အေးနိုင်
ဇူလိုင်လ ၁၉ ရက်နေ့ညကစပြီး အဆက်မပြတ် ရွာတဲ့မိုးကြောင့် အိမ်အတော်များများ ရေမြုပ်ခဲ့ရတဲ့ ဧရာဝတီတိုင်း ဟင်္သာတမြို့က ရေကြီးမှုအခြေအနေကို သမ္မတဦးသိန်းစိန်ကိုယ်တိုင် မနက်ဖြန် လာစစ်မယ်လို့ ဟင်္သာတမြို့ခံတဦးက ပြောပါတယ်။
ဒီကနေ့မှာ ဧရာဝတီတိုင်း ဒေသကြီးဝန်ကြီးချုပ် အပါအဝင် တာဝန်ရှိသူတွေ ရောက်ရှိနေတယ်လို့ ဆိုပါတယ်။
ဧရာဝတီတိုင်းထဲက ပန်းတနော်ဘက်မှာလည်း ဆည်ရေဖောက်ချလို့ လယ်မြေဧက ၂ သောင်းလောက် ရေဖုံးလွှမ်းနေတာကြောင့် သမ္မတနဲ့အဖွဲ့ သွားကြည့်မယ်လို့ သတင်းထွက်နေပါတယ်။
မြို့ခံတွေကတော့ ရေဘေးဒုက္ခသည်တွေအတွက် ပေးဝေတဲ့ ကယ်ဆယ်ရေးပစ္စည်းတွေ လိုသလို ရေစီးရေလာကောင်းမွန်ရေးကို ပုံမှန်အလေးထား ဆောင်ရွက်ဖို့က ပိုအရေးကြီးပါတယ်လို့ ပြောပါတယ်။
ဟင်္သာတမြို့ခံတဦးက “ကျနော်တို့ မြို့ခံတွေအနေနဲ့ သမ္မတကြီး လာချိန်မှာ ရေကြီးတဲ့ ရပ်ကွက်က လူတွေနဲ့ တွေ့ပြီးတော့ အားပေးစကားတွေပြော၊ မုန့်ပုံးတွေပေး၊ အထည်အလိပ်တွေပေးပြီး ပြန်မသွားဘဲနဲ့ နောက်ဒီလို ရေကြီးရင် ဘယ်လိုလုပ်မလဲ။ လယ်ကသင်းရေကြီးလို့ ကြီးတာမဟုတ်ဘူး။ ရေကာတာကျိုးလို့ကြီးတာမဟုတ်ဘူး။ ဆည်ကျိုးလို့ ကြီးတာမဟုတ်ဘူး။ မိုးရွာလို့ကြီးတာ။ မိုးဒီလောက်ရွာရင် ဒီလိုမကြီးအောင် ရေမြောင်းတွေ ဘယ်လိုဖောက်မလဲ၊ တာဝန်ရှိတဲ့ ဆည်မြောင်းဌာနကနေ ရေတံခါးတွေကို မြန်မြန်ဖွင့်ဖို့ သံချေးတက်ပြီး ပျက်စီးနေတာကို ဘယ်လိုပြုပြင်ထားမလဲ။ ဒါတွေကို လမ်းညွှန်ပါ တခါတည်းပေးခဲ့ပါလို့ အဲဒါကို ပြောချင်တာ” လို့ ပြောပါတယ်။
No comments:
Post a Comment