအားနည်းချက်ကို သိတယ်လေ။ ခေတ်အဆက်ဆက် သုံးလာတဲ့နည်းဘဲ။ သူတို့အလိုအတိုင်းမလိုက်တဲ့ ဗိုလ်ချုပ်ပန်ဖှခေါင်းဆောင်တဲ့ ၀မ့်ဟိုင်း (တပ်မဟာ ၁ ) ကိုတော့ ထိုးစစ်ဆင် တိုက်ခိုက်တယ်။ အဲဒါဘဲကြည့်တော့”- ဟု လားရှိုးသား တဦးကပြောပါသည်။

ပြည်သူ့စစ်အဖြစ် အသွင်ပြောင်းသွားသည့် ဦးလွယ်မောဝ်း နှင့် ဦးကိုင်ဖ အဖွဲ့ခေါင်းဆောင် သည့် အဖွဲ့အား ပြီးခဲ့သည့်လ နှောင်း ပိုင်းက မော်ဒယ်သစ် ကားအစီး (ပရာဒို၊ ပါဂျဲရိုး၊ မတ်တူး၊ ဗီဂို၊ တိုက်ကား) ၃၀ အခမဲ့ချပေးခဲ့၏။ လိုင်စင်ကြေး များပေးရမည်ဆို ပါက ကျပ်သန်း ၉၀၀ ထက်မနည်းကုန်ကျဖွယ်ရှိကြောင်း၊ အဆိုပါကားတစ်စီးစီ၏ ကာလတန်ဖိုးမှာ ကျပ်သိန်း ၁၀၀၀ အထက်ရှိနေကြောင်း ဆိုင်ကျော့ပြည်သူ့စစ်ခေါင်းဆောင်နှင့်ရင်းနှီးသူတဦးက ပြောပြသည်။

No comments: