ရန်ကုန်သားတာတေ
ဒေါ်အောင်ဆန်းစုကြည်နှင့် ဝန်ကြီး ဦးကြောင်စီစီတို့ တွေ့ဆုံဆွေးနွေးရာ စိမ်းလဲ့ကန်သာ ဧည့်ဂေဟာအတွင်း၌ ဦးရုက္ခစိုး ရောက်ရှိနေလေသည်။ ထို့ကြောင့် ကျွန်ုပ်တို့၏ ဇာတ်လိုက်ကျော်ကြီး ဦးရုက္ခစိုးက ၎င်းတို့ နှစ်ဦး၏ တနာရီကျော် အကြာ ဆွေးနွေးပွဲ အကြောင်းကို အောက်ပါအတိုင်း ပြန်လည် ဖောက်သည်ချနိုင်ခြင်း ဖြစ်သည်။ စာဖတ်သူတို့ ရှင်းလင်းစွာ သိမြင်စေရန် ဦးရုက္ခစိုး၏ ထင်မြင်ချက်များကို ချန်လှပ်၍ အပြန်အလှန်စကားပြောများကိုသာ ရေးပြပါမည်။
ကြောင်စီ။ ။ နေကောင်းတယ်နော် အစ်မကြီး။ ဒီနေ့ ထမင်းစားပြီးပြီလား။ ဘာဟင်းနဲ့ စားလဲ။
စု။ ။ အခုတလောမှာ ဝက်နားရွက်ပြာတွေက အကင်းသေမသေ မသေချာသေးလို့ ဝက်သားတော့ မစားသေးဘူး။ ကြက်သားကလည်း ဈေးက ခေါင်ခိုက်နေတော့ မစားဖြစ်ဘူး။ ကန်ဇွန်းရွက်တလှည့် ချဉ်ပေါင်တလှည့် စားနေတာ ကြာပြီ။ ဒီနေ့တော့ အဖေ့ကို သတိရတာနဲ့ ပဲပြုတ်ကြော်နဲ့ပဲ စားလိုက်တယ်။
ကြောင်စီ။ ။ နောက်တခါကျ ပဲပြုတ်မစားပါနဲ့လို့ တိုက်တွန်းပါရစေ။ တတ်နိုင်ရင် ပြောင်းဖူးပြုတ်တို့၊ ကန်ဇွန်းဥပြုတ်တို့ … ပြုတ်ပါတဲ့ဟာတွေ မစားပါနဲ့ခင်ဗျာ။ ဆန်ပြုတ်တို့ ခေါက်ဆွဲပြုတ်တို့ကောပေါ့။
စု။ ။ ကောင်းပြီလေ ...။ မစားနဲ့ဆိုလည်း မစားရုံပေါ့။ ဒါနဲ့ ကျမနဲ့ တွေ့မယ့်ကိစ္စက ဘာလဲ။
ကြောင်စီ။ ။ ဘာရယ်တော့ မဟုတ်ပါဘူး။ အစ်မကြီးနဲ့ တွေ့ရမယ်လို့ အထက်က ညွှန်ကြားတာနဲ့ ကျနော်လည်း လာတွေ့တာပါ။
စု။ ။ ဒါဆိုရင်တော့ ကြုံတုန်းလေး ပြောရဦးမယ်။ နိုင်ငံရေး အကျဉ်းသားတွေ လွှတ်ပေးဖို့ ကိစ္စ ဘယ်လိုရှိလဲ။ အဲဒါတွေ မလုပ်ဘဲနဲ့ ကျမကို စကားလာပြောတာတော့ အလကားပဲလေ။
ကြောင်စီ။ ။ ဒီကိစ္စ ကျနော်လည်း ဘာမှ မတတ်နိုင်ပါဘူးခင်ဗျာ။ ကျနော်က အလုပ်သမားဝန်ကြီး ဆိုတော့ နိုင်ငံရေး အကျဉ်းသား ကိစ္စနဲ့ မဆိုင်ပါဘူး။ ခဏလေးနော် အစ်မကြီး ...။ နည်းနည်းလောက် ပြုံးလိုက်ပါဦး။
စု။ ။ ဘာလို့ ပြုံးရမှာလဲ။
ကြောင်စီ။ ။ ဓာတ်ပုံရိုက်မယ်လေ။ ဓာတ်ပုံရိုက်ရင် ပြုံးမှဖြစ်မှာပေါ့။ ဒါမှ သတင်းစာထဲမှာ ကျနော်နဲ့ အစ်မကြီးတို့ ခင်မင်ရင်းနှီးစွာ တွေ့ဆုံတယ် ဘာညာ ရေးလို့ ကောင်းမှာပေါ့။
ဒေါ်အောင်ဆန်းစုကြည်က မပြုံးချင်ပြုံးချင်ပုံစံဖြင့် ပြုံးလိုက်စဉ် ဓာတ်ပုံ ရိုက်လိုက်သည်။
စု။ ။ ကဲ … ရှင်က အလုပ်သမားဝန်ကြီးဆိုတော့ ရှင်နဲ့ စကားပြောနေလဲ အပိုပဲဖြစ်တော့မှာပဲ။ ဒါပေမယ့် ကျမကတော့ မေးစရာ ရှိတာ မေးရဦးမှာပဲ။ ရှင်တို့ရဲ့ ဒုသမ္မတကြီးက ကျမကို သာမန်လူလို့ ပြောထားပြီး ဘာလို့ အစိုးရ ဝန်ကြီး တယောက်က စကားလာပြောရတာလဲ။
ကြောင်စီ။ ။ ဒါကတော့ ကျနော်တို့က အဆင့်အတန်း မခွဲခြားတဲ့သဘောပါ။ ဝန်ကြီးအနေနဲ့ သာမန်လူ တယောက်ကို အဆင့်အတန်းမခွဲခြားပဲ စကားပြောတယ်ဆိုတာ လူတွေ သိစေချင်တယ်လေ။ ဒါကလည်း အထက်က ညွှန်ကြားလို့ပါ။ ကျနော်တို့က ညွှန်ကြားတဲ့အတိုင်းပဲ လုပ်တတ်ပါတယ်။ ဘာခိုင်းခိုင်း ပြန်မပြောနဲ့၊ ပြန်မမေးနဲ့၊ အကြောင်းပြချက် မပေးနဲ့ဆိုတာ ကျနော်တို့အတွက် အကျင့်ပါနေပါပြီ။
စု။ ။ ကျမနဲ့ စကားပြောရတဲ့ ရည်ရွယ်ချက်ကို သေသေချာချာ သိချင်တယ်။
ကြောင်စီ။ ။ ဒါက ဒီလိုပါ။ အခုလို အစ်မကြီးနဲ့ စကားပြောတယ် ဆိုမှတော့ နိုင်ငံတကာက ကျနော်တို့ကို စိတ်ဝင်စားမယ်၊ သဘောထား ပျော့ပြောင်းလာတယ်လို့ တွေးမယ်၊ အဲဒီတော့ ၂၀၁၄ မှာ အာဆီယံ ဥက္ကဋ္ဌ ရာထူးရဖို့လည်း နီးစပ်သွားတာပေါ့။
စု။ ။ ဒါဆို ရှင်တို့က ကျမကို တွေ့တယ်ဆိုတာ တကယ့်ကို တွေ့ဆုံဆွေးနွေးရေးနဲ့ နိုင်ငံရေးပြေလည်အောင် ဆောင်ရွက်ဖို့ မဟုတ်ဘူးပေါ့။ ရှင်တို့ အကျိုးအတွက် တွေ့တာပေါ့ ဟုတ်လား။
ကြောင်စီ။ ။ ဒီလိုတော့ မပြောပါနဲ့ အစ်မကြီးရယ်။ နားလည်ပေးပါ။ ကျနော်တို့အစိုးရကိုက သူတို့ အကျိုးအတွက်ပဲ ကြည့်တတ်လို့ပါ။ တကယ်ပြောတာပါ။ ဘုရားစူးရ ပါစေရဲ့။ မှန်တာပြောရင် တသက်လုံး ဒီရာထူးမှာမြဲရပါစေ။
စု။ ။ ကဲပါလေ … ထားလိုက်ပါတော့။ ဒါနဲ့ အခုထိ ဘာတခုမှ အရေးပါတာ မပြောသေးဘူးနော်။ အဲဒီတော့ ကျမကို ရှင်နဲ့ ဘာတွေပြောခဲ့လဲလို့ အများက မေးလာရင် ဘယ်လိုပြောရမလဲ။
ကြောင်စီ။ ။ ဟာ … ဒါအတွက်လည်း မပူပါနဲ့ခင်ဗျာ။ ပြီးတာနဲ့ သတင်းစာ ရှင်းလင်းပွဲကျင်းပမှာပါ။ အဲဒီအခါကျ အားလုံး ဖြေလိုက်ရုံပါပဲ။
စု။ ။ ကျမက ဘာဖြေရမှာလဲ။ ဘာမှဖြင့် မပြောရသေးတာကို။
ကြောင်စီ။ ။ အစ်မကြီး ဘာမှ ပြောစရာမလိုဘူးလေ။ ပြောရင် ပါးစပ်ညောင်းနေဦးမယ်။ အားလုံး ကျနော်ပဲ လုပ်ကြံ ဖန်တီးပြီး ပြောလိုက်ပါ့မယ်၊ ပြီးတော့မှ ဒါ နှစ်ယောက်စလုံးရဲ့ ပူးတွဲကြေညာချက်လို့ ပြောင်လိမ်လိုက်မယ်လေ။ ဒါ ကျနော်ကျွမ်းပါတယ်။ သြော် … အစ်မကြီးအနေနဲ့ ပါတီရုံးခန်း ပြန်ရောက်ရင်လည်း ကျနော်နဲ့ ဘာတွေ ပြောခဲ့တယ်ဆိုတာ သတင်းမထုတ်ပြန်ပါနဲ့နော်။
စု။ ။ ထုတ်ပြန်ရအောင်ကလဲ ဘာမှဖြင့် ပြောစရာမရှိဘဲနဲ့။
ကြောင်စီ။ ။ ဒီလိုလေ ...။ ဘာမှ ပြောစရာ မရှိဘူး ဆိုပေမယ့် ဘာမှ မပြောခဲ့ဘူးဆိုရင်လည်း အဓိပ္ပာယ်က မရှိဘူး ဖြစ်နေဦးမယ်။ ဒီတော့ တခုခုတော့ ပြောလိုက်ပါ။
စု။ ။ ဘာပြောရမှာလဲ။
ကြောင်စီ။ ။ သြော် … ကျမတို့ကတော့ ကျမတို့ဖြစ်ပါတယ်ပေါ့နော် … ဘာညာကွိကွပေါ့။ အစ်မကြီး ပြောတတ်ပါတယ်။
စု။ ။ ရှင့်ဟာကလည်း ရှုပ်နေတာပဲ ခေါင်းတောင် မူးလာပြီ။ အများက ကျမတို့ ဆွေးနွေးပွဲကနေ ရလဒ်ကောင်းတွေ ရှိမယ်လို့ သေချာပေါက် မျှော်လင့်ကြမှာပဲ။
ကြောင်စီ။ ။ အဲဒါလည်း မပူပါနဲ့။ တရက်လောက်ပဲစောင့်ပါ။ မြန်မာအစိုးရက အရူးကွက်နင်းတိုင်း ဝင်ဝင်အားပေးတတ်တဲ့ သူတွေက ဘုမသိဘမသိနဲ့ ဒီဆွေးနွေးပွဲကို ကြိုဆိုပါတယ်လို့ ပြောမှာ စိတ်ချ။ ဒါဆို ကမ္ဘာကလည်း ရလဒ်ကောင်း ဆိုပြီး လက်ခုပ်တီးပေးလိမ့်မယ်။ ကဲ အစ်မကြီး။ ကျနော်တို့ ဆွေးနွေးပွဲကတော့ ဒီလောက်ပါပဲ။ ဆွေးနွေးပွဲ အောင်မြင်တယ်နော်။ ဘယ်သူမေး အစ်မကြီးကို မေးရင်လည်း အောင်မြင်တယ်ပဲ ပြောနော်။
၎င်းတို့၏ ဆွေးနွေးပွဲမှာ ၁၀ မိနစ်ခန့်နှင့် ပြီးသွားတော့သည်။ ဒေါ်အောင်ဆန်းစုကြည်က ဦးကြောင်စီစီကို ဘာမှ ပြန်မပြောဘဲ မှုန်တေတေဖြင့် ငြိမ်နေသည်။ ထိုစဉ် ပြူးပြူးပြာပြာနှင့် အရပ်ပုပု လူတဦး အခန်းတွင်းသို့ ဇွတ်ဝင်လာရာ ဒေါ်အောင်ဆန်း စုကြည်ကော ဦးကြောင်စီစီပါ လန့်သွား၏။
ကြောင်စီ။ ။ ဟာ ဝန်ကြီး ဦးဆော်ကြမ်း။
စု။ ။ ကျမကိုတွေ့မှာ ဦးကြောင်စီစီ တယောက်တည်းဆို။
ဆော်ကြမ်း။ ။ ဟုတ်ပါတယ်။ အစကတော့ ဦးကြောင်စီစီနဲ့ပဲ တွေ့ကြဖို့ပါပဲ။ အခု ကျနော်ဝင်လာတာကတော့ ကြားဖြတ် အစီအစဉ်ပါ။ မေးစရာ ပြောစရာလေးတွေလည်း ရှိနေလို့ပါ။
ကြောင်စီ။ ။ သတိထားပါဦး ဝန်ကြီး၊ တော်ကြာ သမ္မတကြီး သိသွားရင် မကောင်းဘူးလေ။
ဆော်ကြမ်း။ ။ ဘာမှ သတိထားစရာမလိုဘူး။ သမ္မကြီးက ရေဘေးဒုက္ခသည်တွေကို သွားတွေ့ပြီး သနားချင်ယောင် ဆောင်နေရတယ်။ မအားဘူး။
စု။ ။ သနားချင်ယောင် ဆောင်တာတော့ မကောင်းပါဘူး။ တကယ်သွားတဲ့နောက် တကယ်ပဲ ကြင်နာသနားသင့်ပါတယ်။
ဆော်ကြမ်း။ ။ ကျုပ်တို့သမ္မတကြီးက သနားတယ်ဆိုတဲ့ ဝေါဟာရကို သေချာ မသိဘူးဗျ။
စု။ ။ သြော် … ဒီလိုလား။ ဒါဆို နောက်မှ ကျမတို့ အဖွဲ့ချုပ်ရုံးမှာ သနားနည်းသင်တန်းလေး ဘာလေး ဖွင့်ဦးမယ်။ ရှင်တို့ သမ္မတကြီးကို လာတက်ခိုင်းလိုက်ပေါ့။
ဆော်ကြမ်း။ ။ ကျုပ်လည်း လာတက်မယ်လေ။ အယ် … ယောင်ကုန်ပါပြီ။ ဒီမယ် ကျုပ်ပြောမယ် ဒေါ်အောင်ဆန်းစုကြည်။ ခင်ဗျားက သာမန်လူဖြစ်ပြီး ဘာလို့ သာမန်လူလို မနေချင်ရတာလဲ။
စု။ ။ ကျမက သာမန်လူလိုပဲ နေတာပဲ။ မင်းသမီးဝတ်စုံတွေ၊ နန်းဝတ်နန်းစားတွေ ဝတ်နေလို့လား။ ဘာဖြစ်လို့လဲ။
ဆော်ကြမ်း။ ။ ဘာဖြစ်ရမှာလဲ။ ခင်ဗျားက ပုဂံဘုရားတွေ ပြုပြင်ရမယ်၊ ပုဂံမိတ်ဆွေများအဖွဲ့ ဖွဲ့ရမယ် ဆိုပြီး လျှောက်ပြောတော့၊ ကျုပ်က အစိုးရရဲ့ ပြည်ထောင်စုဝန်ကြီးဖြစ်နေပြီး မလုပ်လို့၊ မပြောလို့ ဘယ်ကောင်းတော့မလဲ။ သမ္မတကြီးကလည်း တခုခု ပြောကို ပြောရမယ် ဆိုပြီး ကျုပ်ကို ပွမ်နေပြီ။
စု။ ။ အင်း … လုပ်လေ။ ကျမကလည်း ရှင်တို့ အဲဒီလို လိုက်လုပ်မယ်ဆိုတာသိလို့ အစဖော်ပေးခဲ့တာပဲဟာ။ အစိုးရ တရပ်အနေနဲ့ လုပ်တော့ ပိုကောင်းတာပေါ့။
ဆော်ကြမ်း။ ။ အလုပ်ကနောက် အပြောက အရင်ဗျ။ အရင်ဆုံး ခင်ဗျားကို နိုင်အောင်ပြောဦးမှာ။ သနားတယ်ဗျာ။ ခင်ဗျားက ပုဂံဘုရားတွေ ပြုပြင်သင့်တယ် လောက်ပဲ ပြောတာ။ ကျုပ်က လူသား ဘယ်ကစလဲ ဆိုတာကနေ စပြောမှာဗျ။
စု။ ။ ပြောပေါ့။ အများကြီးပြောလေ ပါးစပ်ညောင်းလေပဲ ဖြစ်မှာပေါ့။
ဆော်ကြမ်း။ ။ ညောင်းချင် ညောင်းပါစေဗျာ။ လူသားအစ ဘယ်ကလဲ ခင်ဗျားသိလား။
စု။ ။ ဒါဝင်ကြီး ပြောခဲ့တာတော့ မျောက်က စတာပဲ။
ဆော်ကြမ်း။ ။ သွားပြီ … အဲဒီမှာ လွဲသွားပြီ။ ဒါဝင်တွေ ဟိုဟာထွက်တွေ ကျုပ်မသိဘူး။ လူသားအစ မြန်မာကဗျ။ ဟားဟားဟား ...။ ဒါလေးတောင် မသိဘူးလား။
ထိုစဉ် ဦးကြောင်စီစီက “လူသားအစ မျောက်က၊ လူသားအစ မြန်မာက၊ လူသားအစ မျောက်က၊ လူသားအစ မြန်မာက” ဟူ၍ တဦးတည်း တတွတ်တွတ် ရွတ်နေလေသည်။
ဆော်ကြမ်း။ ။ ဒီမှာ ဒေါ်အောင်ဆန်းစုကြည် … ခင်ဗျားအနေနဲ့ မိကျောင်းမင်းကို ရေကင်းလာမပြပါနဲ့ဗျာ။ ပုဂံဘုရားတွေ၊ ရှေးဟောင်းအမွေအနှစ်တွေ ပြုပြင်ရမယ်ဆိုတာ ကျုပ်လည်းသိပါတယ်။
စု။ ။ သိပေမယ့် ကျမပြောမှ နောက်က လိုက်ပြောတာ မဟုတ်လား။
ဆော်ကြမ်း။ ။ ခင်ဗျား မပြောခင်ကတည်းက ကျုပ်တို့ ဘဘ ချိုကုပ်ဒူးကြီးက လုပ်ပြီးသားပါဗျ။
စု။ ။ ဘာလုပ်တာလဲ … ။ ပုဂံဘုရားပျက်တွေ ပေါ်မှာ ရွှေထီးတော်တွေ လိုက်တင်တာတို့၊ နံရံပန်းချီတွေပေါ် ထုံးသုတ်တာတို့၊ ထုံးစေတီကြီးတွေကို ရွှေရောင်သုတ်တာတို့လား။
ဒေါ်အောင်ဆန်းစုကြည်၏ စကားအဆုံးတွင် ဦးကြောင်စီစီက ရုတ်တရက် “ဟာ … သိပြီ” ဟု ထအော်လိုက်သဖြင့် နားထောင်နေသော ဦးရုက္ခစိုးပင် အနည်းငယ် လန့်သွားသည်။
ကြောင်စီ။ ။ လူသားအစ မျောက်က၊ လူသားအစ မြန်မာက ဆိုတော့ အီကွေးရှင်းချကြည့်ရင် မြန်မာအစ မျောက်ကပေါ့နော် … အဲဒါကြောင့် ထင်တော့ထင်တယ်၊ ဝန်ကြီးဦးဆော်ကြမ်းကို ဘယ်သူနဲ့တူပါလိမ့်လို့ ကြည့်နေတာ။ ဟိုတခါကလည်း ဧည့်ခံပွဲတခုမှာ ဝန်ကြီး မျောက်ကကတာ တွေ့လိုက်သေးတယ်။ အဲဒါ ရှေးဘိုးဘေးတွေကို ဂုဏ်ပြုတဲ့ အကလားဟင်။
ဦးကြောင်စီစီ၏ ကြောင်တောင်တောင် မေးခွန်းကြောင့် အခြေအနေက အနည်းငယ် တင်းမာသွားသည်။ ဦးဆော်ကြမ်းက ဒေါသကြောင့် ဆွေ့ဆွေ့ခုန်နေသည်။ သူ ခုန်သော်လည်း ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးကြောင်စီစီတို့၏ ပုခုံးကို မကျော် နိုင်ပေ။ ဦးကြောင်စီစီက မျက်ရိပ်ပြလိုက်သဖြင့် ဆွေ့ဆွေ့ခုန်နေသော ဦးဆော်ကြမ်းကို သူ၏ သက်တော်စောင့် တဦးက ချိုင်းမှ မ၍ စိမ်းလဲ့ကန်သာ အနောက်ပေါက်မှ ဆွဲထုတ်သွားသည်။
ပြင်ပတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးကြောင်စီစီတို့၏ သတင်းစာ ရှင်းလင်းပွဲအတွက် သတင်းထောက်များ စောင့်ဆိုင်းနေသဖြင့် သူတို့ ၂ ဦး ထွက်သွားကြသည်။ အခန်းထဲတွင် ဖြစ်ပွားခဲ့သော တင်းမာမှုများကြောင့် ၎င်းတို့ မျက်နှာများတွင် စိတ်ရှုပ်ထွေးနေသည့်ဟန် ဖြစ်ပေါ်နေသည်ကို မသိကြဘဲ သတင်းများက အမျိုးမျိုး ဝေဖန် ရေးသားကြလေသည်။
ထို့အပြင် ထို ဆွေးနွေးပွဲ အဘယ်ကြောင့် ၁ နာရီကျော် ကြာသွားရသည်ကို သိသူမှာလည်း အထက်ပါ လူ ၃ ဦးအပြင် ဦးရုက္ခစိုး တပါးတည်းသာ ရှိသောကြောင့် မိတ်ဆွေတော်ကြီးများ ဖြစ်ကြသည့် ဖိုးရှုပ်နှင့် ကြွက်စုတ်တို့အား ပြန်လည် ဖောက်သည်ချရန် အမြန်ဆုံးနည်းဖြင့် ကိုယ်ယောင်ဖျောက်ကာ ထိုနေရာမှ ထွက်ခွာသွား လေတော့သတည်း။
No comments:
Post a Comment