Wednesday, July 27, 2011

သမ္မတ နိုင်ငံရေးအကြံပေး ဦးရဲတင့် ဦးခေါင်း ခွဲစိတ်ကုသမှုခံယူရ

မဇ္ဈိမသတင်းဌာန

သမ္မတဦးသိန်းစိန်၏ နိုင်ငံရေး အကြံပေး အဖွဲ့ဝင်တဦးဖြစ်သူ ဦးရဲတင့်သည် နေအိမ်တွင်ချော်လဲခဲ့သော ဒဏ်ရာကြောင့် ဦးနှောက်တွင်း သွေးခဲကာ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် တက်ရောက် ကုသမှု ခံယူနေရသည်။

အသက် ၆၉ နှစ်ရှိ ဦးရဲတင့်သည် အကြံပေးအဖြစ် ရွေးချယ်ခံရပြီး နေပြည်တော်တွင် သမ္မတ ဦးသိန်းစိန်နှင့် တွေ့ဆုံ အပြီး ပြန်လာချိန်တွင် နေအိမ်တွင်း လှေကားမှ ပြုတ်ကျကာ ဦးခေါင်းတွင် ပြင်းထန်သည့် ဒဏ်ရာရရှိခဲ့သည်။

ယခုအခါ ရန်ကုန်ဆေးရုံကြီး ဦးနှောက်နှင့် အာရုံကြောဌာနတွင် ခွဲစိတ်ကုသမှု ခံယူပြီးဖြစ်ကာ ကျန်းမာရေးမှာ အတော်ပင် ကောင်းမွန်လာခဲ့ပြီ ဖြစ်သည်။

“ သမ္မတ အကြံပေး ဖြစ်တယ်ဆိုပြီး သိရတဲ့နောက်မှာ သမီးနေထိုင်နေတဲ့ သြစတြေးလျကနေ ပြန်လာခဲ့တယ်နေပြည်တော် အစည်းအဝေးကို ဦးနေဇင်လတ်၊ ဦးကိုကိုလှိုင်တို့နဲ့ အတူ တကြိမ် သွားဖြစ်ခဲ့တယ်။ ဒီက ပြန်အလာမှာ နေအိမ် လှေကားပေါ်ကနေ ပြုတ်ကျပြီးခေါင်းမှာ သွေးခဲသွားတယ်။ အဲဒီကစပြီး နောက်ပိုင်းနေပြည်တော် အစည်းအဝေးလည်း မသွားဖြစ်တော့ဘူး ကျန်းမာရေးကြောင့် နားနေရတယ်” ဟု သူ၏ မိသားစုဝင်များနှင့် နီးစပ်သူတဦးက မဇ္ဈိမသို့ ပြောသည်။

ဆေးရုံတွင် မျက်မြင် တွေ့ခဲ့ရသူ တဦးက ဦးရဲတင့် ကျန်းမာရေးမှာ “၉ဝ ရာခိုင်နှုန်းကောင်းနေပါပြီ” ဟု ဆိုသည်။

အဆိုပါ ကုသမှုအား နိုင်ငံတော် သမ္မတရုံးသို့ ဦးရဲတင့်မှ အကြောင်းကြားခြင်း မပြုလုပ်ခဲ့သဖြင့် အထူးရဲတပ်ဖွဲ့မှ ရဲအရာရှိများက ဆေးရုံရှိ ဆရာဝန်၊ သူနာပြုများထံမှ လူနာမှတ်တမ်းအား လာရောက်ယူငင်ကြောင်း အဆိုပါ ဆေးရုံမှ သူနာပြုတဦး၏ ပြောကြားချက်အရ သိရသည်။

“ ဦးရဲတင့်ရဲ့ ဖိုင်တွေကို လာတောင်းကြည့်တယ် ကာယကံရှင် မိသားစုရဲ့ ခွင့်ပြုချက် မရသေးတော့ ကျမတို့လည်း မပြနိုင်ဘူးလို့ ပြောပစ်လိုက်ပါတယ်။ ဒါပေမယ့် သူတို့လိုအပ်တဲ့ အချက်တွေကို ရအောင်ယူသွားပါတယ်။ ကာယကံရှင်နဲ့တော့ တွေ့မသွားရဘူး” ဟု ဆေးရုံမှ သူနာပြု ဆရာမတဦးက ဆိုသည်။

ဦးရဲတင့်သည် ကြေးမုံသတင်းစာ အယ်ဒီတာချုပ်ဟောင်းတဦး ဖြစ်ပြီး လက်ရှိတတွင် ဘာသာပြန် စာအုပ်များရေးသားလျက် ရှိကာ မကြာသေးမီက အမျိုးသားစာပေ ဘာသာပြန်ဆုကို သွေးနှင့် ရေနံ စာအုပ်ဖြင့် ရရှိခဲ့သည်။

သမ္မတအကြံပေးအဖွဲ့ကို နိုင်ငံရေး၊ စီးပွားရေးနှင့် ဥပဒေအကြံပေးအဖွဲ့ဟူ၍ သုံးဦးစီဖြင့် သုံးဖွဲ့ဖွဲ့ထားပြီး နိုင်ငံရေး အဖွဲ့တွင် ဦးကိုကိုလှိုင်၊ ဦးနေဇင်လတ်နှင့် ဦးရဲတင့်တို့ ပါဝင်သည်။




No comments: