Saturday, July 30, 2011

ဒေါ်​အောင်​ဆန်းစုကြည်​ ကမ်းလှမ်းချက် ကေအိုင်အို​ ကြိုဆို

အေး​နိုင်

ဇူလိုင် ၂၈ ရက်နေ့တုန်းက အပစ်အခတ်ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကြားဝင်ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးစာ အပေါ် တိုင်းရင်းသား လက်နက်ကိုင်အဖွဲ့ ကချင်လွတ်လပ်ရေးအဖွဲ့က ကြိုဆိုလိုက်ပါတယ်။

“ကျနော်တို့ အဲဒီစာကို မနေ့က ညနေပိုင်း ရပါတယ်ခင်ဗျ။ အဲဒီစာကို ကျနော်တို့ ကေအိုင်အို ဗဟိုကော်မတီအားလုံးကို ဖြန့်ဝေပြီးတော့ အားလုံးကနေ လေးလေးနက်နက် စဉ်းစားကြပါတယ်။ အဲဒီအချက်နဲ့ ပတ်သက်ပြီးတော့ ဒီနေ့ မနက်ပဲ ဗဟိုကော်မတီအစည်းအဝေးမှာ အားလုံးရဲ့ အမြင်သဘောထားကို စုပြီးတော့ ဆုံးဖြတ်ချက် ချပါတယ်။

“အဲဒီ ဆုံးဖြတ်ချက်က ဘာလဲဆိုတော့ အခု ဒေါ်အောင်ဆန်းစုကြည် ကနေပြီးတော့ ပြောလာတဲ့ ပေးလာတဲ့ စာဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ နိုင်ငံရေး လမ်းကြောင်းပေါ်ကို စုစည်းနိုင်အောင် သူ ဖော်ဆောင်ပေးချင်တဲ့ ဆန္ဒကို သူတို့ အဲဒီလိုပဲ သဘောထား မှတ်ချက် ချပါတယ်ခင်ဗျ။

“ဒါကြောင့်မို့ ဒီကိစ္စဟာ တနိုင်ငံလုံး အတိုင်းအတာနဲ့ သက်ဆိုင်တဲ့ အတွက်ကြောင့်မို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပေးစာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကေအိုင်အိုအဖွဲ့အစည်း ကနေပြီးတော့ တုံ့ပြန်တဲ့ ကြေညာချက်ထုတ်ဖို့ ကျနော် မလုပ်ပါဘူး ခင်ဗျ။ ဒါကို အားလုံးနဲ့ ကိုယ်စားပြုနိုင်တဲ့ ကျနော်တို့ လက်နက်ကိုင်အင်အားစု ကိုယ်စားပြုဖွဲ့စည်းထားတဲ့ ယူအန်အက်ဖ်စီ (ညီညွတ်သော တိုင်းရင်းသား ဖက်ဒရယ်ကောင်စီ) ကနေပဲ သူတို့ ထုတ်ပြန် ကြေညာချက်တွေကို အချိန်နဲ့ တပြေးညီ ဖြစ်နိုင်အောင် ထုတ်ပြန်သွားမှာပါ။ အဲဒီလို ထုတ်ပြန်သွားဖို့ကလည်း ကျနော်တို့ ယူအန်အက်ဖ်စီ ကိုလည်း ကျနော်တို့ရဲ့ ဆန္ဒတွေကို တင်ပြထားပြီးပါပြီ။ အဲဒီစာနဲ့ ပတ်သက်ပြီးတော့ ကျနော်တို့ ကေအိုင်အိုအဖွဲ့အစည်း တခုရဲ့ အမြင်ကတော့ အဲဒီစာကို ကျနော်တို့ ကေအိုင်အို အဖွဲ့အစည်က ကြိုဆိုတယ်။ စာပါ အကြောင်းအရာကို လက်ခံတယ်။ ဒေါ်အောင်ဆန်းစုကြည် ပြောသွားတဲ့ လုပ်ငန်းပိုင်းဆိုင်ရာကို အမှန်တကယ် အကောင်အထည်ဖော် ဆောင်ရွက်နိုင်အောင်ပဲ အားလုံး ဝိုင်းပြီးတော့ ကြိုးစားရမယ် ဆိုတာတော့ ဒါ ကျနော်တို့ ကေအိုင်အို အဖွဲ့အစည်းရဲ့ အမြင်ပေါ့နော်။ ဒီလောက်ပဲ ပြောနိုင်တယ်ခင်ဗျ။”

No comments: