Wednesday, July 27, 2011

NLD နှင့် အစိုးရ ကွာဟချက် ကြီးမားနေသေး

လင်းသန့် Wednesday, 27 July 2011

ဒေါ် အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရသစ်ဝန်ကြီး ဦးအောင်ကြည်တို့၏ ဆွေးနွေးပွဲအပြီး နှစ်ဘက်စလုံးက အကောင်းမြင် ကြောင်းနှင့် ဆွေးနွေးပွဲကို ကျေနပ်ကြောင်း ပြောဆိုခဲ့သော်လည်း အစိုးရသစ်နှင့် ဒေါ်အောင်ဆန်းစုကြည်အကြား ကွာဟချက် ကြီးမားနေဆဲ ဖြစ်ကြောင်း သိရသည်။

ဒေါ်အောင်ဆန်းစုကြည် နေအိမ်အကျယ်ချုပ် ကျခံနေရချိန်က ၉ ကြိမ်တိုင် တွေ့ဆုံခဲ့သော်လည်း သိသာသည့် ရလဒ် တစုံတရာ ပေါ်ထွက်လာခြင်း မရှိခဲ့ပေ။

နောက်ဆုံးဆွေးနွေးပွဲနှင့် နီးစပ်သည့်အသိုင်းအ၀န်းမှ ရရှိသော သတင်းများအရ ဆွေးနွေးပွဲတွင် အစိုးရ၀န်ကြီး ဦးအောင်ကြည်က အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီ တရားဝင်ရပ်တည်ရေးအတွက် ပြန်လည် မှတ်ပုံတင်ရေး အပါအ၀င် လူမှုရေး လုပ်မည်ဆိုပါက ပြည်ထဲရေးဝန်ကြီးဌာနတွင် လူမှုရေးအသင်းအဖြစ် မှတ်ပုံတင်ရန် ဒေါ်အောင်ဆန်း စုကြည်အား ကမ်းလှမ်းခဲ့သည်ဟု သိရသည်။

အဆိုပါကိစ္စနှင့်ပတ်သက်၍ ပြည်ထဲရေး ၀န်ကြီးဌာနက NLD ဥက္ကဋ္ဌနှင့် အထွေထွေအတွင်းရေးမှူး တို့ထံသို့ အကြောင်း ကြားစာ ပို့ထားကြောင်း ဇွန်လ ၂၉ ရက်နေ့ထုတ် သတင်းစာများတွင် ဖော်ပြခဲ့ပြီးဖြစ်သည်။

ဦးအောင်ကြည်က ထပ်မံကမ်းလှမ်းရာတွင် ဒေါ်အောင်ဆန်းစုကြည်က NLD ပါတီသည် တရားဝင်ပါတီ တရပ်အဖြစ် တည်ရှိကြောင်း၊ တရားဝင်မှုဆိုင်ရာ မတူကွဲလွဲမှုများကို ဆက်လက်ဆွေးနွေးလိုကြောင်း ပြန်ပြောသည်ဟု ဆွေးနွေးပွဲနှင့် နီးစပ်သည့် အသိုင်းအဝန်းက ဆိုသည်။

ဒေါ်အောင်ဆန်းစုကြည် ဘက်ကလည်း NLD ပါတီသည် တရားဝင်ပါတီဖြစ်ပြီး တရားဝင်မှုဆိုင်ရာ မတူကွဲပြားမှုများကို ဆွေးနွေးကြရန်အကြောင်းပြန်စာ ပေးပို့ခဲ့ပြီးဖြစ်သည်။ ထို့အပြင် NLD ပါတီ တရားဝင်မှုဆိုင်ရာ မတူကွဲပြားမှုနှင့် ပတ်သက်၍ တရားရုံးအဆင့်ဆင့်သို့ တင်ပြတောင်းခံခဲ့သော်လည်း နောက်ထပ် ဥပဒေကြောင်းအရ ဆက်လက်တင်ပြရန် အဆင့် မရှိတော့ပေ။

သို့အတွက် NLD က ပါတီ တရားဝင်ရပ်တည်ရေးကိစ္စကို ကမ္ဘာ့ကုလသမဂ္ဂ၏ လူ့အခွင့်အရေးကောင်စီသို့ မကြာမီ တင်ပြသွားရန် ရှိကြောင်း ထုတ်ဖော်ပြောကြားခဲ့သည်။

“NLD ပါတီ တရားဝင်ရေး ကိစ္စက တရားရုံး အဆင့်ဆင့်တက်ခဲ့တာ ဒီပြည်တွင်းမှာ ဥပဒေကြောင်း အရတော့ အဆင့်ကုန်ပြီ။ ဒါကြောင့် လူ့အခွင့်အရေးကောင်စီကို မကြာခင်တင်ပြဖို့ရှိတယ်” ဟု NLD ပါတီ ဒုဥက္ကဋ္ဌ ဦးတင်ဦးက ပြောသည်။

NLD ပါတီသည် ၁၉၉၀ ပြည့်နှစ် အထွေထွေ ရွေးကောက်ပွဲ ရလဒ်ကို ကိုင်ဆွဲပြီး ၂၀၀၈ ခုနှစ် ဖွဲ့စည်းပုံ အခြေခံဥပဒေအား လက်မခံခဲ့ပေ။ ထို့ကြောင့် ၂၀၁၀ ပြည့်နှစ် ရွေးကောက်ပွဲကိုလည်း သပိတ်မှောက်ခဲ့ပြီး ပါတီ အနေဖြင့် ထပ်မံ မှတ်ပုံတင်စရာ မလိုသည့်အတွက် မှတ်ပုံမတင်ခြင်းဖြစ်ကြောင်း တရားဝင်ကြေညာချက် ထုတ်ခဲ့သည်။

၂၀၁၀ ပြည့်နှစ် နိုဝင်ဘာလ တွင်ကျင်းပခဲ့သော ရွေးကောက်ပွဲကို စစ်အစိုးရက ကျင်းပခဲ့ခြင်းဖြစ်ပြီး စစ်အစိုးရ ကျောထောက် နောက်ခံ ပေးထားသည့် ပြည်ထောင်စု ကြံ့ ခိုင်ရေးနှင့်ဖွံ့ဖြိုးရေးပါတီ (ကြံ့ဖွံ့ပါတီ) က အပြတ်အသတ် အနိုင်ရခဲ့သည်။ ၂၀၁၀ ရွေးကောက်ပွဲသည် လွတ်လပ်၍ တရားမျှတမှုမရှိဘဲ မဲမသမာမှု များစွာရှိကြောင်း NLD က ပြောဆိုခဲ့သည်။

အဆိုပါ ရွေးကောက်ပွဲကျင်းပပြီး ရက်ပိုင်းအကြာတွင် ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်မှ ပြန်လည် လွတ်မြောက်လာခဲ့သည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် မြန်မာအစိုးရတို့ကြား ယခုကဲ့သို့ ကွာဟမှုများ ရှိသော်လည်း မကြာသေးမီက မိသားစု ပုဂံ ဘုရားဖူး ခရီးစဉ်တွင် အစိုးရကို ကြိုတင် အကြောင်းကြားခဲ့ခြင်း၊ ခရီးစဉ်အတွင်း မည်သည့် နိုင်ငံရေးလှုံ့ဆော်မှုမျိုးမှ မပြုလုပ်ခြင်း စသည်ဖြင့် အစိုးရ ယုံကြည်မှုရစေရန် ပြသခဲ့သည်။

အလားတူ အာဇာနည်နေ့ကလည်း အစိုးရဘက်က တရားဝင်ဖိတ်ကြားမှုကို လက်ခံတက်ရောက်ပြီး ဒီမိုကရေစီ အင်အားစု များနှင့်အတူ အာဇာနည်ကြီးများအား သွားရောက် ဂါရ၀ပြုရာတွင် မလိုလားအပ်သည့် ပဋိပက္ခများ မရှိဘဲ ထိမ်းသိမ်းမှုများနှင့် နှစ်ဘက်ညှိနှိုင်း ဆောင်ရွက်နိုင်ခဲ့သည်။

အာဇာနည်နေ့တွင် ချောမွေ့ခဲ့ခြင်းသည် နှစ်ဦးနှစ်ဘက် ညှိနှိုင်းဆောင်ရွက်မှု၏ အကျိုးဖြစ်ထွန်းမှု ဖြစ်ကြောင်း ဒေါ်အောင်ဆန်း စုကြည်က ထုတ်ဖော် ပြောဆိုခဲ့သည်။

မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နှင့် အလုပ်သမားဝန်ကြီးဌာန၊ လူမှုဝန်ထမ်း ကယ်ဆယ်ရေးနှင့် ပြန်လည် နေရာချထားရေး ၀န်ကြီးဌာနတို့၏ ၀န်ကြီး ဦးအောင်ကြည်တို့၏ တနင်္လာနေ့က ဆွေးနွေးပွဲအပြီးတွင် သတင်းထောက်များက မေးမြန်းရာ ဦးအောင်ကြည်က ယခင်တွေ့ဆုံမှုများနှင့် နှိုင်းယှဉ်၍ ယခုတွေ့ဆုံမှုသည် ယခင် ရလဒ်များထက် ပိုမိုကောင်းမွန်သည့် ရလဒ်ဖြစ်မည်ဟု မျှော်လင့်ကြောင်းနှင့် နှစ်ဘက်စလုံးက ဆွေးနွေးပွဲများ ဆက်လုပ်ရန် အတွက် သဘောတူခဲ့ကြောင်း ထုတ်ဖော်ဖြေကြားသည်။

“ဒီဥစ္စာက ကျနော်တို့ ပူးပေါင်းဆောင်ရွက်ဖို့ ကိစ္စတွေ၊ ရှေ့လျှောက်လုပ်သွားစရာ ကိစ္စတွေက အများကြီးရဲ့ အစ ခြေလှမ်း တခုလို့ ပြောမယ်ဆိုရင် ပြောနိုင်ပါတယ်” ဟု ဦးအောင်ကြည်က ပြောခဲ့သည်။ ထို့အပြင် ဆွေးနွေးပွဲတွင် “တရားဥပဒေ စိုးမိုးရေး၊ စိတ်ဝမ်းကွဲပြားမှု ပပျောက်ရေး၊ အများပြည်သူ အကျိုးဖြစ်ထွန်းရေး” ကိစ္စများအား ပြောဆိုခဲ့သည်ဟု ပူးတွဲ သတင်းစာ ရှင်းလင်းပွဲ လုပ်ကာ ကြေညာချက်ထုတ်ပြန်ခဲ့သည်။

သတင်းစာ ရှင်းလင်းပွဲတွင် ဒေါ်အောင်ဆန်းစုကြည်ကလည်း တိုင်းပြည်အကျိုး ဖြစ်ထွန်းစေမည့် ရလဒ်များကိုသာ မျှော်လင့် ကြောင်း ပြောဆိုခဲ့သည်။

“ဘာပဲလုပ်လုပ်၊ ဘာစကားပဲ ပြောပြော၊ ဘယ်သူနဲ့ပဲ တွဲတွဲ၊ ကျမတို့ရဲ့ ရည်ရွယ်ချက်ကတော့ နိုင်ငံနဲ့ တိုင်းပြည်အတွက် ပြည်သူပြည်သားတွေကို အကျိုးပြုဖို့ပါပဲ။ ဒါကိုပဲ ကျမတို့ မျှော်လင့်ပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်က ဆိုခဲ့သည်။

ယခင်ကနှင့်မတူဘဲ ပူးတွဲသတင်းစာရှင်းလင်းပွဲ လုပ်ဆောင်ပြီး ဆက်လက်ဆွေးနွေးညှိနှိုင်းရန် သဘောတူခဲ့မှုများအား နှစ်ဘက်စလုံးက ထုတ်ဖော်ပြောဆိုခဲ့ခြင်းကြောင့် NLD ပါတီအနေဖြင့် အကောင်းဘက်က ရှုမြင်ကာ ဆက်လက် တွေ့ဆုံ ဆွေးနွေးမှုများမှ တဆင့် မြန်မာနိုင်ငံတွင်းမှ လူမှုဒုက္ခများ အမြန်ဆုံး ကင်းဝေးရေးကို မျှော်လင့်နေကြကြောင်း သိရသည်။

“ပြည်သူလူထုအတွက် ဒုက္ခသုက္ခတွေ၊ ဖြစ်ပျက်နေတာတွေ မြန်မြန်လွတ်မြောက်သွားအောင် ကြိုးစား လုပ်ဆောင် သွားမှာ ဖြစ်သလို၊ ဟိုဘက်ကလည်း ဒီလိုဆန္ဒရှိတာ တူတယ်ပေါ့ဗျာ။ ဒီဘက်ကလည်း ကောင်းအောင် လုပ်နေတာပဲ၊ ဟိုဘက် ကလည်း ကောင်းချင်တဲ့ စေတနာရှိတယ်လို့ ပြောတာပဲ” ဟု ဦးတင်ဦးက ဆိုသည်။

No comments: