Friday, July 29, 2011

မူစယ်မြို့ဈေးအတွင်းမှ ရွှေပန်းတိမ်ဆိုင်တွေ ပြောင်းခိုင်း

သျှမ်းသံတော်ဆင့်

သျှမ်းပြည် (မြောက်ပိုင်း) မူစယ်မြို့ဈေးကြီးအတွင်းရှိ ရွှေပန်းတိမ်ဆိုင်များ ယနေ့နောက်ဆုံးထား ပြောင်းရွှေ့ရန် ညွန်ကြား လိုက်သောကြောင့် ရွှေပန်းတိမ်ဆိုင်ပိုင်ရှင်များ မကျေမနပ်ဖြစ်နေကြောင်း သိရသည်။

လွန်ခဲ့သည့် အပတ်ကတည်းက မူစယ်မြို့နယ်အုပ်ချုပ်ရေးအဖွဲ့နှင့် စည်ပင်သာယာဋ္ဌာနတို့က ပြောင်းရွေ့မိန့် ထုတ်ပြန် ခြင်း ဖြစ်သော်လည်း ကြိုတင်အကြောင်းကြားခြင်း မရှိကြောင်း ပန်းတိမ်ဆိုင်ရှင်တစ်ဦးက သျှမ်းသံတော်ဆင့်သို့ ပြောသည်။

ယနေ့နံနက်ပိုင်းမှ စည်ပင်သာယာ ဈေးခေါင်းက ပန်းတိမ်ဆိုင်ခန်းလျှပ်စစ်မီတာဘောက်စ်များဖြုတ်သိမ်း၍ ပြောင်းရွှေ့ ရန် ပြောဆိုကြောင်း သူက ဆိုသည်။

“ပြောင်းရမယ်လို့ ကြိုတင် အစီအစဉ်တကျလာပြောတာမရှိဘူး ဒီကနေ့မနက်ကျမှ ဈေးခေါင်းက မီတာဘောက်စ်ဖြုတ် သိမ်းပြီး ဒီနေ့ပြောင်းရမယ်လို့ပြောတာ အခုက ဝါတွင်းကာလဆိုတော့နေရာရှာဖို့ ဆိုတာလည်း သိပ်မလွယ်ဘူး ပြည်နယ် ဝန်ကြီးချုပ် အထိတိုင်ဖို့ စီစဉ်နေတယ်” ဟု ၎င်းဆိုင်ရှင်က ဆိုသည်။

မူစယ်ဈေးအတွင်း ရွှေပန်းတိမ်ဆိုင်ပေါင်း ၁၀ ခန်းကျော်ရှိပြီး မိသားစုနှင့် အလုပ်သမား ဦးရေ ၁၀၀ ကျော်ခန့် ၎င်းလုပ်ငန်း အပေါ် မှီခိုနေရကြောင်း သိရသည်။

လွန်ခဲ့သည့်လပိုင်းက မူစယ်ဈေးအတွင်းရှိ ရွှေဆိုင်ခန်းအနီးတစ်ဝိုက် မီးလောင်မှု ဖြစ်ပွားခဲ့အပြီးရွှေပန်းတိမ် ဆိုင် များကို ပြောင်းရွှေ့ခိုင်းခြင်းဖြစ်ကြောင်း သိရသည် ။

No comments: