ဒီဗွီဘီ
ကချင်ပြည်လွတ်လပ်ရေးတပ်မတော် (ကေအိုင်အေ)နဲ့ မြန်မာအစိုးရ စစ်တပ်တွေ အကြား တိုက်ပွဲတွေ ဒီကနေ့အထိ ဆက်ဖြစ်နေပါတယ်။
မြစ်ကြီးနား-ဗန်းမော် ကားလမ်းပေါ်ရှိ ဝိုင်းမော်မြို့နယ်၊ နန့်ဆန်ယန်ကျေးရွာ တံတားထိပ်မှ လမ်းခွဲကာ ကေအိုင်တပ်ဖွဲ့ရဲ့ ဒေသဖွံ့ဖြိုးရေး စိုက်ပျိုးရေးစီမံကိန်းရှိရာ ဘန်ဆောင် ဒေသသို့သွားရာ လမ်းပေါ်ရှိ လဇိန်ဂေါင်ကျေးရွာအတွင်း ဝင်ရောက် တပ်စွဲ နေတဲ့ မပခလက်အောက်ခံ စစ်ကြောင်းတခုကို ကေအိုင်အေ တပ်မဟာ(၅) လက်အောက် ခံ တပ်ဖွဲ့တွေက ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ကေအိုင်အေ သတင်းရပ်ကွက်အရ သိရပါတယ်။
လဇိန်ဂေါင်ကျေးရွာအတွင်း ဝင်ရောက်နေတဲ့ စစ်သားတွေက ကျေးရွာသားတွေကို ဖမ်းဆီးရိုက်နှက်စစ်ဆေးတာတွေ၊ အိမ်မွေးကြက်၊ ဝက် သတ်ဖြတ်စားသောက်တာတွေ လုပ်နေမှုကို ရွာသားတွေက တိုင်ကြားလာတဲ့အပေါ် ကေအိုင်အေတပ်ဖွဲ့က ဝင်ရောက်တိုက်ခိုက်ခဲ့တာလို့ ကေအိုင်အိုအေနဲ့ နီးစပ်သူ တဦးက ပြောပါတယ်။
“ကေအိုင်အေတွေက ဘန်ဆောင် လမ်းခွဲထိပ်နားက အဲဒီ လဇိန်ဂေါင်ရွာကို မနေ့က နေ့လယ် (၁၂)နာရီ၊ နေ့ခင်းကြောင်တောင်ကြီးမှာ ဝင်စီးတာ။ ဒီမနက်အထိ တိုက်ပွဲချတယ်ပြောတယ်။ တညလုံး မိုးလင်းပေါက်ပေါ့။ မနက် ၈ နာရီအချိန်မှာ အားလုံးသိမ်းမိပြီ ပြောတယ်။ အဲဒီလဇိန်ခေါင်ကို သိမ်းထားပြီးတော့မှ ဒီဘက်က နန့်ဆန်ယန် စစ်ကူတွေလေ၊ လမ်းကဖြတ်တိုက်တဲ့ အဖွဲ့တွေကတော့ တိုက်နေတုန်းပဲတဲ့။ အဲဒီ လဇိန်ဂေါင်မှာတိုက်နေတဲ့ တိုက်ပွဲကတော့ ရွာကို သိမ်းမိပြီတဲ့။ လက်နက်တွေ၊ သုံ့ပန်းတွေလည်း အများကြီးပဲတဲ့။
လဇိန်ဂေါင်ကျေးရွာကို ဝင်ရောက်စီးနင်းနေစဉ် နန်ဆန်ယန်အနီး တောင်ကုန်းပေါ်ရှိ မပခလက်အောက်ခံ ခလရ(၃၇)က အမြောက်နဲ့ လှမ်းပစ်တာတွေ မနေ့က လုပ်ခဲ့လို့ ကျေးရွာလူနေအိမ် ၂ လုံး ထိမှန်ပျက်စီးတာတွေ ရှိခဲ့သလို စစ်ကူလာ ရောက်ဖို့ ကြိုးစားရာမှာလည်း ကေအိုင်အေတပ်ဖွဲ့က လမ်းကနေ ဖြတ်တိုက် ဟန့်တား တာတွေ လုပ်ခဲ့တယ်လို့ ဆိုပါတယ်။
ဝိုင်းမှောင်မြို့နယ်အရှေ့ဘက်မှာ တိုက်ပွဲတွေ ဖြစ်နေစဉ်မှာ ကေအိုင်အေ တပ်မဟာ ၁၊ တပ်ရင်း ၁ဝ ရှိရာ ချီဗွေမြို့နယ်နဲ့ ဧရာဝတီမြစ်ကမ်းပေါ်ရှိ ဆင်ဘိုမြို့အနီးမှာလည်း ကေအိုင်အေနဲ့ မြန်မာအစိုးရတပ်တွေအကြား တိုက်ပွဲတွေ ရှိခဲ့တယ်လို့ ကေအိုင်အေနဲ့ နီးစပ်သူက ပြောပါတယ်။
တိုက်ပွဲမှာ နှစ်ဖက်ထိခိုက်ကျဆုံးမှုတွေရှိခဲ့ပြီး အသေးစိတ်အခြေအနေကတော့ မသိရသေးဘူးလို့ ပြောပါတယ်။
ကေအိုင်အေနဲ့ မြန်မာစစ်တပ်တွေအကြား တိုက်ပွဲတွေဖြစ်နေတုန်းမှာ ကချင်ပြည်နယ်၊ ကြံ့ဖွံ့တာဝန်ခံလည်းဖြစ်သူ ဆက်သွယ်ရေး၊ စာတိုက်နဲ့ကြေးနန်း ဝန်ကြီး ဟောင်း ဦးသိန်းဇော်ရဲ့ အစီစဉ်နဲ့ ကချင်ကိုယ်စားလှယ်တွေစေလွှတ်ကာ နှစ်ဖက် အပစ်ရပ်ရေးအတွက် ဆောင်ရွက်တဲ့အနေနဲ့ ဒီကနေ့မှာ မြစ်ကြီးနားကနေ လာရောက်ဖို့ ရှိနေကြောင်း သတင်းတွေထွက်နေပေမယ့် ညနေပိုင်းအထိ ကိုယ်စားလှယ်တွေ ရောက်လာတာ မရှိကြောင်း လိုင်ဇာကလာတဲ့ သတင်းတွေအရ သိရပါတယ်။
No comments:
Post a Comment