Friday, July 22, 2011

ကျပ်သိန်းပေါင်း တသိန်း ရန်ကုန်မှာ ကြံ့ဖွံ့ထုတ်ချေး

မဇ္ဈိမသတင်းဌာန | သောကြာနေ့၊ ဇူလိုင်လ ၂၂ ရက် ၂၀၁၁

ချေးငွေယူလျှင် ပါတီဝင်ရသည့် ကျပ်သိန်းပေါင်း တသိန်းအား ရန်ကုန်တိုင်းအတွင်း ထုတ်ချေးခဲ့ကြောင်း အာဏာရ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီ တိုင်းတာဝန်ခံ ဦးအောင်သိန်းလင်းက ပြောသည်။

ကြာသပတေးမနက် ၁ဝ နာရီတွင် ရန်ကုန်တိုင်း ကြံ့ဖွံ့ရုံးချုပ်၌ ကျင်းပသော ၎င်းတို့ပါတီနှင့် အခြား ၅ ပါတီမှ လူငယ်များ ဂျပန်သွားရောက်ခဲ့သည့် ခရီးစဉ်အကြောင်း ရှင်းလင်းသည့် အခမ်းအနား၌ ပြောဆိုခဲ့ခြင်း ဖြစ်သည်။

အတိုးနှုန်း ၂ ကျပ် ယူသည့် အသေးစား ချေးငွေ သိန်းပေါင်း ၇ သောင်းနှင့် လယ်သမားများကို စိုက်ပျိုးစရိတ် ချေးငွေ သိန်းပေါင်း ၃ သောင်း ထုတ်ချေးခဲ့ကာ၊ ရရှိလာမည့် အတိုးများကို လူထုကျန်းမာရေးအတွက် ဆောင်ရွက်မည်ဟု ဦးအောင်သိန်းလင်းက ပြောသည်။ သူသည် လက်ရှိ တောင်ဥက္ကလာပ ပြည်သူ့လွှတ်တော် အမတ် ဖြစ်ပြီး၊ ရန်ကုန်မြို့တော်ဝန်ဟောင်းလည်းဖြစ်သည်။

ရွှေပြည်သာမြို့နယ်မှ ကြံ့ဖွံ့ပါတီ စည်းရုံးရေးမှူးတဦးက ‘‘ မြို့နယ်ကို ဒီလောက် ငွေချေးပေးနေတာ၊ ပါတီကိုလည်း သိတတ်ရမှာပေါ့၊ ပြည်သူနဲ့ အပြန်အလှန်ပေါ့ ဆိုတာမျိုး ပြည်သူကို ပြောပြတယ်။ ပြီးတော့ သူတို့ကို ငွေချေးတယ်။ လူတွေကလည်း ပါတီ ဝင်ကြတယ်။ ငွေချေးလို့လေ’’ ဟု ဆိုသည်။

မြောက်ဥက္ကလာပ မြို့ခံတဦးကလည်း ‘‘ကျမတို့ကို တယောက်ကို ၃ သောင်း ချေးတယ်။ ကျမတို့အဖွဲ့မှာခေါင်းဆောင်တယောက် ပါတယ်။ ငွေချေးတာ အပေါင်တော့ မပေးရဘူး။ ဒါပေမဲ့ ပါတီတော့ ဝင်ရတယ်’’ ဟု ပြောသည်။

ဦးအောင်သိန်းလင်းက ရန်ကုန်၌ (ဖြိုးစေတနာ) အခမဲ့ဆေးခန်း ၃၅ ခု ဖွင့်လှစ်ခဲ့သလို သမိုင်းလမ်းဆုံတွင် ၆ ထပ်ဆေးရုံဖွင့်ကာ အခမဲ့ မျက်စိခွဲစိတ်ပေးနေပြီး၊ အင်းစိန် GTI ၌ အခမဲ့ ကျောက်ကပ်ဆေးခြင်းကိုဆောင်ရွက်ခဲ့ကြောင်းနှင့် မကြာမီတွင် အခမဲ့ သားဖွားဆေးရုံ ဖွင့်လှစ်မည်ဖြစ်ကြောင်း ပြောဆိုခဲ့သေးသည်။

No comments: