Monday, January 10, 2011

ကရင်နီလူငယ်တစ်ဦး အသတ်ခံရသည့်အမှု ဖော်ထုတ်နိုင်ရန် ဆုငွေ ကြေညာ

အမေရိကန် ပြန်ထောင်စု တက်ခ်စက်ပြည်နယ်၊ ဟျူစ်တန်မြို့တွင် အမည်မသိ သေနတ်သမားနှစ်ဦးကြောင့် သေဆုံးသွားခဲ့သည့် ကရင်နီအမျိုးသား တဦးဖြစ်သည့် လှခေး၏အမှုနှင့် စပ်လျှဉ်းပြီး တရားခံဟု သံသယရှိသူကို စုံစမ်းဖမ်းဆီးနိုင်ရန် သတင်းအချက်အလက်များ မေးနိုင်သူအား အမေရိကန်ဒေါ်လာ ၅ဝဝဝ ဆုချီးမြင့်ပေးမည်ဟု ဟျူစ်တန်မြို့ ရဲဌာနက ကြေညာလိုက်ကြောင်း သိရှိရသည်။

လှခေးခါးရယ် အသတ်ခံရခြင်းနှင့် ပတ်သက်ပြီး သတင်းအချက်အလက်များရှိပါက ရာဇ၀တ်မှုတားဆီးရေးအဖွဲ့ထံ ဖုန်းနံပါတ်(၇၁၃ ၂၂၂ ၈၄၇၇)ဖြင့် ဆက်သွယ်အကြောင်းကြားရန် သင့်အား တိုက်တွန်းအပ်ပါသည်။ သင့်ခေါ်ဆိုမှုအား လျွို့ဝှက်ထားပေးမည်။ ဤအမှုနှင့်ပတ်သက်ပြီး သံသယရှိသူ တရားခံကို ဖမ်းဆည်းတရားစွဲဆိုနိုင်ရန်အတွက် ဖုန်းဆက်ခြင်း၊ www.crime-stoppers.org သို့ စာရေးအကြောင်းကြားခြင်းတို့အား၊ ရာဇ၀တ်မှုတားဆီးရေးအဖွဲ့က ဆုငွေဒေါ်လာ ၅၀၀၀အထိချီးမြင့်မည်” ဟု ၂၀၁၀၊ ဒီဇင်ဘာလ ၃၀ ရက်နေ့တွင် ထုတ်ပြန်လိုက်သော ဟျူစ်တန်မြို့ရဲဌာန၏ ကြေညာချက်တွင် ရေးသားဖေါ်ပြထားသည်။

ထိုလူသတ်သည့် အမှုကိုဖော်ထုတ်နိုင်ရန် အလွန်ပင် ခက်ခဲမည်ဟု တက်ခ်စက်ပြည်နယ်မှာ နေထိုင်သည့် ကရင်နီအမျိုးသား တစ်ဦးဖြစ်သည့် ခူးဦးရယ်က ပြောပါသည်။

“ရာဇဝတ်ကောင်ကို ဖော်ထုတ်နိုင်ဖို့က ခက်ခဲပါလိမ့်မယ်၊ ဘာဖြစ်လို့လည်းဆိုတော့က လှခေးအသတ်ခံလိုက်ရဲ့တဲ့ အချိန်မှာ အဲဒီနေရာမှာ လုံခြုံရေးကင်မရာတွေ တပ်ထားတာတွေမရှိဘူး။ ဘယ်သူဘယ်ဝါရယ်ဆိုတာ မသိရဘူး။ လှခေးကိုယ်တိုင်က ရဲ (နိုင်းဝမ်းဝမ်း) ကိုဆက်တယ်၊ ဒါပေမယ့် သူပေးတဲ့သတင်းအချက်အလက်က မပြည့်စုံဘူး။ ကားနံပါတ်ကဘာလဲ ဆိုတာလည်း မသိရဘူး။ သူပြောတာက ကားက ရွှေဝါရောင်လို့ပဲ ပြောသွားတယ်။ ဒီလို အတိအကျမသိတာကြောင့် ရာဇ၀တ်ကောင်ကို ဖော်ထုတ်နိုင်ဖို့က ခက်ပါတယ်” ဟု ပြောသည်။

မြန်မာနိုင်ငံသားများသည် လုံခြုံမှုမရှိသည့်နေရာတွေမှာ နေထိုင်ကြတာများပြားပြီး၊ ထိုဒေသတွေမှာမှု အိမ်ဌားခ၊ မီးခ၊ စသည့် နေရာထိုင်ခင်းအခကြေးများ ဈေးနှုန်းချိုသည့် အတွက်ကြောင့် အနေများကြခြင်းဖြစ်သည်ဟု သူက ဆက်ပြောသည်။

“ကျနော်တို့လူတွေက အိမ်ဌားခတွေ နည်းနည်းလေးပေးရတဲ့ နေရာတွေမှာ နေချင်ကြတယ်။ အိမ်ကောင်းတာ မကောင်းတာ မသိတော့ဘူး။ လုံခြုံရေးအတွက်ကောင်းတာ မကောင်းတာလည်း မတွေးတော့ဘူး။ လုံခြုံရေးအပြည့်အဝရှိတဲ့ နေရာတွေမှာခါကျတော့ နေထိုင်တဲ့စရိတ်တွေ တော်တော်လေးပေးရမှာဖြစ်တယ်။ အခုလို ဈေးပေါတဲ့နေရာမှာ နေထိုင်ရတဲ့ အကျိုးဆက်က အခုလိုပဲ ဘဝလုံခြုံမှုတွေ မရှိဘူးပေါ့”

အသက်၂၆ နှစ်အရွယ်ရှိ လှခေးအား ပြီးခဲ့သည့် နိုဝင်ဘာလ ၂၃ ရက်နေ့က ဟျူစ်တန်မြို့ ၅၉၀၀ ရိုင်ချယ်စ်တန်လမ်းရှိ စန်းဗလောင်းစမ်းမောင်းတိမ်းအိမ်ရာရှေ့ ကားများဆိုက်ရာနေရာတွင် သူစိမ်းနှစ်ဦးမှ လုယက်ရန်ကြိုးစားခဲ့ပြီးနောက် ပစ်သတ်ခဲ့ခြင်းဖြစ်သည်။

No comments: