Monday, January 10, 2011

ကြံ့ဖွံ့ပါတီ ဖားကန့်အမတ် ဦးအုန်းမြင့်အား မဲ မသမာမှုဖြင့် NDFပါတီမှ တရားစွဲ

KNG

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှ အနိုင်ရ ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ ဦးအုန်းမြင့်အား ရွေးကောက်ပွဲ၌ ဆန္ဒမဲမသမာမှုဖြင့်အနိုင်ရသည်ဟု ပြိုင်ဘက်အမျိုးသားဒီမိုကရေစီ အင်အားစုပါတီ(NDF)မှ ဒေါ်ဘောက်ဂျာက နေပြည်တော်ရွေးကောက်ပွဲကော်မရှင်ထံ ဇန်နဝါရီလ ၇ ရက်နေ့တွင် ကန့်ကွက်စာတင်ခဲ့သည်။

ရွေးကောက်ပွဲ နည်းဥပဒေအရ အနိုင်ရသည့် ကိုယ်စားလှယ်အား မဲမသမာမှု သက်သေအထောက်ထားနှင့် ခိုင်လုံသည့် အကြောင်းပြချက်နှင့်အညီ ကျပ်ငွေ သိန်း ၁၀ဖြင့် ကန့်ကွက်ခဲ့ရသည်ဟု ဒေါ်ဘောက်ဂျာ၏ ရှေ့နေဦးမြင့်သွင်မှ ပြောသည်။ အဆိုပါကန့်ကွက်ချက်တွင် ကန့်ကွက်သူသည် မဲအများဆုံးရရှိသူဖြစ်ကြောင်း ပြန်လည်ကြေငြာချက်ထုတ်ပြန်ပေးရန် လျှောက်ထားခဲ့သည်ဟု ဆိုသည်။

အနိုင်ရရှိသည့် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ မဲဆွယ်သည့် မဲပြားကို မဲရုံထဲယူလာခြင်း၊ ၎င်းတို့ပါတီကိုသာမဲ အမှန်ခြစ်စေခြင်း၊ ကုမ္ပဏီမှ ဝန်ထမ်းများအား ခေါ်သွားခြင်း၊ လူတစ်ဦးတစ်ယောက်ထဲမှ မဲပြား ၅၀ထုတ်ယူသွားပြီးနောက် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီအား မဲလာထည့်ခြင်း စသည့်အထောက်အထား အချက်အလက်များဖြင့် ကန့်ကွက်ခဲ့ခြင်းဖြစ်သည်။

“ဦးအုန်းမြင့်နိုင်ထားတဲ့ မဲတွေဟာဆိုရင် တရားမဲ့ပြုကျင့်တဲ့ အပြုအမူ တွေကြောင့်မို့နိုင်တာပါ။ အဲ့ မဲရုံမှာ မတရားပြုကျင့်တဲ့ သက်သေအထောက်အထားကို ကျွန်တော်တို့ တင်ရပါတယ်။” ဟု ရှေ့နေဦးမြင့်သွင်မှ ပြောသည်။

၎င်းသို့အနေနဲ့ ခုလို ကော်မရှင်ထံ တိုင်တန်းထားသည့်အမှုမှာ “အထောက်အထား သက်သေခိုင်လုံတဲ့အတွက် အောင်မြင်မယ်လို့ ကျတော်တို့ယုံကြည်ရတယ်။ မအောင်မြင်လို့လဲ ကျတော်တို့ သွားစွဲလို့မရဘူးခင်ဗျ။” ဟု ရှေ့နေမှ ဆက်ပြောသည်။

ယခုလို တရားစွဲမှုသည် မြန်မာနိုင်ငံတစ်ဝှမ်းနေရာ အသီးသီး၌ ရှိနေသည်။ မန္တလေးတိုင်းဒေသကြီးမှ အနိုင်ရသည့် ဒီမိုကရက်တစ်ပါတီ ကိုယ်စားလှယ် ဒေါ်တင်တင်မာအား ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ဦးမြဝင်းမှ တိုင်တန်းထားသည်။

ရခိုင်ပြည်နယ် ရသေ့တောင်မြို့နယ်၌လည်း ရွေးကောက်ပွဲရှုံးခဲ့သည့် ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ ကိုယ်စားလှယ် ဦးသိန်းမောင်မှ အနိုင်ရ ရခိုင်တိုင်းရင်းသာများ တိုးတက်ရေးပါတီ (RNDP) အား မဲလိမ်လည်ဟု တရားစွဲထားသည်။ ပဲခူးတိုင်းဒေသကြီးတွေမူ တိုင်းရင်းသားစည်းလုံးညီညွတ်ရေးပါတီ (တစည) ပါတီအား ကြံ့ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီမှ အမှုစွဲတင်ထားသည်မှာ အများဆုံးဖြစ်နေကြောင်း သိရသည်။

ကော်မရှင်ရုံးတွင် ထိုကဲ့သို့ တိုင်တန်းထားသည့် ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် အမှုပေါင်း ၃၀ ခန့်ရှိနေပြီ ဖြစ်ကြောင်း သိရသည်။

No comments: