Saturday, July 23, 2011

ဟင်္သာတမြို့ ရေမြုပ်နေပြီး ဒေသခံများ ဘေးလွတ်ရာ ပြောင်းရွေ့နေရ

ရိုးမ ၃

ဧရာဝ တီ တိုင်းဒေသကြီး၊ ဟင်္သာတမြို့တွင် မိုးသည်းထန်စွာ ဆက်တိုက်ရွာသွန်းနေမှုကြောင့် တမြို့လုံးနီးပါး ရေနစ်မြုပ်နေပြီး ဒေသခံများ အခက်အခဲကြုံတွေ့နေရသည်။

ပြီးခဲ့သည့် ၂ ရက်ခန့်က စတင်ကာ ယနေ့ထိ ဆက်တိုက်ရွာသွန်းနေသည့်မိုးကြောင့် လူနေအိမ်များ ရေမြုပ်နေပြီး ဘေးလွတ်ရာသို့ တိမ်းရှောင်နေ ရကြောင်း ဒေသခံတဦးက ပြောသည်။

“မိုးက အရမ်းဘဲ ရွာနေတာ၊ ရပ်ကွက်တော်တော်များများ ရေမြုပ်ကုန်တယ်၊ အဲဒီရပ်ကွက်က လူတွေက ဘုန်းကြီးကျောင်းတွေ၊ စာသင်ကျောင်းတွေမှာ နေနေရတယ်၊ လမ်းတွေ၊ ဈေးတွေ အကုန်မြုပ်နေတာ” ဟု ပြောသည်။

ယင်းကဲ့သို့ ရေနစ်မြုပ်နေမှုကြောင့် ဟင်္သာတမြို့ပေါ်ရှိ ပဒေဿာပင်ဈေး၊ မိုင်ဒါဈေး၊ ဌေးဝင်းဈေးအပါအ၀င် တက္ကသိုလ်နှင့် စာသင် ကျောင်းများ၊ အစိုးရဌာနဆိုင်ရာ ရုံးများလည်း ပိတ်ထားရပြီး မြို့ပေါ်ရပ်ကွက်များမှ အိမ်ထောင်စု (၆၀) နီးပါး ဘေးလွတ်ရာ ပြောင်းရွေ့နေရကြောင်း အဆိုပါ ဒေသခံက ဆက်ပြောသည်။

အဆိုပါ ရေနစ်မြုပ်မှုကြောင့် ဒေသခံများအခက်ခဲဖြစ်နေချိန်တွင် အာဏာပိုင်များက တစုံတရာ အကူညီပေးခြင်းမရှိသေးကြောင်း ၎င်းက ဆက်ပြောသည်။

“အခုချိန်ထိ ဘယ်သူမှ လာကူတာမရှိသေးဘူး၊ ဒေသခံပြည်သူတွေလောက်ဘဲ နည်းနည်းပါးပါးဝိုင်းကူတာ၊ ဌာနဆိုင်ရာ၊ အာဏာပိုင်တွေက ရေကြီးမှာဖြစ်လို့ ဘေးလွတ်ရာ ပြောင်းနေဖို့ဘဲ လိုက်ကြေညာတာရှိတယ်” ဟု ဆက်ပြောသည်။

ယခုကဲ့သို့ ရေနစ်မြုပ်နေသည့်အတွက် အရောင်းအဝယ်များ ရပ်ဆိုင်းနေပြီး စားသောက်ကုန်ဈေးနှုန်းများ တက်နေသည့်အတွက် ဒေသခံများအနေဖြင့် စားဝတ်နေရေးကြပ်တည်းမှုများလည်း ကြုံတွေ့နေရကြောင်း ဒေသခံက ပြောသည်။

အလားတူ ပဲခူးတိုင်းဒေသကြီး၊ ရခိုင်ပြည်နယ်နှင့် ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိ မြို့နယ်များတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြစ်ရေလျှံ၊ ရေနစ်မြုပ်မှုများ ကြုံတွေ့နေရလျှက်ရှိသည်။

No comments: