Sunday, July 31, 2011

သားမယား ပြုကျင့်ရန် ကြံစည်မှုကြောင့် မာရမာ မိသားစု ၃ ဦး အသတ်ခံရ

မောင်ရမ္မာ

ဘင်္ဂလာ ဒေ့ခ်ျနိုင်ငံ စစ်တကောင်း တောင်တန်းနယ် ဘင်ဒရိုဘင် ( ရွာတော်) ခရိုင် လမားမြို့နယ်ရှိ ဘင်္ဂါလီ အခေါ် နော်ရပါရာ၊ ရခိုင်အခေါ် ရွှေအောင် (မာဇောင်းရွာ) ၌ ယနေ့ နံနက် ၁၀ ရီခန့်တွင် သားမယားပြုကျင့်ရန် ကြံရွယ်မှု တစ်ခုတွင် မိသားစုသုံးဦး အသတ်ခံ လိုက်ရ သည်ဟု သတင်း ရရှိသည်။

အသတ်ခံရသူ မိသားစုသုံးဦးမှာ အဖိုးဖြစ်သူ ဦးအောင်သာဦး (အသက် ၆၅နှစ်)၊ သမီးဖြစ်သူ လှမိုးသူ (အသက် ၃၆နှစ်)နှင့် ၈ နှစ်သားအရွယ် မြေးယောက်ျားလေး တဦးတို့ ဖြစ်သည်။

သေဆုံးရပုံနှင့် ပတ်သက်ပြီး ဒေသခံတဦးက " ဒီနေ့ နံနက် ၁၀ နာရီလောက်မှာ အသတ်ခံရတာ ဖြစ်ပါတယ်။ ဘင်္ဂလီ အမျိုးသားတဦးက သေဆုံးသွားတဲ့ မိသားစု အလုပ်လုပ်နေကြတဲ့ ယာတဲနားကို ရောက်လာပြီးတော့ ပထမ ဆုံး အဖိုးကြီးဆီက သစ်ပင်တပင် ခုတ်စရာရှိတယ်။ ဓါးကို ခဏ ငှားပါ ဆိုပြီး တောင်းပါတယ်။ ဓါးရတာနဲ့ အဖိုးကြီးကို ခုတ်သတ်လိုက်တယ်။ နောက်တခါ အဖိုးကြီးရဲ့သမီးဖြစ်သူ ဒေါ်လှမိုးသူကို ခုတ်သတ် လိုက်တယ်။ နောက်ပြီးတော့ အနားမှာရှိတဲ့ အဖိုးကြီးရဲ့ မြေး၊ ဒေါ်လှမိုးသူရဲ့သား ၈နှစ်အရွယ်ကလေးငယ်ကို ခုတ်သတ်လိုက်တယ်။ အဲဒီ နေရာမှာဘဲ သုံးဦးစလုံး သေဆုံးသွားတာဖြစ်တယ်။"

ဓါးဖြင့် ခုတ်သတ်သူ မူဆလင်အမျိုးသားမှာ အသက် ၂၀ အရွယ် အဘူလ်မူဆိန်းဖြစ်ပြီး သေဆုံး သွားသည့် ဒေါ် လှမိုးသူ၏ သမီး ၁၄ နှစ်အရွယ် ဦးမသိန်းကို သားမယား အဖြစ် ပြုကျင့်ရန် အကြံ အစည်ဖြင့် ရောက်ရှိလာစဉ် မြေးအဖိုး သုံးယောက် စလုံးကို အရင် အသတ်ခံလိုက်ခြင်း ဖြစ်သည်။

ဦးမသိန်း လွတ်မြောက်လာခြင်းနှင့်ပတ်သက်ပြီး အဆိုပါ ဒေသခံက " ဦးမသိန်းက အိမ်ထဲမှာ ရှိနေတယ်၊ အပြင်မှာ အဖိုး၊ အမေနဲ့ မောင်လေးကို ခုတ်သတ် နေတာကို မြင်လို့ ကြောက်ရွံ့နေတဲ့ ဦးမသိန်းကို လည်ပင်းပေါ် ဓါးတင်ပြီး သားမယားအဖြစ် ပြုကျင့်ဖို့ အကြံနဲ့ အိမ်ပေါ်ကို တက်ဆိုပြီး ခြိမ်းခြောက်တဲ့ အခါ ဦးမသိန်းက ရှင် အယင်တက်၊ ကျွန်မ နောက်က တက်မယ်ဆိုပြီး ဘင်္ဂါလီ အမျိုးသား အိမ်ပေါ်အတက်မှာ ဦးမသိန်းက ထွက်ပြေး လွတ်မြှောက်လာတာ ဖြစ်ပါတယ်။"

ထွက်ပြေး လွတ်မြောက်လာသူ ဦးမသိန်း၏ အကူအညီ တောင်းမှုကြောင့် အနီးအနားကျေးရွာမှ လူများက ရဲစခန်းကို သွားရောက်တိုင်ကြားခဲ့ရာ ရဲမှ လူသတ်တရားခံကို ဖမ်းဆီးနိုင်ခဲ့ပြီး စစ်ဆေး မေးမြန်းမှုများ ပြုလုပ်နေ သည်ဟု သိရသည်။

သေဆုံးသွားသူ၏ ရုပ်အလောင်းများကို ဘင်ဒရိုဘင်ခေါ် ရွာတော်မြို့သို့ စစ်တပ်မှ ယူဆောင် သွားပြီဖြစ် ကြောင်း သိရသည်။

ယခုအခါ ဒေသခံ မာရမာ ဗုဒ္ဓဘာသာများနှင့် ဘင်္ဂလီ လူမျိုးများ အကြား ပြဿနာ ဖြစ်ပွားလာမည်ကို စိုးရိမ်သဖြင့် ဒေသခံစစ်တပ်က တောင်ပေါ်သားများကို အခင်းဖြစ်ပွားရာ နေရာသို့ သွားလာခွင့် မပြုဘဲ ပိတ်ပင်ထား သည်ဟု သိရသည်။

အဆိုပါ ဒေသသည် မရမာ အမည်ခံ ရခိုင်မျိုးနွယ်စုနှင့် မြို၊ မြုံ စသော ဗုဒ္ဓဘာသာဝင် အများစု နေထိုင်ရာ ဒေသဖြစ်သည်။

No comments: