ဂျိုးဆက်ဖ် ဘော (Joseph Ball)
၂ဝ၁ဝ ရွေးကောက်ပွဲမှလာသည့် အရပ်သားပါလီမန် အုပ်ချုပ်ရေးစနစ်မှာ လွတ်လပ်ခွင့်များ ပွင့်လန်းလာသည့်ကာလ၊ ဒီမိုကရေစီ ထွန်းကားသည့် ကာလတခုသို့ ဦးမတည်စေခဲ့သည်ကား သေချာသည်။ စစ်ဗိုလ်ချုပ်များ ကတိကဝတ်ပြုထားသလို "စည်းကမ်းပြည့်ဝသော ဒီမိုကရေစီ" သို့ပင် မဖြစ်ပေါ်စေခဲ့ဟု ငြင်းချက်ထုတ်ဖွယ် ရှိသည်။
သို့သော် အလားတူ လုပ်ငန်းစဉ်များမှနေ၍ မြန်မာ့နိုင်ငံရေးတွင် အကြီးအကျယ် အပြောင်းအလဲများ ဖြစ်မလာခဲ့ဟုပြောလျှင်တော့ မှားပေလိမ့်မည်။ ယခုပြောင်းလဲလာသည့် အနေအထားကြောင့် တရားဝင် ဆုံးဖြတ်ချက် ချမှတ်နိုင်သည့် ဝန်းကျင်အတွင်းနှင့် ပြင်ပရှိ အင်အားစုများထံ မေးခွန်းအသစ်များလည်း ဖြစ်ပေါ်လာနေသည်။ ဤသို့ဖြစ်လာသည့် ရလဒ်ကြောင့် ယနေ့ကာလတွင် နိုင်ငံရေး
ခေါင်းဆောင် အသီးသီးနှင့် ပြည်သူများတွင်ပါရှေ့ဆက်ရမည့် အနာဂတ်ကို ပုံသွင်းနိုင်သည့် အာဏာအနည်းအကျဉ်းမျှတော့ ရှိလာကြသည်။
ပြီးခဲ့သည့် ဆယ်စုနှစ် ၂ ခုအတွက် အကောင်းဆုံး အနေအထားမှာမူ မြန်မာနိုင်ငံ၏ တိုင်းရင်းသားနှင့် နိုင်ငံရေး အတိုက်အခံများနှင့် အနည်းဆုံး စစ်တပ်က ရင်ဆိုင်ပြောဆိုလာရသည်။ အစိုးရတခုအတွက် ဆက်လက်ဖြတ်သန်းကျော်လွှားရန် ကျန်နေသေးသည့် အခက်ခဲဆုံးကဏ္ဍလည်း ဖြစ်သည်။ အထူးသဖြင့် ၂ဝဝ၄ ခုနှစ်မှစ၍ တဦးတည်းက ချုပ်ကိုင်လွှမ်းမိုးထားခဲ့ပြီး၊ မည်သူက ဦးဆောင်နေ သည်ဟူ၍ မေးခွန်းထုတ်စရာမလို၊ အထင်အရှား ရှိနေခဲ့သည်။ စစ်တပ် အုပ်ချုပ်ပုံ ယန္တယားအရ သဘောတူညီချက်များ ရယူရန် အတွက်ဖြစ်စေ၊ စေ့စပ်ဆွေးနွေး ညှိနှိုင်းရန်အတွက်ဖြစ်စေ ဝိဝါဒ ကွဲစရာ အနေအထားက မပေးသလောက် အနည်းအကျဉ်းသာ ရှိခဲ့သည်။
ယခုအနေအထားက ဤသို့ မဟုတ်တော့ပါ။ ရွေးချယ်စရာအနေအထား ရှိနေပြီဖြစ်သည်။
ယခုအခါ ပါလီမန် လွှတ်တော်ထိပ်ပိုင်းတွင် နေရာ ရယူထားသည့် ထိပ်သီးခေါင်းဆောင်များအဖို့ ရှေ့လာမည့် အနာဂတ် အစိုးရသစ်တွင် မည်သို့အနေအထား ရယူကြမည်ဆိုသည်ကို ပြိုင်ဆိုင်နေကြမည်ဆိုသည်မှာ သံသယရှိစရာ မလိုပါ။ သိသာသည့် အနေအထားမှာ ဒုသမ္မတ သီဟသူရ ဦးတင်အောင်မြင့်ဦးနှင့်အောက်လွှတ်တော် ဥက္ကဋ္ဌ သူရ ဦးရွှေမန်းအကြား အာဏာဗိုလ်လုပွဲပင် ဖြစ်သည်။ သို့သော်လည်း သမ္မတဦးသိန်းစိန်၏ အရေးပါမှု အပါအဝင် ကျန်ကိစ္စအများအပြား ဆက်လက်ဆွေးနွေးစဉ်းစားစရာ ကျန်နေသေးသည်။ ယခင် စစ်တပ်အရာရှိများအဖို့ တဦးချင်း စဉ်းစားနေစရာ ရှိသလို၊ တပ်မတော်အတွင်းရှိ ရဲဘော်များအနေဖြင့်လည်း နိုင်ငံရေး အာဏာ ပြိုင်မှု အသံများ ကွဲပြားလာသည်နှင့်အမျှ ကွဲပြားရပ်တည်ကြဖွယ် ရှိနေသည်။ ဤသို့နိုင်ငံရေး ဟင်းလေးစုံ အိုးထဲတွင်သြဇာကြီး သည့် ဌာနအသီးသီး၏ ဝန်ကြီးများကလည်း သူတို့ဌာန ယန္တယားဆိုင်ရာအရ များစွာ လစ်ဟာမှုရှိနေသည့် အခြေအနေတွင်၊ အခွင့်အလမ်း များကလည်း များစွာရှိနေရာ သူတို့ဌာနယန္တယားစနစ်ကို ဖွဲ့စည်းခြေကုတ်ယူရန် ပြိုင်ဆိုင်နေကြပါသည်။ သူတို့နှင့် မိတ်ဖက်ပြုမည့် အင်အားစုများကလည်း ပေါ်ထွက်လာမည့် အခွင့်အလမ်း၊ ရာထူးဌာနန္တရတို့ကို စောင့်ကြည့်နေကြသလို၊ ရှိပြီးသားအနေအထားကိုလည်း ဆုံးရှုံးမသွားစေရန် ကာကွယ်ထားကြသည်။
သမ္မတဦးသိန်းစိန်က ဒေသဆိုင်ရာ လွှတ်တော်များကို အာဏာလုပ်ပိုင်ခွင့် ပိုမိုဖြည့်ဆည်းပေးရေးနှင့် နိုင်ငံတော် စီမံခန့်ခွဲမှုများ၌ ငြင်သာသည့် ပြုပြင်ပြောင်းလဲမှုများ လုပ်ဆောင်ရန် ရည်မှန်းချက်များကို မိန့်ခွန်းပြောကြားခဲ့ပြီးနောက်၊ သူက တိတ်ဆိတ်ငြိမ် သက်နေခဲ့သည်။ သိသာထင်ရှားသည့် ကြိုးပမ်းလုပ်ဆောင်မှုများလည်း မတွေ့ခဲ့ရပေ။ ဤသို့ မြင်တွေ့ရသည့် အခြေအနေများက သူ့ကို သမ္မတနေရာ၌ တင်ထားပြီး၊ အမှန်တကယ် ကြိုးကိုင်လုပ်ဆောင်မည့် သူများက ကန့်လန့်ကာ နောက်ကွယ်မှ လွှတ်တော်ကို အသုံးချကာ လုပ်ဆောင်ကြလိမ့်မည်ဟု ယူဆစရာ ရှိနေသည်။
ဤသို့ မြင်တွေ့နေရသည့် အနေအထားကြောင့် ရလဒ်အဖြစ် သမ္မတ၏ ကျရှုံးခန်းကို ကြိုတင်နမိတ်ဖတ်မှုကောလာဟလများ ပြောဆိုလာကြပြီး၊ မြန်မာနိုင်ငံ အပြောင်းအလဲတွင် ပို၍အင်အားကြီးသည့် ခေါင်းဆောင်များကနိုင်ငံရေး ပြုပြင်ပြောင်းလဲမှု လမ်းကြောင်းများ ပေါ်ထွန်းလာစေရန် ၎င်းတို့၏ ခြေရာလက်ရာများကို ထင်ထင်ရှားရှားပြသလာကြကြောင်း ပြောဆိုလာကြသည်။ ယခုအချိန်တွင် သမ္မတအနေဖြင့် ၎င်း၏ပါတီ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီနှင့် ယခင် တာဝန်ယူခဲ့သည့် စစ်တပ်တွင်းမှ ထောက်ခံမှုများလည်း မရရှိနိုင်ဘဲ ဖြစ်နေသည်။ သမ္မတတွင် ကျောထောက်နောက်ခံ ထောက်ခံမည့် အင်အားစု မရှိဘဲ ဖြစ်နေရသည်။
လူအများ စိတ်ကျေနပ်ဖွယ်ဖြစ်သည့် ၎င်း၏ မိန့်ခွန်းများအတိုင်း သမ္မတအနေဖြင့် မည်မျှ ရိုးသားဖြောင့်မတ်စွာ အရှိအတိုင်း ပြောဆိုခဲ့သည်ကို ခန့်မှန်းတွက်ဆရန် ခက်ခဲလှပါသည်။ သို့သော်လည်း သမ္မတနေရာ လျာထားကြသူများ ကတော့ ရှေ့အတွက် ခင်းကျင်းပြင်ဆင်နေကြမည်မှာ သံသယရှိစရာ မရှိပါ။ အောက်လွှတ်တော်၏ ဥက္ကဋ္ဌ ဦးရွှေမန်းနှင့် ဒု-သမ္မတ ဦးတင်အောင်မြင့်ဦးတို့က ရှေ့လာမည့်ကာလတွင် ဤနေရာအတွက် ပြိုင်ဆိုင်ကြမည့် သူများအဖြစ် ရှေ့တလှမ်းတက်လာခဲ့ ကြပြီ ဖြစ်သည်။
အရင် စစ်အစိုးရ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီတွင် နံပါတ် ၃ ခေါင်းဆောင် နေရာယူခဲ့သည့် ဦးရွှေမန်းက အစိုးရလုပ်ဆောင်ချက်များကို ဝေဖန်ပြောဆိုလာခဲ့သည်။ မကြာသေးမီက ရန်ကုန်မြို့တွင် စီးပွားရေး လုပ်ငန်းရှင်များကို မိန့်ခွန်းပြောဆိုခဲ့ရာ၌ ၎င်းက မြန်မာနိုင်ငံ၏ ကမ္ဘာတွင် အောက်တန်းနောက်တန်း ကျနေရသည့် အခြေအနေကို ဝန်ခံပြောဆိုခဲ့ပြီး၊ လွှတ်တော်ကို အားကောင်းစေရန်အတွက် အားဖြည့်လုပ်ဆောင်ကြရန်၊ အကျင့်ပျက်ခြစားမှုကဲ့သို့သော မြန်မာလူမှုအဖွဲ့အစည်းတွင် သွေလွဲနေသည့် ကိစ္စများ ပြုပြင်ဆောင်ရွက်ကြရန် တိုက်တွန်းလာခဲ့သည်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်ကြီး မင်းအောင်လှိုင်က ဦးရွှေမန်းနောက်မှ ရပ်တည်ပေးစရာ ရှိသည်ဟုလည်း ယူဆရသည်။
သူနှင့် နှိုင်းယှဉ်ချက်အရဆိုလျှင် ဦးတင်အောင်မြင့်ဦးက ယခင်လူဟောင်းများကို ဦးဆောင်ကာကွယ်ပေးထားသူဟု ယူဆစရာ ရှိသည်။ သူက ယခင်အုပ်ချုပ်ခဲ့သည့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ၏ သြဇာလောင်းရိပ်အတိုင်း လိုက်နာမည့်သူ ဟုလည်း ယူဆရသည်။ ဒု-သမ္မတက တိုက်ရိုက်ဖြစ်စေ၊ သွယ်ဝိုက်၍ဖြစ်စေ စစ်အာဏာသိမ်းမှု ပုံစံမျိုးဖြင့် ထိပ်သို့ တက်လာမည်ဟုလည်း ပြောဆိုမှုများပင် ရှိနေပြန်သည်။ ပြန်ကြားရေးဝန်ကြီး ဦးကျော်ဆန်းက ဒု-သမ္မတ၏ အုပ်စုတွင် ပါသူဟု ယူဆကြပြီး၊ သူက ဒု-သမ္မတအပေါ် နာခံမှုရှိစွာ ဦးရွှေမန်း၏ မိန့်ခွန်းကို လူထုအများအကြား အာရုံစိုက်မှု မရရလေအောင် စိစစ်တည်းဖြတ်မှုများ ပြုပေးခဲ့သေးသည်။
နှစ်ပေါင်းများစွာကပင် လေ့လာစောင့်ကြည့်နေကြသူများက မြန်မာနိုင်ငံကို ကာလကြာရှည် အုပ်ချုပ်လာနေခဲ့သည့် တပ်မတော်အတွင်း တသွေးတသံ စုစည်းညီညွတ်မှုနှင့် ပတ်သက်၍ သံသယရှိနေခဲ့ကြသည်။ တပ်မတော်က ပြိုင်ဘက် အတိုက်အခံအုပ်စုများ အပေါ်တွင် လည်း အစဉ်တစိုက် သွေးခွဲအုပ်ချုပ်မှုစနစ်ဖြင့် ကျင့်သုံးလာခဲ့သေးရာ ၎င်းတို့အတွင်းမည်မျှ ညီညွတ်ကြပါသနည်းဟုလည်း စောကြော စရာ ဖြစ်စေသည်။ သို့သော်လည်း ယခုအခါ မြန်မာ့နိုင်ငံရေး မြင်ကွင်းအတွင်း စစ်တပ်က အဓိက ဆက်လက် နေရာယူ ထားနိုင် တော့မည့် အခြေအနေ မဟုတ်တော့ပါ။ ထို့အပြင် အတိုက်အခံများ၏ ပုံမှန် ရပ်တည်ရာ နေရာလည်း ပေါ်ထွက်လာခဲ့သည်။ ၎င်းအပြင် စစ်တပ်အရာရှိဟောင်း နိုင်ငံရေးသမားများအတွင်းတွင်လည်း အားပြိုင်မှုများ ရှိလာနေသည်။ အပြင်ပန်းတွင်တော့ ပိုမိုရှုပ်ထွေးစွာ ဖြစ်ပေါ်နေသည့် စစ်တပ်အင်အားစုများအတွင်း အခြေအနေကို မြင်သာဦးမည် မဟုတ်သေးပါ။ သို့အတွက်ကြောင့် ယခု အာဏာရ ယူထားသည့် အစိုးရခေါင်းဆောင်များနှင့် ၎င်းတို့၏ လုပ်ဖော်ကိုင်ဘက်များကိုထောက်ခံ ပံ့ပိုးမည်လောဟု ရွေးချယ်စရာ လမ်းစရှိလာ ပါသည်။ ထိုမျှမက မည်သူ့ကို ထောက်ခံ ပံ့ပိုးမည်နည်းဟုလည်း ရွေးစရာ ဖြစ်လာစေသည်။
ရွေးကောက်ပွဲဆိုသည်မှာ ဒီမိုကရေစီစနစ်တွင် တစိတ်တကဏ္ဍသာ ဖြစ်သည်။ လူတိုင်းကို တန်းတူညီမျှ အာဏာရှိစေခြင်းကို ပြသခြင်း ဖြစ်သည်။ သို့မဟုတ် အစိုးရအုပ်ချုပ်ရေးကဏ္ဍများတွင် လူမှုအဖွဲ့အစည်းအနေဖြင့် ပါဝင်ဆောင်ရွက်နိုင်ခွင့် သဘောသဘာဝကို ဖြည့်ဆည်းပေးခြင်း ဖြစ်သည်။ မြန်မာနိုင်ငံ၏ ၂ဝ၁ဝ ခုနှစ်၊ရွေးကောက်ပွဲသည် ရွေးကောက်ပွဲအတွေ့အကြုံ သက်သက်မျှကိုသာ ထုတ်နှုတ်ပြောခြင်းဖြစ်ပြီး၊ လူအများ ပါဝင်ဆောင်ရွက်ခွင့်ရှိသည့် အစိုးရအုပ်ချုပ်မှုစနစ် ဖြစ်ပေါ်လာစေရေးကိစ္စအတွက်မူ လုပ်ဆောင်စရာ ကွက်လပ်နေရာများစွာ ကျန်ရှိနေပါသေးသည်။ မည်သို့ဖြစ်စေ လုပ်ဆောင်ဖွယ်ကိစ္စများ ကုန်ဆုံးသွားသည် မဟုတ်ပါ။
မြန်မာနိုင်ငံအတွက် ငြိမ်းချမ်းရေးနှင့် အမျိုးသား ပြန်လည်သင့်မြတ်ရေး ပြန်လည်တည်ဆောက်နိုင်ရန် အလားအလာ ဆိုသည်မှာ အစိုးရ၊ တိုင်းရင်းသား ကိုယ်စားလှယ်များနှင့် ထင်ရှားသည့် နိုင်ငံရေးအတိုက်အခံ အင်အားစုများ အကြား တွေ့ဆုံဆွေးနွေးနိုင်မှုအပေါ် မူတည်နေပါသည်။ ဤကိစ္စမှာလည်း အသစ်အဆန်း မဟုတ်ပါ။ အသစ်အဆန်း ကိစ္စမှာ အနာဂတ် ကာလတွင် မည်သူနှင့် တွေ့ဆုံဆွေးနွေးမှု ဖြစ်မြောက်အောင်မြင်နိုင်သည်ဆိုသည့် ကိစ္စပင်ဖြစ်သည်။ အတိတ်ကာလတွင် ဤသို့ တွေ့ဆုံဆွေးနွေးမှု ဖြစ်နိုင်ခြေ မရှိသလောက် ဖြစ်ခဲ့ပြီး၊ အင်အားစု အသီးသီးအကြား ယုံကြည်မှုမှာလည်း မရှိသလောက် ဖြစ်နေခဲ့သည်။ နှစ်ပေါင်းများစွာကြာ မြန်မာ့နိုင်ငံရေး တန့်နေခဲ့ရပြီး၊ ရှေ့မတိုး နောက်မဆုတ်နိုင်ဖြစ်နေခဲ့ရသည့် အနေအထားကြောင့် ယခုဖြစ်နိုင်ခြေမှာလည်း
ဝေးကွာနေသကဲ့သို့ ရှိပြန်သည်။
ဝန်ခံရမည့်ကိစ္စမှာ မြန်မာ့နိုင်ငံရေးကို ဘေးထွက်၍ ကြည့်ပါက ဇာတ်လမ်းသစ်ကို ယခင်ဇာတ်ကောင်ဟောင်းများ အများစုဖြင့် ကပြနေသည်ကို တွေ့ကြရမည် ဖြစ်သည်။ နိဂုံးတွင်လည်း စိတ်လှုပ်ရှားဖွယ် မရှိသည့် ထူးမခြားနား ဇာတ်သိမ်းမျိုးပင် ဖြစ်မည်ဟု သုံးသပ်ရပြန်သည်။ ပြင်ပတွင်ရှိနေသည့် လူထုအများနှင့် အစိုးရစည်းဝိုင်းအတွင်း ရှိနေသူများအကြား ယုံကြည်မှု တည်ဆောက်၍ မရနိုင်မချင်း ဤသို့ဤပုံ ဖြစ်နေမည်ဟုလည်း သုံးသပ်၍ရသည်။ ယခင်က မရှိဘူးသေးသည့် အခွင့်အလမ်း ရွေးချယ်စရာများကို ရှာဖွေပြီး၊ အရေးပါသည့် တွေ့ဆုံဆွေးနွေးမှုများဖြစ်လာစေရေးအတွက် နည်းလမ်းရှာပါက အခွင့်အလမ်းများ ပေါ်ပေါက်လာဖွယ် ရှိပါသည်။
မျှော်လင့်ချက်ဖြင့် စောင့်မျှော်နေခြင်းထက် ပင်မမြန်မာ့နိုင်ငံရေးက အလိုအလျောက် ပေါက်ကွဲအုံကြွ၍ ၎င်းတို့၏ မဟာဗျူဟာများကို ပြန်လည်သုံးသပ်ကြစေရန်၊ လိပ်ခဲတည်းလည်းဖြစ်နေသည့် ပြဿနာများကို ပြန်၍ သုံးသပ်ကြစေရန်ပင် ဖြစ်သည်။ မြန်မာနိုင်ငံအတွက် ရွေးကောက်ပွဲဖြင့်သွားသည့် ဒီမိုကရေစီစနစ် မလာသေးပါ။ သို့သော်လည်း မြန်မာနိုင်ငံ၏ နိုင်ငံရေးမှန်ကူကွက်တွင် ပြဿနာတက်စရာ ရွေးကောက်ပွဲ လုပ်ငန်းစဉ်များကြောင့် ရှုပ်ထွေးပွေလီမှုများလည်း စတင်လာခဲ့ပြီ ဖြစ်သည်။ တိုးတက်မှုများ မမြင်မတွေ့ရသေးဘဲ ရှိနေသည့်တိုင်အောင်၊ မိမိတို့ ထောက်ခံပံ့ပိုးရမည်ဟု သတ်မှတ်ထားသည့်သူကိုပင် ပထမဦးစွာ အထင်အရှား ဆက်လက်
ထောက်ခံပေးနေရဦးမည် ဖြစ်သည်။
သို့သော် ဤနေရာတွင် ဝန်ခံပြောဆိုရမည့်အချက်မှာ ဤအကြံပေးချက်သည်ပင် အောင်မြင်မှုရရန် အာမခံချက် မပေးနိုင်ပါ။ ထို့အပြင် ခေတ်သစ်မြန်မာနိုင်ငံကို တလွဲတချော် အုပ်ချုပ်ယိုယွင်းစေခဲ့သည့် တာဝန်ရှိသူများနှင့် ပူးတွဲတာဝန်ခံ အလုပ်လုပ်ရမည့် အနေအထားလည်း ရှိနိုင်ပါသည်။ အကယ်၍ ၎င်းပုဂ္ဂိုလ်များ အတူတကွ တစားပွဲတည်းထိုင်၍ ညှိနှိုင်းနိုင်ပြီး၊ မြန်မာနိုင်ငံ ရှေ့ဆက်ရမည့်လမ်းအတွက် ဘက်စုံကျသည့် အခြေခံမူများ ချမှတ်၍ အကောင်အထည်ပေါ်လာမည် ဆိုသည်ကိုလည်း အာမခံ ကတိပေးနိုင်မည့် အနေအထား မရှိပါ။ ထိုမျှမက ၂ဝဝ၈ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအနေဖြင့် လာမည့် အနီးကပ်အနာဂတ်တွင် ဆက်လက်၍ သက်ဝင်နေဦးမည်ဖြစ်ပြီး၊ စစ်တပ်က နိုင်ငံရေးစင်မြင့်ပေါ်တွင် အခန့်သား နေရာယူထားကြလိမ့်ဦးမည်။ ပြီးခဲ့သည့် အတိတ် ၂၁ နှစ်တာကာလက တဖြည်းဖြည်း ပျောက်ကွယ်သွားမည့်နည်းတူ၊ ရွေးကောက်ပွဲ ဒီမိုကရေစီကိုလည်း လက်တွေ့စမ်းသပ် ကျင့်သုံးကြဦးမည်သာ ဖြစ်သည်။
ဤသို့ ရှေ့အရေး အကဲဖြတ်မှုနှင့် ခေတ်သစ်မြန်မာ့သမိုင်းကို ထည့်သွင်းအသိအမှတ်ပြု စဉ်းစားပါက လုံးဝအနိုင်ရရေး၊ မိမိတို့ မျှော်လင့်ထားသည့်အတိုင်း အခြေအနေ မမျှော်လင့်ဘဲ ကျရောက်လာမည့်နေ့ စသဖြင့်ကို စောင့်စား စိတ်ကူးနေခြင်းအပေါ် လူအများ အကြိုက်တွေ့နေကြမည်သာ ဖြစ်သည်။ မည်သို့ဆိုစေ ယနေ့ကာလတွင် မိမိတို့ အကောင်းဆုံးအဖြစ် ဖန်တီးနိုင်မည့် အခွင့်အလမ်းများလည်း ရှာဖွေတွေ့ရှိနိုင်မည့် အချိန်ဖြစ်ပါတော့သတည်း။
(Joseph Ball ရေးသားသည့် An opportunity missed, or an opportunity best lost? ကို ဆီလျော်အောင်ပြန်ဆို ဖော်ပြပါသည်။)
No comments:
Post a Comment