ရွှေအောင်
မန္တလေးမြို့၊ ၈၈ လမ်း၊ ၂၃ လမ်းနဲ့ ၂၄ လမ်းကြား၊ သီရိမာလာ ရပ်ကွက်ရုံးရှေ့မှာ ဇူလိုင် ၁၉ ရက်နေ့ ည ၆ နာရီခွဲလောက်က အမျိုးသမီးတဦးကို အမျိုးသားတဦးက ဓားနဲ့ထိုးသတ်ခဲ့ပါတယ်။
အမျိုးသမီးရဲ့အော်သံကြောင့် ရပ်ကွက်က ဝိုင်းဝန်းဖမ်းမ်းမိခဲ့ပြီး အဲ့ဒီလူရဲ့ ထွက်ဆိုချက်အရ မန္တလေးမြို့ မြောက်ပိုင်းခရိုင် မူးယစ်အထူးရဲတပ်ဖွဲ့က ရဲအုပ်သန်းစိုးက ငွေဆယ်သိန်းပေး သတ်ခိုင်းတာ ဖြစ်ကြောင်း ဖြောင့်ချက်ပေးတယ်လို့ မျက်မြင်တဦးက ပြောပြပါတယ်။
အသတ်ခံရတဲ့ အမျိုးသမီးဟာ ရဲအုပ်သန်းစိုးရဲ့ မယားပြိုင်ဖြစ်ပြီး မန္တလေးမှာ ကွာရှင်းစရိတ် လာတောင်းတုန်း အခုလိုအသတ်ခံရတာ ဖြစ်ကြောင်း မျက်မြင်က ပြောပါတယ်။
“သူ့ကလေးနဲ့ အဲဒီကောင်မလေးကို ပိုက်ဆံမထောက်လို့ အဲဒီကောင်မလေးက ဗန်းမော်ကနေ မန္တလေးကို လာပြီး အဲဒီ မူးယစ်အရာရှိ စိုးသန်းဆီမှာ ပိုက်ဆံတောင်းတဲ့အခါမှာ စိုးသန်းက မပေးဘဲနဲ့ ကျောက်သပိတ်ဘက်က လူသတ်သမားကို ငှားပြီး သတ်လိုက်တယ်။ အဲဒီ ကောင်မလေးလည်း ဓားနဲ့ ထိုးသတ်တာ သေသွားတယ်။ ထိုးသတ်လိုက်တဲ့ တရားခံကို မိပြီး စစ်လိုက်တော့ မန္တလေး မြောက်ပိုင်းခရိုင် အထူးမူးယစ် ရဲအုပ် စိုးသန်းက ၁၀ သိန်းပေးပြီး သတ်ခိုင်းတယ်လို့ အစစ်ခံတယ်။ တရားသူကြီးတွေ ဘာတွေနဲ့ ဖြောင့်ချက် ယူတဲ့အခါမှာ အဲဒီအတိုင်း ပြောတဲ့အတွက် အမှတ် ၅ ရဲစခန်းမှာ အဲဒီ စိုးသန်းကို ဖမ်းထားတယ်။”
ဒီကိစ္စနဲ့ပတ်သက်ပြီး တာဝန်ရှိသူ အမှတ် ၅ ရဲစခန်းကို ဆက်သွယ်မေးကြည့်တော့ တာဝန်မှူးက စစ်ဆေးဖော်ထုတ်ဆဲဖြစ်တာကိုသာ ဖြေဆိုပြီး အသေးစိတ်မဖြေပါဘူး။
“ကျနော်တို့က အခုက ဘာမှန်းမသိသေးဘူး။ စစ်ဆေးတုန်းပဲ ရှိသေးတဲ့ အတွက် ကျနော်တို့က အတည်ပြုလို့ မရသေးဘူးခင်ဗျ။”
သူ့ကို ဘာနဲ့ဖမ်းထားတယ် ဆိုတာရော ပြောလို့ မရဘူးလား ဆရာ။
“အဲဒါတော့ တိုင်းကိုလှမ်းပြောလိုက်နော် တိုင်းလှမ်းမေးလိုက်။”
ရဲနဲ့ နီးစပ်သူတွေအဆိုအရ အသတ်ခံရသူအမျိုးသမီးဟာ အရင်က ရဲမေတဦး ဖြစ်ပြီး ရဲအုပ်သန်းစိုးနဲ့ ကိုယ်ဝန်ရှိတာကြောင့် ရဲတပ်ဖွဲ့က ထုတ်ပယ်ခံထားရတာလို့လည်း ပြောပါတယ်။
ရဲအုပ်သန်းစိုးဟာ ဘားအံ မူးယစ်တပ်ဖွဲ့ကနေ မန္တလေးမှာ တာဝန်ကျတာ သုံးနှစ်လောက်ရှိပြီဖြစ်ပြီး ဒီအမျိုးသမီးနဲ့ မန္တလေးမှာပဲ တွေ့ခဲ့ကြတာလို့ ဆိုပါတယ်။
ကွာရှင်းစရိတ်အဖြစ် အမျိုးသမီးက သိန်း၂၀၀ တောင်းပြီး ရဲအုပ်သန်းစိုးက သိန်း ၅၀ ပေးဖို့ ညှိရာမှာ အဆင်မပြေဖြစ်လို့ အခုလို လူငှားသတ်ခိုင်းလိုက်တာလို့လည်း ဆိုပါတယ်။
ဒီအချက်အလက်တွေကို အတည်ပြုနိုင်ဖို့ မန္တလေးတိုင်း ရဲတပ်ဖွဲ့ကို ဆက်သွယ်မေးမြန်းဖို့ ကြိုးစားပေမယ့် မရပါဘူး။
No comments:
Post a Comment