Monday, January 10, 2011

ဈေးသည်များအခက်ခဲကို အာဏာပိုင်များ မဖြေရှင်းပေးသည့်အတွက် အဖွဲ့ချုပ်ထံ အကူညီတောင်းထား

ရိုးမ ၃

စည်ပင်သာယာအဖွဲ့၏ မတရားလုပ်ရပ်ကြောင့် သင်္ဃန်းကျွန်းဈေးမှ ဈေးသည်များ အခက်ခဲကြုံနေရပြီး အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်သို့ တိုင်တန်းအကူညီ တောင်းခဲ့သည်။

ဈေးကောက်ပေးရောင်းနေသည့် ဈေးသည်များကို နေရာဖမ်းခိုင်းပြီး ဈေးရောင်းခွင့်မပေးတော့သဖြင့် သက်ဆိုင်ရာ စစ်အာဏာပိုင်များထံ အကြောင်းကြားခဲ့သော်လည်း တစုံတရာ ဖြေရှင်းပေးခြင်းမရှိသည့်အတွက် ယခုလ (၇) ရက် နေ့က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သို့ သွားရောက်အကူညီ တောင်းခံခဲ့ခြင်းဖြစ်ကြောင်း ဈေးသည်တဦးက ပြောသည်။

“ဈေးကောက် တစ်ရက်ကို (၄၀၀)၊ သန့်ရှင်းရေးခ တစ်ရက်ကို ၂၀၀ ပေးပြီး ရောင်းနေကြတာပါ။ အဲဒါကို သူတို့က အတင်းဖယ်ခိုင်းတယ်၊ ကျောင်းတက်နေရတဲ့ ခလေးတွေလဲရှိတယ်၊ တရက်လုပ်မှ တရက်စားရတာပါ။ ဈေးမရောင်းရင် ခလေးတွေလည်း ကျောင်းတက်နိုင်တော့မှာ မဟုတ်ဘူး” ဟု ပြောသည်။

ယင်းကဲ့သို့ စည်ပင်ဝန်ထမ်းများ၏ လုပ်ရပ်ကို သက်ဆိုင်ရာ အထက်အာဏာပိုင်များထံ တင်ပြခဲ့သော်လည်း တစုံတရာ မဖြေရှင်းပေးကြောင်း ၎င်းက ဆက်ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ ဒုတိယ ဥက္ကဌ အဘဦးတင်ဦးက ဈေးသည်များတင်ပြချက်များနှင့် ပတ်သက်၍ “ခင်ဗျားတို့ သက်ဆိုင်ရာ အာဏာပိုင်ကို အသနားခံစာ မတင်ဘူးလားလို့ မေးတော့ စာနဲ့လဲတင်ပါတယ်၊ လူကိုယ်တိုင်လဲသွား တောင်းပန်ပါတယ်လို့ ပြောတယ်။ ဘဘက ခင်ဗျားတို့ ရွေးကောက်ပွဲမှာ မဲထည့် ကြသလား၊ ဘယ်သူ့ကို မဲထည့်လဲ မေးတော့ ဦးသိန်းညွှန့်ကိုထည့်တယ်လို့ ပြောပါတယ်။ အဲဒါဆိုသူတို့ကို အရင်သွားပြော၊ ပြောလို့မရရင် ကျတော်တို့ ဆီကို ပြန်လာခဲ့ပါ ကျတော်တို့ ညှိနှိုင်းတိုင်ပင်ပြီး ခင်ဗျားတို့အတွက် အတက်နိုင်ဆုံးလုပ်ပေးပါ့မယ်လို့ပြောတယ်” ဟု အဆိုပါ ဈေးသည်က ဆက်ပြောသည်။

လက်ရှိအခြေအနေတွင် ဈေးသည်များအနေဖြင့် ဈေးရောင်းခွင့်မရတော့သည့်အတွက် ၎င်းတို့စားဝတ်နေရေး မပြေလည်မှုနှင့် ကလေးငယ်များ ကျောင်းမတက်နိုင်သည့် အခြေအနေများ ကြုံတွေ့နေရသည်။

No comments: