Thursday, July 28, 2011

နိုင်ငံတော် သမ္မတ ဂွမြို့သို့ လာရောက်ပြီး ရေဘေး အကူအညီ ပေးသော်လည်း ဒေသခံများ အကူအညီများစွာ လိုအပ်နေဆဲ

မောင်ရမ္မာ

ရခိုင်ပြည်နယ် ဂွမြို့နယ်သို့ နိုင်ငံတော် သမ္မတ ဦးသိန်းစိန် ကိုယ်တိုင် ယနေ့ လာရောက်ပြီး ရေဘေး ကူညီရေး ပစ္စည်းများ လာရောက် လှူဒါန်းသွားကြောင်း သတင်း ရရှိသည်။

လွန်ခဲ့သော အပတ်က မိုးရေကြီးပြီး ရေဘေး ဒဏ်ကို အကြီးအကျယ်ခံခဲ့ရ ဂွ ဒေသခံ ပြည်သူများကို ကူညီ သွားခဲ့သည်ဟု ဂွမြို့ ဒေသခံ တစ်ဦးက ပြောသည်။

" ဒီနေ့ နေ့လည် ၃ နာရီခန့်မှာ နိုင်ငံတော် သမ္မတကြီးနဲ့ ၀န်ကြီးတွေ ဂွမြို့ကို ရဟတ်ယာဉ်နဲ့ လာပြီးတော့ ကူညီရေးပစ္စည်းတွေ ပေးသွားပါတယ်။ သူတို့ ပေးတာကတော့ ဆန်အိတ်တွေ အပါ အ၀င် တယ်လီဖုန်း ၅ လုံးနဲ့ ပိုက် ဆံတွေ လှူဒါန်းသွားခဲ့ပါတယ်။ ပိုက်ဆံတွေကိုတော့ ၀န်ကြီး တဦးဆီက ကျပ်ငွေ ၅ သိန်းစီ လှူဒါန်းသွားခဲ့တာဖြစ် ပါတယ်။"

နိုင်ငံတော် သမ္မကြီး ဦးသိန်းစိန်နှင့် အတူ ဆောက်လုပ်ရေး ၀န်ကြီး၊ ကျန်းမာရေးဝန်ကြီး အပါအ၀င် စုစုပေါင်း ၀န်ကြီး ၁၂ ဦး အတူ ပါဝင် လိုက်ပါလာခဲ့သည်ဟု သိရသည်။

ယခုကဲ့သို့ လာရောက် လှူဒါန်းသော်လည်း လုံလောက်မှု မရှိဖြင့် အဆိုပါ ရေဘေးသင့် ဒေသများတွင် လူမှုအဖွဲ့ အစည်းများမှာ ဆက်လက်လှူဒါန်းနေကြသည်ဟု သူက ပြောသည်။

" ၀န်ကြီးတွေ ပေးတဲ့ပစ္စည်းတွေနဲ့ လုံလောက်မှုမရှိပါဘူး။ ဒါကြောင့်လည်း ဒေသခံတွေနဲ့ NGO တွေ၊ နာရေး ကူညီမှုအသင်းတွေ၊ အရပ်ထဲက လူကြီးလူငယ်တွေပူးပေါင်းပြီးတော့ ဆန်အိပ်တွေ၊ အ၀တ်အထည်တွေ၊ အိုးခွက်တွေ၊ စားသောက်စရာတွေကို ကျွန်တော်တို့ သွားရောက် ကူညီ နေကြရပါတယ်" ဟု သူက ဆက်ပြောသည်။

အဆိုပါ မိုးရေကြီးမှုကြောင့် ဂွမြို့မှ ၁၃ မိုင်အကွာတွင်ရှိသော ဒေါင်းချောင်းအုပ်စုတွင် အိမ်ခြေ ၁၅ အိမ်ခန့် ရေထဲမျောပါသွားပြီး ပေါက်တူးကျေးရွာတွင် အိမ်ခြေ ၃၂ အိမ်ခန့် ရေထဲပါသွားသည်ဟု သိရသည်။

ယခုအချိန်ထိ ဂွ-ငသိုင်းချောင်းလမ်းမှာ ကား အသွားအလာ ရပ်နေရသည်ဟု သူက ဆက်ပြောသည်။ "ဂွ- ငသိုင်းချောင်း လမ်းကတော့ ခုထိ ကားသွားလို့မရသေးဘူး။ လမ်းတွေက တောင်ပြိုပြီး မြေတွေ ဖုံးလွှမ်း သွားတယ်။ လမ်းတွေ တော်တော်များ ကျိုးပျက်သွားတယ်။ ခုထိ သွားလာလို့ မရသေးပါဘူး။ ဂွ-သံတွဲလမ်း ကတော့ အခု ကားသွားလာလို့ ရနေပါပြီ။"

မိုးရေကြီးမှုဒဏ် ဆိုးရွားစွာခံခဲ့ရသော ဒေသများတွင် မူလတန်းကျောင်းပေါင်း ၁၅ ကျောင်းခန့် ပျက်စီးသွားပြီး ယခု အချိန်ထိ ပြန်မဖွင့်နိုင်သေးကြောင်း သိရသည်။

" ကျောင်း ၁၅ ကျောင်းလောက်ကတော့ ကျောင်းမတတ်နိုင်ကြသေးဘူး။ အခုလောလောဆယ်တော့ ၆ ကျောင်းလောက်ကို ကျောင်းပြန်လည်တက်နိုင်အောင် လုပ်ထားတာတွေ့ရပါတယ်" ဟု အဆိုပါ ဒေသခံက ပြောသည်။

ရခိုင်ပြည်နယ်အတွင်းတွင် မိုးကြီးမူကြောင့် မြောက်ဦးနဲ့ မြောင်းဘွေအကြား တံတားငယ်များ၊ ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ ကမ်းနီလမ်းများ၊ ကျောက်ဖြူ-ရန်ကုန်ကားလမ်းလည်း ပျက်စီးသွားခဲ့ရသဖြင့် သယ်ယူပို့ ဆောင်ရေး လုပ်ငန်းများ ရပ်ဆိုင်းသွားကာ မြို့နယ်တိုင်းလိုလိုတွင် ကုန်ဈေးနုန်းများ မြင့်တက်နေသည်ဟု သိရသည်။

ရခိုင်ပြည်နယ်တွင် ဇူလိုင်လ ၁၉ ရက်နေ့က စပြီး မိုးအဆက်မပြတ်ရွာသွန်းခဲ့ပြီးသောကြောင့် ကျောက်တော်၊ မြောက်ဦး၊ မင်းပြား၊ တောင်ကုတ်၊ သံတွဲနှင့် ဂွမြို့နယ်တို့တွင် စိုက်ပျိုးမြေ ဧက ပေါင်းများစွာ ရေလွမ်းမိုးမှု ကြောင့် ဆုံးရှုံးပျက်စီးသွားခဲ့ရသဖြင့် လာမည့်နှစ်တွင် စပါး အထွက်နှုန်း ကျဆင်းကာ ဆန်စပါး ရှားပါးမှုနှင့် ရင်ဆိုင်ရမည်ကို ပြည်သူများ အထူး စိုးရိမ် နေကြသည်ဟု သတင်းရရှိပါသည်။

No comments: