Saturday, July 23, 2011

ရေမြေဆုံးတိုင်

သဲသဲ

ဒေါ်စုစုကြည် ပင်တိုင်လုပ်နေရတဲ့ အလုပ်တခုကတော့ နယ်ဝေးမှာ နိုင်ငံရေးကြောင့် အကျဉ်းကျနေတဲ့ သူ့မိသားစုဝင် ၅ ယောက်ဆီကို အလှည့်ကျ ထောင်ဝင်စာတွေ့နေရတာပဲ ဖြစ်ပါတယ်။

သမီး မသက်သက်အောင်က မြင်းခြံထောင်မှာ ၆၅ နှစ်၊ သားမက် ကိုချစ်ကိုလင်းက ပခုက္ကူထောင်မှာ ၇ နှစ်၊ ၆၃ နှစ်အရွယ် အစ်မဖြစ်သူ ဒေါ်စန်းစန်းတင်က မိတ္ထီလာထောင်မှာ ၅ နှစ်၊ တူမ မနိုးနိုး (ခေါ်) နွဲ့နှင်းရီကတော့ မအူပင်ထောင်မှာ ၇ နှစ်နဲ့ တူ ကိုကျော်စွာဌေးက ကချင်ပြည်နယ် ဗန်းမော်ထောင်ထဲမှာ ၁၄ နှစ် ၆ လ ထောင်ကျနေပါတယ်။

“လမ်းပန်းဆက်သွယ်ရေး မကောင်းတော့ လှေတတန်၊ ကုန်းတတန် သွားရတယ်။ နှစ်တွေလည်း နည်းနည်း ကြာလာပြီဆိုတော့ စီးပွားရေး အဆင်မပြေဖြစ်တာတွေလည်း ပါတယ်” လို့ ဒေါ်စုစုကြည်က ပြောရင်း တယ်လီဖုန်းလိုင်း အတန်ကြာ အသံတိတ်သွားတယ်။

“မသက်ရဲ့ (ကလေး) အကြီးနှစ်ယောက်ကို အန်တီ့အစ်မ အိမ်မှာထားခဲ့ပြီး အငယ်ဆုံးကလေးကို အန်တီနဲ့အတူခေါ်သွားရတာ။ တခေါက်သွားရင် ၁ဝ ရက်ကျော်ကြာတယ်။ ကလေးက တောက်လျှောက်လိုက်ရတော့ ခရီးပန်းပြီး ဖျားနေတယ်။ နေမကောင်းတဲ့ ကလေးကို ထားခဲ့ပြီး နောက်တခေါက် အန်တီ ဘယ်လိုသွားရမလဲ မသိဘူး"

မြေးအငယ်ဆုံးက ၂ နှစ်သား အရွယ်ကထဲက သူထောင်ဝင်စာတွေ့တိုင်း လိုက်လေ့ရှိတာ အခုဆို ကလေးတောင် ငါးနှစ်သားရှိနေပြီ။

၂ဝဝ၇ တုန်းက ရန်ကုန်မှာ ၈၈ မျိုးဆက် ကျောင်းသားအဖွဲ့တွေ ဆန္ဒပြအပြီး ရက်ပိုင်းအတွင်း သမီး မသက်သက်အောင်နဲ့ သမက် ကိုချစ်ကိုလင်း အဖမ်းခံခဲ့ရတာပါ။ သူတို့အဖမ်းခံရပြီးကထဲက မြေး ၃ ယောက် ဖွားအေလက်ပေါ်ပဲ ကြီးခဲ့ရတာပါ။

‘‘မြေးအငယ်ဆုံးဆိုရင် ကျန်ခဲ့တုန်းက နို့တောင် မပြတ်သေးဘူး။ နောက်ပြီးသူက မွေးကထဲက သွေးလဲ ထားရတယ်လေ။ သူ့ဆိုရင် ထိန်းမပေးရဲကြဘူး။ သူနဲ့ မတည့်တာတွေလည်း များတယ်။ နေမကောင်းရင်တောင်ဆေးတိုက်ဖို့ ကြောက်ကြတော့ အန်တီပဲ ခေါ်သွားရတာ။ သူကလည်း အဖွားနောက်ပဲ လိုက်ကပ်တယ်’’

အသက် ၅၆ နှစ်အရွယ် ဒေါ်စုစုကြည်အတွက် ထောင်ဝင်စာ တွေ့ခွင့်မရဘဲ ပြန်ခဲ့ရတဲ့ ရက်တွေလည်း ရှိခဲ့ဖူးပါတယ်။

တကြိမ်မှာတော့ မိတ္တီလာတောင်မှာ တခြားသူတွေ ထောင်ဝင်စာတွေ့ချိန် တနာရီရပေမယ့် သူ့ကို နာရီဝက်ပဲ ခွင့်ပြုတော့ ဆန္ဒပြတဲ့အနေနဲ့ တနာရီမထတမ်း စကားဆက်ပြောခဲ့ကြတယ်။ အကျိုးဆက်ကတော့ အစ်မဒေါ်စန်းစန်းတင်ကို နိုင်ငံရေး အကျဉ်းသားတွေထားတဲ့ သီးသန့်အခန်းကနေ ရာဇဝတ်သားတွေနဲ့အတူ ရောနှော ထားလိုက်တာပါပဲ။ ထောင်ထဲမှာ ဆေးကုမပေးလို့ အမ ဘယ်ဘက်မျက်လုံး ကွယ်သွားခဲ့တယ်လို့ သူက စွပ်စွဲပါတယ်။

သူပိုင်တိုက်ခန်း ရောင်းခဲ့ရပြီးပေမယ့် မိသားစုတွေ ပြန်လွတ်တဲ့အထိ ထောင်ဝင်စာ ပိုက်ကာ လိုက်နေအုံးမယ်လို့
ဒေါ်စုစုကြည်က ပြောပါတယ်။

“ရန်ကုန်မှာ မဟုတ်တောင် နယ်က ထောင်တခုထဲမှာ စုထားပေးရင် တော်သေးတယ်။ သူတို့ကိုလည်း ဖမ်းထားတယ်၊ အန်တီတို့ကိုလည်း နှိပ်စက်ထားသလိုပဲ”

သူလို ထောင်ဝင်စာပုံမှန် အားခဲတွေ့နေရသူ နိုင်ငံရေး အကျဉ်းသား မိသားစုဝင် ၂ဝ ကျော် ဇူလိုင် ၁ဝ ရက်ကဒေါ်စုစုကြည်ရဲ့ စမ်းချောင်း ဇလွန်လမ်းအိမ်မှာ ဆုံခဲ့ကြပါသေးတယ်။ သံတိုင်နောက်က မိသားစု ဆွေမျိုးတွေကို ကူညီဖို့ စုပေါင်းဖလှယ်ကြတာလို့ ဆိုပါတယ်။

ကျောင်းသားခေါင်းဆောင် ကိုဒီငြိမ်းလင်း (ခန္တီးထောင်)၊ ကိုစည်သူမောင် (ဘူးသီးတောင်ထောင်) နဲ့ ၈၈ မျိုးဆက်ကျောင်းသား ကိုဇော်ထက်ကိုကို (ကျောက်ဖြူထောင်) တို့ရဲ့ မိခင်တွေ၊ ကုန်ဈေးနှုန်း ကျဆင်းရေး ဆန္ဒပြသူ ကိုထင်ကျော် (ခန္တီးထောင်) ရဲ့ ဇနီး၊ ၈၈ ကျောင်းသား ကိုသန်းတင် (စစ်တွေထောင်) ရဲ့ နှမ၊ ဗကသ ကျောင်းသူ မဟန်နီဦး (လားရှိုးထောင်) ရဲ့ ဖခင်တို့ ဖြစ်ပါတယ်။ မကြာခင်ကမှ လွတ်လာတဲ့ နိုင်ငံရေးအကျဉ်းသားဟောင်း အဆိုတော် ဇေယျာသော်လည်း လာခဲ့ပါတယ်။

ဒီကနေ ထောင်တွင်းဆေးကုသဖို့ လိုအပ်နေသူတွေအတွက် တတ်အားသရွေ့ ငွေကြေး ထည့်ဝင်သလို ထောင်ဝင်စာ သွားတွေ့မယ့်သူတွေအတွက် အစားအသောက်တွေ ကူညီချက်ပြုတ်ပေးကြပါတယ်။

‘‘စည်သူမောင့် အမေဆိုရင် သူ့ယောက်ျားကို လွိုင်ကော်ထောင်မှာ တွေ့ခဲ့ပြီးပြီ။ အခု သူ့သားကိုတွေ့ဖို့ ရခိုင်ဘက် ထပ်သွားရအုံးမယ်’’ လို့ ဒေါ်စုစုကြည်က ပြောပြပါတယ်။

ဗန်းမော်ထောင်မှာရှိတဲ့ သားဖြစ်သူ ၈၈ မျိုးဆက် ကျောင်းသားခေါင်းဆောင် ကိုပဏ္ဍိတ်ထွန်းဆီ ထောင်ဝင်စာတွေ့နေတဲ့ မိခင် ဒေါ်ညွန့်ညွန့်ဦးကတော့ “အန်တီက ကျန်းမာရေး မကောင်းတော့ သားကို မတွေ့နိုင်တာ ၆ လတောင် ကြာတယ်။ ပြီးခဲ့တဲ့ ဇွန်လကုန်ကမှ တွေ့နိုင်တယ်။ ခရီးကြမ်းလို့ အန်တီရောက်တော့ နေမကောင်းကို ဖြစ်တာ။ ဒါပေမဲ့ သားစိတ်ဆင်းရဲမှာ စိုးလို့ ဖီးလိမ်းသွားရတာပဲ” လို့ ဆိုပါတယ်။

မြန်မာနိုင်ငံတဝှမ်းထောင်တွေမှာ နိုင်ငံရေး အကျဉ်းသား ၂ဝဝဝ နီးပါး ကျန်နေတုန်းပါ။

အစိုးရသစ် တက်လာတော့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွတ်လာမယ်လို့ မျှော်လင့်ခဲ့ပေမယ့် တနှစ်လျှော့ပေါ့ ခပ်ပြတ်ပြတ် အမိန့်ကြောင့် အကျဉ်းသားပေါင်း ၁၄၆ဝဝ ပေးလွှတ်တဲ့အနက် နိုင်ငံရေးအကျဉ်းသား ၅ဝ ကျော်ပဲ ပါလာပါတယ်။

“နောက်တခါတော့ အန်တီ ထပ်မမျှော်တော့ပါဘူး” လို့ ဒေါ်စုစုကြည်က ရယ်သံနှောကာ ပြောပါတယ်။

“အမေတယောက်အနေနဲ့ ပြောရရင် ထောင်ကျနေတာကို အန်တီမကြိုက်ဘူး။ ဒါပေမဲ့ သူတို့လွတ်လာရင်လည်း မလုပ်နဲ့လို့ အန်တီမတားဘူး။ ဘာလို့ဆိုတော့ သူတို့က တိုင်းပြည်အတွက်၊ အများအတွက် ယုံကြည်ချက်နဲ့ ဒုက္ခခံနေတာ။ အန်တီကတော့ သူတို့မလွတ်သေးသရွေ့ ထောင်ဝင်စာအတွက် ဆက်လုပ်နေရမှာပဲ။ သေခါမှသေရော” လို့ ဆိုလိုက်တဲ့ သူ့အသံက ကျယ်လောင်စွာ ထွက်ပေါ်လာပါတယ်။



No comments: