Thursday, July 28, 2011

ဆက်ကြေးတောင်းခံထားခြင်းကြောင့် ဘုရားသုံးဆူမြို့ခံများထိန့်လန့်နေကြ

ရိုင်မရော့ – လွတ်လပ်သော မွန်သတင်းအေဂျင်စီ

ထိုင်း-မြန်မာနယ်စပ်၊ ကရင်ပြည်နယ် ဘုရားသုံးဆူမြို့ပေါ်ရှိ အချို့ရပ်ကွက်အုပ်ချုပ်ရေးမှူထံ လက်နက်ကိုင်တပ်ဖွဲ့တဖွဲ့မှ ဆက်ကြေးငွေတောင်းခံထားခြင်းကြောင့် မြို့ခံများ အထိန့်တလန့်ဖြစ်နေကြသည်။

ရာမညတပ်ဖွဲ့ဟု အမည်ခံထားသည့်အဖွဲ့သည် ယခုရက်ပိုင်းအတွင်း ငွေတောင်းခံထားပြီး၊ မပေးပါက ယခင်လို မြို့တွင်းဝင်ရောက်ပစ်ခတ်မည်ဟု မြို့ခံများပြောကြားနေသည်။

“ဟုတ်တယ်၊ ကရင်အသံဝဲဝဲနဲ့ နိုင်ထွန်းဆိုတဲ့လူက ဖုန်းဆက်ပြီးတော့ ရပ်ကွက် ၃ က ဥက္ကဌမှာ ဘတ်ငွေ ၄ သိန်း တောင်းထားတယ်၊ တောင်းထားတဲ့ငွေမပေးနိုင်ရင် အောင်တင်ဝင်းအိမ်လို ဖြစ်သွားမယ်ဆိုပြီး ပြောသွားတယ်” ဟု မြို့ခံရဲတပ်ဖွဲ့နှင့် နီးစပ်သူတစ်ဦးက ပြောပြသည်။

လက်ရှိအခြေအနေအရ မြို့ပေါ်ရှိ ရပ်ကွက်ဥက္ကဌများ အပါအဝင် မြို့ပေါ်ရှိ အချို့ငွေကြေးချမ်းသားသူများ အိမ်တွင်မနေရဲကြပဲ တိမ်းရှောင်နေကြရသည်ဟုလည်း ၄င်းက ပြောသည်။

ထိုငွေကြေးတောင်းခံထားသည့် ကိစ္စနှင့်ပတ်သက်ပြီး ဘုရားသုံးဆူမြို့ပေါ်ရှိ ရပ်ကွက် (၃) ဥက္ကဌ ဦးအေးကိုထံဆက်သွယ်မေးမြန်းရာတွင် ထိုကိစ္စနှင့် ပတ်သက်ပြီး တစုံတရာ မသိရှိကြောင်း ငြင်းဆိုခဲ့သည်။

“ပြီးခဲ့တဲ့လကလည်း တခါတောင်းထားတယ်၊ အခု ပြီးခဲ့တဲ့ ၃ ရက်လောက်က တခါ ပြန်ပြီးတော့ ဖုန်းဆက်လာတယ် ရပ်ကွက်ဥက္ကဌကိုပေါ့၊ ပေး မပေးဆိုတာကတော့ လောလောဆယ် ဘာမှမကြားဘူး၊ မြို့ခံတွေကတော့ မြို့ထဲဝင်ပစ်မှာကိုတော့ ကြောက်နေကြတယ်” ဟု ဘုရားသုံးဆူ မြို့ခံတဦးက ပြောသည်။

ဘုရားသုံးဆူမြို့ပေါ်တွင် ၂၀၁၁ ခုနှစ် ဇွန်လ ၅ ရက်နေ့မှာ ဘုရားသုံးဆူမြို့မဈေးအနီးရှိ စစ်ဖက်ရေးရာလုံခြုံရေးတပ်ဖွဲ့ (စရဖ) ရုံးကို အရပ်သားပုံစံ လက်နက်ကိုင် ၃ ဦး ဝင်ရောက်ပစ်ခတ်ကာ ဗုံးခွဲခဲ့ပြီး၊ စရဖတပ်ကြပ်တဦး သေဆုံး၍ တခြားတဦး ဒဏ်ရာရရှိခဲ့သည်။

တဆက်တည်းတွင်ပင် ထိုလက်နက်ကိုင်သုံးဦး မျက်နှာဖုံးစွပ်ဖြင့် မြို့လယ်ဈေးသို့ ရောက်သွားပြီး စစ်တပ်များ စခန်းချလေ့ရှိသည့် မြို့လယ်ဓမ္မာရုံကိုဗုံးဖောက်ပြီး တရစပ်ပစ်ခတ်ခဲ့မှုကြောင့်

အပြစ်မဲ့မြို့ခံ အလယ်တန်းကျောင်းသူတဦး သေဆုံးကာ အခြား ၂ ဦး ဒဏ်ရာရရှိခဲ့သည်ကို ယခင်သတင်းများတွင် ဖေါ်ပြခဲ့ပြီးဖြစ်သည်။

တဖန် ဇွန်လ ၁၄ ရက်နေ့တွင်လည်း ဘုရားသုံးဆူမြို့လယ် မြို့မဈေးအနီးရှိ ဦးအောင်တင်ဝင်း ရွှေဆိုင်နှင့်တွဲလျှက်ကုန်စုံဆိုင်ကို မျက်နှာဖုံးစွပ်လက်နက်ကိုင် ၇ ဦးခန့်က လက်နက်ကြီးငယ်များဖြင့် ဝင်ရောက် ပစ်ခတ်ခဲ့ပြီး အိမ်ဆိုင်ကိုလည်း မီးရှို့ဖျက်ဆီးခဲ့သည်။

ထိုကဲ့သို့သော အမည်မသိ လက်နက်ကိုင်တပ်ဖွဲ့များ ဝင်ရောက်ပစ်ခတ်ခဲ့ခြင်းကြောင့် လူဦးရေ ၃၀၀၀၀ ခန့်ရှိသည့် ဘုရားသုံးဆူမြို့ခံများ ယနေ့ထက်တိုင် ထိန့်လန့်ကြောက်ရွံ့နေကြသည်။

မြို့ပေါ်ရှိ အစိုးရတပ်ဖွဲ့တို့ကလည်း လမ်းဆုံလမ်းခွ မြို့အဝင်အထွက် လူစည်းကားသည့် မြို့မဈေးနေရာများ၌ လုံခြုံရေး တင်းကြပ်ထားလျှက်ရှိသည်။

No comments: