Saturday, July 23, 2011

ဗျူးဗျူးလန်နှင့် အိတ်စ်ကလူးစစ် အင်တာဗျူး

ရန်ကုန်သားတာတေ

ဖိုးရှုပ်။ ။ အာဇာနည်နေ့တော့ တနှစ်အတွက် ပြီးသွားပြန်ပြီ။

ကြွက်စုတ်။ ။ အေးကွ ဒီနှစ်တော့ ဘာစိတ်ကူးပေါက်တယ် မသိဘူး … မြန်မာ့အမှောင် မျက်နှာဖုံးမှာ မြို့တော်ဝန်က အာဇာနည် ကျောက်တိုင်ကို အလေးပြုတဲ့ပုံတွေဘာတွေနဲ့။ အထဲမှာလည်း ဒေါ်အောင်ဆန်းစုကြည် ပန်းခွေချတဲ့ပုံနဲ့ … တော်တော် သဘောကောင်းနေတယ်။

ရုက္ခစိုး။ ။ အာဇာနည်ကုန်းကို လူတွေလည်း တော်တော်သွားကြတယ်လေ။ ဒါပေမယ့် အိမ်တွေ၊ ရုံးတွေမှာ အလံတဝက် လွှင့်ဖို့ကျတော့ မပြောဘူး။

ဖိုးရှုပ်။ ။ ဥသြလည်း မဆွဲဘူးတဲ့။

ဖိုးရှုပ်။ ။ ကြည့်ရတာ အခမ်းအနားတော့ မကောင်းတတ်လို့ ကျင်းပပေးတယ်၊ ဒါပေမယ့် ဝမ်းတော့ မနည်းဘူးဆိုတဲ့သဘော ထင်တယ်။

ဖိုးရှုပ်၊ ကြွက်စုတ်နှင့် ဦးရုက္ခစိုးတို့ ချင်းမိုင် စိတ်ရောဂါ အထူးကု ဆေးရုံရှေ့ ကျုံးထောင့်တွင် အေးအေးလူလူ လေညင်းခံရင်း ရောက်တက်ရာရာ ပြောဆိုနေကြခြင်း ဖြစ်သည်။ ထိုစဉ် သူတို့ရှိရာသို့ အူယားဖားယား ပြေးလာသော လူတဦးကို တွေ့လိုက် ရ၏။

“ဟောဟဲ ဟောဟဲ … ကယ်ပါဦးဗျာ … လုပ်ပါဦး။ ကျနော့်ကို ဝိုင်းလိုက်နေကြတယ်”
“ဟင် … ဘာဖြစ်တာလဲ ဘယ်သူတွေလိုက်တာလဲ။ ရန်ဖြစ်လာတာလား”

ထိုသူက အင်္ကျီကော်လာကို ဟန်ပါပါပြင်လိုက်ရင်း “မဟုတ်ရပါဘူးဗျာ … သတင်းထောက်တွေ ဝိုင်းလိုက်လို့ပါ။ အခု ကျနော် တော်တော့ကို နာမည်ကြီးနေပြီ။ ဦးရုက္ခစိုးတို့၊ ကာတွန်းကိုဟန်လေးတို့လောက် နီးနီးကို နာမည်ကြီးနေပြီ” ပြန်ပြောသည်။

ထိုသူကို ဖိုးရှုပ်က သေသေချာချာ ကြည့်လိုက်ပြီးမှ “ဟာ ဟုတ်ပြီ … ခင်ဗျား ကိုဗျူးဗျူးလန် မဟုတ်လား။ ကျောင်းသားနဲ့ နိုင်ငံရေးသမား ၁၀၀ လောက်ကို သတ်ခဲ့တယ်ဆိုပြီး ထအော်တဲ့သူ” ဟု ပြောလိုက်၏။

ဗျူးလန်။ ။ သိပ်သေချာတာပေါ့ဗျာ ...။ ခင်ဗျားကိုတော့ ကျနော်မသိဘူး … ဆောရီးနော်။ အဲဒါကတော့ ဒီလိုပဲဗျ ...။ ကျော်ဟိန်းကို လူတိုင်းက သိပေမယ့် ကျော်ဟိန်းကတော့ လူတိုင်းကို မသိနိုင်ဘူး မဟုတ်လား။

ဖိုးရှုပ်။ ။ (“ပြောမိတာ မှားပြီထင်တယ်” ဟု တွေးရင်း) ရပါတယ်ဗျာ … ကျနော်လည်း သတင်းသမား တယောက်ပါပဲ။ ဒါနဲ့ ခင်ဗျားက သြစတေးလျမှာ မဟုတ်လား၊ ဘယ်လိုလုပ်ပြီး ချင်းမိုင်ရောက်လာတာလဲ။

ဗျူးလန်။ ။ ပြောပါပကောလား … ကျနော့်ကို သြဇီက သတင်းသမားတွေ ဝိုင်းနေလို့ လာရှောင်တာပါဆို။ ကျနော်က အဲဒီလို လူအုံရင် မနေတတ်ဘူးဗျ။ အခုတောင် ချင်းမိုင်က သတင်းထောက်တွေပါ လိုက်လာလို့ မနည်း ပြေးနေရတယ် ...။ ဒါပေမယ့် ခင်ဗျားကိုတော့ ကျနော် အင်တာဗျူးပေးမယ်နော် … မေးပါ ...။

ကြွက်စုတ်။ ။ ဟင် … သတင်းသမားတွေ ဝိုင်းလို့ မနည်းပြေးလာရတဲ့ သူကလည်း အင်တာဗျူးပေးမယ် … ဟုတ်လား။

ဗျူးလန်။ ။ သိပ် ပေးချင်လွန်းလို့တော့ မဟုတ်ပါဘူး။ သူ့ကြည့်ရတာ သတင်းမရှိလို့ အားအားယားယား ဖြစ်နေပုံ ပေါက်လို့ … သနားလို့ပေးမှာ။

ရုက္ခစိုး။ ။ ကြည့်ရတာတော့ မေးမေး၊ မမေးမေး ဖြေမယ့် သဘောရှိတယ်ဖိုးရှုပ်ရေ။ ဝဋ်ကြွေးလို့သာ မှတ်လိုက်တော့။

ကိုဗျူးဗျူးလန်က ဦးရုက္ခစိုးပြောသည်ကို ဂရုမစိုက်ဘဲ “ကျနော်က စစ်တက္ကသိုလ်တက်တုန်းက ရွှေဓားဆု ရခဲ့တဲ့သူဗျ။ ကျနော့်ကိုယ် ကျနော်မို့ ပြောတာ မဟုတ်ဘူး၊ ကျနော် တော်တော် တော်ခဲ့တဲ့သူပါ” ဟု ပြောလိုက်သည်။

ကြွက်စုတ်။ ။ အဲဒီ ရွှေဓားကြီးကော … ဘယ်မှာလဲ။

ဗျူးလန်။ ။ သူငယ်ချင်းတယောက် တောင်ပြုံးပွဲမှာ နတ်ကရင် သုံးချင်တယ်ဆိုလို့ လက်ဆောင်ပေးခဲ့တယ်။

ဖိုးရှုပ်။ ။ မှားပါတယ်။ အေးလေ … ထားပါတော့ … လူ ၁၀၀ လောက်တောင် သတ်ခဲ့တာဆိုတော့ တော်တော် စွန့်စားရမှာပဲနော်။

ဗျူးလန်။ ။ စွန့်စားရတာတော့ ပြောမနေနဲ့ … ။ ကျနော်ကလည်း အဲဒီလို စွန့်စားရတာ အရမ်းဝါသနာ ပါတာလေ။ ကျနော် ငယ်ငယ်ကဆို စုံထောက်စာအုပ်တွေပဲ ဖတ်တာဗျ။ ဦးစံရှားနဲ့ ဦးဒိန်းဒေါင်ဆို ကျနော့် အသည်းစွဲပဲ။ နည်းနည်း ကြီးလာတော့ ဆားပုလင်းနှင်းမောင်တွေ အတွဲလိုက် ဖတ်တယ်။ အဲဒီလိုလူက စစ်ထောက်လှမ်းရေးမှာ ဝင်လုပ်ပြီး ချိုကုပ်ဖင်တွန့်ရဲ့ လက်ရုံး တဆူ ဖြစ်လာတာတော့ မဆန်းဘူးပေါ့ဗျာ ဟဲဟဲ။

ကြွက်စုတ်။ ။ အသတ်အပုတ်နဲ့ … ကိုယ်ခံပညာလည်း တော်တော် ကောင်းမယ့်ပုံပဲ။

ဗျူးလန်။ ။ ကောင်းတာပေါ့ဗျာ … ။ ကောင်းဆို ကျနော်က သိုင်းဝတ္ထုတွေဆို တအုပ်မှ အလွတ်ပေးတာ မဟုတ်ဘူးလေ။

ရုက္ခစိုး။ ။ အင်း … ကြွက်စုတ်ရေ … မင်းမေးခွန်းက မှားနေတာ။ ငါမေးပြမယ်။ ကိုဗျူးဗျူးလန်က လူတွေကို သေနတ်နဲ့ ပစ်သတ်တာဆိုတော့ ဘာ သေနတ်သုံးလဲ။

ဗျူးလန်။ ။ သနပ်ကတော့ အစုံပါပဲ။ အမေကလည်း သနပ်စုံလုပ်တယ်လေ။ သံပုရာသီး သနပ်ကတော့ ဒန်ပေါက်နဲ့ အလိုက်ဆုံးပဲဗျို့။

“သူ့အင်တာဗျူးကလည်း ... ဗိုက်တောင် ဆာလာပြီ” ဟု ဖိုးရှုပ်က စိတ်ထဲမှ ပြောလိုက်သည်။ ကြွက်စုတ်က ဖိုးရှုပ်အနားသို့ ကပ်၍ “ကြည့်လဲ လုပ်ဦးနော် ဖိုးရှုပ် … သူ့ကြည့်ရတာ နည်းနည်း ရွေ့နေလား မသိဘူး”

ဗျူးလန်။ ။ ဟိုလူ … ကျနော့်ကို ရွေ့နေတယ်လို့ ပြောတာလား။ ခင်ဗျားပြောတာ မှန်တယ်ဗျ။ ကျနော်က ရပ်နေရတာ မကြိုက်ဘူးလေ … ရွေ့နေရတာကို သဘောကျတယ်။ အရွေ့ရှိမှ အလုပ်သဘောဆောင်တယ်လေ။ လူတွေက ကျနော့်ကို မေ့နေကြတာဆိုတော့ ...။

ကြွက်စုတ်။ ။ မေ့တာမဟုတ်ဘူး … သိကိုမသိတာ။

ဗျူးလန်။ ။ အင်းလေ အတူတူပါပဲ။ အဲဒီလို မသိတာဆိုတော့ သိသွားအောင် ရွေ့ပြလိုက်ရတာပေါ့။

ဦးရုက္ခစိုးက “မှားပါတယ်” ဟု စိတ်ထဲက ရေရွတ်ရင်း “ကျနော်မေးတာက ပစ်တဲ့သေနတ်လေ” ဟု အမှတ်မရှိ ထပ်မေးပြန်သည်။

ဗျူးလန်။ ။ သြော် အဲဒါလား။ မသိဘူးလေ … ကျနော်က သြဇီမှာ အနေကြာလာတော့ မြန်မာပြည်က ကြက်လျှာစွန်း ဒန်ပေါက်ကို လွမ်းနေတာနဲ့ ရောသွားတာ။

ကြွက်စုတ်။ ။ ထားပါတော့ဗျာ … ဒီလောက် လူသတ်မှု ကျူးလွန်ခဲ့တဲ့သူက ကိုယ့်ကိုယ်ကိုယ် ကျူးလွန်ကြောင်း ထုတ်ပြောတာ တော်တော် ဆန်းတာပဲ။ တခြားကမ္ဘာကျော် လူသတ်သမားကြီးတွေတောင် ဘယ်သူမှ ဒီလိုမျိုး ဝန်ခံတာ မကြားဖူးဘူး။

ဗျူးလန်။ ။ အဲဒီ မေးခွန်းကို ကျနော်စောင့်နေတာပဲ။ ဒီလိုဗျ … ကျနော်က ချိုကုပ်ဒူးကြီးနဲ့ အဖွဲ့ကို နိုင်ငံတကာ စစ်ခုံရုံး အမြန်ဆုံးတင်ချင်တာလေ။ သူတို့ဘာတွေလုပ်ခဲ့တယ် ဆိုတာကို ဖြောင့်ချက်ပေးဖို့အတွက် ကျနော်အရင် အစစ်ခံဖို့ လိုတယ် မဟုတ်လား။ ကျနော့်ကိုယ်ကျနော် အရင်ဆုံး စစ်ခုံရုံးအတင်ခံမယ်။ ပြီးရင် အားလုံး ဖွင့်ပြောလိုက်မယ်။ ဒါဆို ပွဲပြီးပြီ။

ဖိုးရှုပ်။ ။ ချိုကုပ်ဒူးကြီးနဲ့ အဖွဲ့တော့ စစ်ခုံရုံး ရောက်မရောက် မသိဘူး ...၊ လောလောဆယ်တော့ ခင်ဗျား နာမည် တော်တော်ကြီးနေပြီ။

ဗျူးလန်။ ။ အဲဒါကြောင့် ခင်ဗျား ဂုဏ်ယူလိုက်စမ်းပါ။ ဒီလို နာမည်ကြီးတဲ့လူတယောက်နဲ့ အင်တာဗျူးရဖို့ လွယ်တယ် ထင်လား။

ကြွက်စုတ်။ ။ ခင်ဗျားက တကယ်ပဲ ၁၀၀ လောက်ကို သတ်ခဲ့တာလားဗျာ။

ဗျူးလန်။ ။ တကယ်တော့ ကျနော်သတ်ခဲ့တာ ၁၀၀ တောင်မကဘူးဗျ။ ပြောရင် ကြွားရာကျမှာစိုးလို့။

ကြွက်စုတ်။ ။ AAPP က ပြောတော့ ခင်ဗျားက နိုင်ငံရေးအကျဉ်းသားလည်း ဖြစ်ခဲ့ဖူးသေးတာဆို … ဘယ်အချိန်က စစ်ထောက်လှမ်းရေး ဖြစ်သွားတာလဲ။

ဗျူးလန်။ ။ အဲဒီအချိန်ကတည်းက ထောင်ထဲမှာ ထောက်လှမ်းရေး လုပ်နေပြီဗျ။ ဘယ်သူမှတောင် မရိပ်မိလိုက်ဘူး။

ဖိုးရှုပ်။ ။ ဘယ်လို … ဘယ်လို … ထောင်ထဲမှာ ကတည်းက ထောက်လှမ်းရေး လုပ်နေပြီ ဟုတ်လား။

ဗျူးလန်။ ။ ဟုတ်တယ်လေ … အဲဒီတုန်းက ဝဲယားလို့ ကုတ်တာကို ထောင်မှူးကို အဝှာပြပါတယ်ဆိုပြီး ကျနော့်ကို ရိုက်တာနဲ့ ကျနော့် ခြေထောက်တဘက် နာသွားတယ်။ အဲဒီကနေ ထောက်ထောက်ပြီး လှမ်းရတော့တာပဲ။

ကြွက်စုတ်။ ။ ရှုပ်ကုန်ပြီ ဖိုးရှုပ်ရေ … ငါတော့ ရူးချင်လာပြီ။

ဗျူးလန်။ ။ မရှုပ်ပါနဲ့ဗျ … ကျနော်သေချာ ရှင်းပြမှာပေါ့။

ရုက္ခစိုး။ ။ အဲဒါဆို ရှင်းကွာ … ၁၀၀ ကျော်သတ်ခဲ့တယ်ဆိုတာ ဘယ်တုန်းက ဘယ်လို သတ်ခဲ့တာလဲ။

ဗျူးလန်။ ။ ထောင်ထဲမှာတင် သတ်တာလေ။

ကိုဗျူးဗျူးလန် စကားကြောင့် အားလုံး အံ့သြသွားကြသည်။

ဗျူးလန်။ ။ အံ့သြသွားသလား … မအံ့သြပါနဲ့ဗျာ … ကျနော် တကယ်ကို သတ်ခဲ့တာပါ။ အကောင် ၁၀၀ ကျော်တယ်။ အားလုံးကို နံရံမှာကပ်ပြီး အသေသတ်ခဲ့တာ။ သွေးတွေ … သွေးတွေဆိုတာ မြင်မကောင်းဘူး။

ကြွက်စုတ်။ ။ အကောင် ၁၀၀ ကျော် ဟုတ်လား။

ဗျူးလန်။ ။ ဟုတ်တယ်လေ …။ ကြမ်းပိုးအကောင် ၁၀၀ ကျော်ကို နံရံမှာကပ်ပြီး အသေဖိသတ်ခဲ့တာ … ဘာရမလဲ။ ကျနော့်သွေးကို စုတ်တဲ့ကောင်တွေပေါ့။

ရုက္ခစိုး။ ။ မှားပြန်ပြီ … တခါ။

ထိုစဉ် ချင်းမိုင် စိတ်ရောဂါကု ဆေးရုံအတွင်းမှ ဆရာဝန်တဦးနှင့် သူနာပြု ၃ ဦး အပြေးထွက်လာကြသည်။

ဗျူးလန်။ ။ ဟာ … သတင်းထောက်တွေ လာကြပြန်ပြီ။ သူတို့မသိအောင် တိတ်တိတ်လေး ထွက်လာခါမှဗျာ။ အဲဒါပဲ ကျနော် နာမည် ဘယ်လောက် ကြီးနေလဲဆိုတာသာ ကြည့်တော့ ...။

ဖိုးရှုပ်။ ။ သတင်းထောက်တွေ မဟုတ်ပါဘူး … ဆရာဝန်နဲ့ သူနာပြုတွေပါ။

ဆရာဝန်နှင့် သူနာပြုများ သူတို့အနားသို့ရောက်လာပြီး ထိုင်းဘာသာစကားနှင့် ပြောသည်ကို တိုက်ရိုက် ပြန်ဆိုပြပါမည်။

ဆရာဝန်။ ။ ဖမ်းထားပါ … ဖမ်းထားပါ။ သူ့ကို ဆေးရုံတင်ထားတာ … ဘယ်အချိန်က လွတ်သွားလဲ မသိလိုက်ဘူး။

သူနာပြု ၂ ဦးက သူ့အနားသို့ကပ်၍ လက်ကို ဖမ်းချုပ်လိုက်သည်။

ဗျူးလန်။ ။ ရပါတယ်ဗျာ … ကျနော့်လက်ကို ဆွဲမထားလည်း ဖြေမှာပါ။ ကျနော့်ကို တွေ့ချင်တဲ့သူတွေက အရမ်းများနေလို့ အချိန် ခွဲပေးနေရလို့ပါ။ ညနေကျရင်လည်း အိုဘားမားနဲ့ စကားပြောဖို့ ချိန်းထားသေးတယ်။ ဘန်ကီမွန်းကလည်း တွေ့ချင် တယ်တဲ့ … ။ အင်း … နာမည်ကြီးရတဲ့ ဒုက္ခ … နာမည်ကြီးရတဲ့ ဒုက္ခ။

ဆရာဝန်။ ။ မြန်မြန်လိုက်ခဲ့ပါ … ခင်ဗျား မိန်းမ စိတ်ပူနေပြီ။

ဗျူးလန်။ ။ မိန်းမက အရေးမကြီးပါဘူး။ တိုင်းပြည်နဲ့ လူမျိုးအတွက် ပေးဆပ်နေတဲ့အချိန်မှာ ဒါတွေ လာမပြောနဲ့။ ချိုကုပ်ဒူးကြီးကို စစ်ခုံရုံးတင်ပြီးရင် ကျနော် ကမ္ဘာကျော်ပြီ …။ အဲဒီအချိန်ကျမှ အင်တာဗျူးလိုချင်တယ် ဆိုရင် ခင်ဗျားတို့ တန်းစီရမှာနော်။ ဆောရီးဗျာ … ကျနော် လူတိုင်းနဲ့ စကားမပြောနိုင်တာ မာနကြီးတယ်လို့ မထင်ပါနဲ့ ...။ ကျနော့်ကို လူတိုင်းက သိပေမယ့် ကျနော်ကတော့ လူတိုင်းကို ဘယ်သိနိုင်ပါ့မလဲ ...။

ဆရာဝန်နှင့် သူနာပြုများက ကိုဗျူးဗျူးလန်ကို ဆွဲခေါ်သွားကြသည်။ ပါးစပ်မှ ဆီမန်းမန်းသကဲ့သို့ တတွတ်တွတ်ရွတ်ရင်း လိုက်ပါသွားသည်ကို ကြည့်ရင်း ကျန်ခဲ့သူ သုံးဦးမှာ နဖူးကို လက်နှင့်ရိုက်၍ “မှားပြန်ပြီ” ဟု ပြိုင်တူ ရေရွတ်မိလိုက်ကြ လေတော့သတည်း။ ။

No comments: