Monday, January 10, 2011

ယခုလကုန် လွှတ်တော်ခေါ်မည်

ဧရာဝတီ Monday, 10 January 2011

စစ်အစိုးရ၏ လမ်းပြမြေပုံ ၇ ရပ် နောက်ဆုံး အဆင့်ဖြစ်သော လွှတ်တော် ခေါ်ယူမည့် နေ့ကို ဇန်န၀ါရီလ ၃၁ ရက်နေ့ဟု သတ်မှတ်လိုက်ပြီ ဖြစ်ကြောင်း နိုင်ငံပိုင် ရေဒီယိုက ယနေ့ ကြေညာလိုက်ပြီ ဖြစ်သည်။

နေပြည်တော် ဇမ္ဗူသီရိမြို့နယ်တွင် တည်ဆောက်လျက် ရှိသည့် သမ္မတ အိမ်တော်နှင့် အမျိုးသား လွှတ်တော် အဆောက်အအုံကို မကြာမီ ဖွင့်လှစ်သွားမည်ဟု သိရသည်။

၂၀၁၀ ရွေးကောက်ပွဲမှ ပေါ်ထွက်လာသည့် လွှတ်တော်အသီးသီးအတွက် ရုံးအဖွဲ့များအား စစ်တပ်မှ အရာရှိများကို ခန့်အပ်မည် ဖြစ်သောကြောင့် ရုံးလုပ်ငန်း သင်တန်းကို ယခုလအတွင်း နေပြည်တော်တွင် ဖွင့်လှစ် ပို့ချရန် စီစဉ်နေကြောင်း သတင်းတပ်ဖွဲ့မှ အရာရှိတဦးက ပြောသည်။

“လွှတ်တော်နဲ့ သမ္မတရုံးအတွက် ရုံးလုပ်ငန်းတွေလုပ်ဖို့ တပ်မတော်က အရာရှိတွေကို ဒီလထဲမှာ သင်တန်း ၂ ပတ်ပေးပါမယ်” ဟု ၎င်းက ဆိုသည်။

အဆိုပါသင်တန်းအတွက် သင်တန်းသား အရေအတွက် မည်မျှ လျာထားကြောင်းကိုမူ မသိရသေးကြောင်း၊ အဆိုပါ ရုံးလုပ်ငန်း သင်တန်းကို ဗိုလ်မှူးအဆင့်မှ တပ်ကြပ်ကြီးအဆင့် အပါအ၀င် စစ်တပ်မှ အရာရှိ၊ အရာခံများ တက်ရောက်ကြရမည် ဖြစ်ကြောင်း သူက ဆက်ပြောသည်။

“လွှတ်တော် ရုံးအဖွဲ့မှူးတွေ၊ ရုံးအဖွဲ့ တာဝန်ယူမယ့် သူတွေက ဒီလွှတ်တော်သက်တမ်း ၅ နှစ်ပြီးရင် စစ်ဘက်ပြန်သွားချင်ရင် ပြန်သွားလို့ရတယ်လို့ ပြောတယ်။ အများအားဖြင့် ဗိုလ်သင်တန်း အပတ်စဉ် ၄၅ ကနေ ၅၀ အတွင်း တက်ခဲ့တဲ့သူတွေ ပါမယ်လို့ သိရတယ်” ဟု သတင်းတပ်ဖွဲ့ အရာရှိက ပြောသည်။

လွှတ်တော် ခေါ်ယူသည်နှင့် တပြိုင်နက်တည်း နေပြည်တော်ရှိ နိုင်ငံတော် အဆောက်အအုံ စီမံကိန်းများကိုလည်း ၂၀၁၁ အတွင်း ဆက်တိုက် ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ၀န်ကြီးဌာနမှ တာဝန်ရှိသူတဦးက ပြောသည်။

၂၀၁၁ ခုနှစ်အတွင်း နေပြည်တော် လယ်ဝေးမြို့နယ်နှင့် အေလာမြို့နယ်တို့တွင် ထပ်မံတိုးချဲ့ တည်ဆောက်လျက်ရှိသည့် နိုင်ငံတကာ အဆင့်မီ အပြည်ပြည်ဆိုင်ရာ လေဆိပ်ကြီးအား လည်းကောင်း၊ အမျိုးသားစာကြည့်တိုက်၊ အမျိုးသားမော်ကွန်းတိုက်၊ အမျိုးသား ပြတိုက်တို့အားလည်းကောင်း ဖွင့်လှစ်ရမည်ဟု သိရသည်။

၎င်းအပြင် ၂၀၁၁ ခုနှစ်လယ်ပိုင်းတွင် ၂၀၁၃ ဆီးဂိမ်း အားကစားပွဲတော်အတွက် ဆောက်လုပ်နေသည့် နိုင်ငံတကာ အဆင့်မီ အားကစားကွင်းကြီးများ ဖြစ်သော လူ ၃၀၀၀၀ ဆံ့ အားကစား ရုံကြီး ၂ ရုံ အပြင် တခြား အားကစားရုံများနှင့် ရန်အောင်မြင် အပြည်ပြည်ဆိုင်ရာ ဂေါက်ကွင်းတို့အားလည်း ဖွင့်လှစ်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီး ဌာနမှ တာဝန်ရှိသူက ဆိုသည်။

၂၀၁၃ ခုနှစ် ဆီးဂိမ်း အားကစားပွဲတော်သို့ လာရောက်မည့် နိုင်ငံတကာ အားကစား အဖွဲ့အသီးသီးနှင့် ပြည်ပ ဧည့်သည်များ တည်းခိုနိုင်ရေးအတွက် ရည်ရွယ်၍ နေပြည်တော် ဒက္ခိဏမြို့နယ် ဟိုတယ်ဇုန်၌ နိုင်ငံတကာအဆင့်မီ အထပ်မြင့်ဟိုတယ် ၁၉ လုံး အားလည်း ၂၀၁၁ အတွင်း အပြီး တည်ဆောက်ရမည်ဟု သိရသည်။

အပန်းဖြေစခန်းများအဖြစ် နေပြည်တော်၌ တည်ဆောက်လျက်ရှိသည့် ဆာဖာရီ သဘာဝ တောတွင်းဥယျာဉ်ကြီး၊ ငါးပြတိုက်၊ နေပြည်တော် ပျဉ်းမနားမြို့ ဘောဂသိဒ္ဓိရပ်ကွက်၌ တည်ဆောက်နေသည့် ကျောက်စိမ်းဥယျာဉ် တို့ကိုလည်း ၂၀၁၁ ခုနှစ်အတွင်း ဖွင့်လှစ်ရမည်ဟု ဆောက်လုပ်ရေး ဝန်ကြီးဌာနက ဆိုသည်။

No comments: