ဦးမျိုး (ဥပဒေ)
လေ့လာသုံးသပ်ချက် စာတမ်း
(၆) အဓမ္မ လယ်ယာမြေ သိမ်းယူမှုများနှင့် အနိုင်ကျင့်မှုများ။
၁။ ဧရာဝတီတိုင်း၊ အင်္ဂပူမြို့နယ်၊ ငှက်ပျောတောနှင့် ကံကုန်းကျေးရွာက လယ်သမား ၁၇ ဦး လုပ်ကိုင် စားသောက်နေသော လယ်မြေများနှင့် ဆက်စပ်ကာ ပေါ်ထွန်းလာသည့် မြေနုကျွန်းမြေများကို ကျွဲကုန်းကျေးရွာအုပ်စု ဥက္ကဋ္ဌ၊ အတွင်းရေးမှူးနှင့် မြေတိုင်းစာရေးတို့က မတရား သိမ်းယူခဲ့သည်။ ထို့နောက် သိမ်းထားသောမြေနုကျွန်းမြေများကို ၎င်းကျေးရွာအာဏာပိုင်များက အလျား အလံ ၂ဝဝ၊ အနံ အလံ ၅ဝ မြေကွက်များရိုက်ပြီး၊ ၂ဝဝ၇ ခုနှစ်တွင် ပေါ်သော မြေကွက်ကို တကွက် ၃ သောင်းကျပ်၊ ၂ဝဝ၈ ခုနှစ် ပေါ်သော မြေကွက်ကို တကွက်လျှင် ၅ သောင်းကျပ်နှုန်းဖြင့် မြေကွက် စုစုပေါင်း ၂ဝ ကို ပြန်လည်ရောင်းစားကာ ကိုယ်ကျိုးရှာခဲ့သည်။ (RFA ၁၂ - ၁ - ၂ဝဝ၉)
၂။ ၂ဝ၁ဝ ခုနှစ် သြဂုတ်လ ၁၃ ရက်နေ့က ရန်ကုန်တိုင်း လှည်းကူးမြို့နယ် ဝါးရုံစွန်းကျေးရွာသို့ မြို့နယ်ကြံ့ခိုင်ရေးမှ ဦးလှသန်းနှင့် အဖွဲ့ရောက်လာပြီး လယ်သမားနှင့် လက်လုပ်လက်စား လယ်ကူလီ ၃ဝဝ ခန့်ကို စိုက်ပျိုးစရိတ် ထုတ်ချေးမည်ဆိုပြီး ကျေးရွာ ဘုန်းကြီး ကျောင်း၌ လူစုခဲ့သည်။ ၁ဝဝ ကျပ်လျှင် တကျပ်ခွဲ အတိုးနှုန်းဖြင့် ငွေထုတ်ချေးရာတွင် အာဏာပိုင်များနှင့် နီးစပ်သူများအား ၂ သိန်းမှ ၄ သိန်းအထိ ထုတ်ချေးသော်လည်း လယ်သမားအများစုကိုမူ ၁ သောင်း၊ ၂ သောင်း လောက်သာ ချေးသောကြောင့် ထိုသို့ မမျှတမှုအား မကျေနပ်၍ ထောက်ပြပြောဆိုသော ဝါးရုံစွန်းရွာသား ကိုဇော်မင်းဦးကို ဒါးပိန်ရဲစခန်းက ဖမ်းဆီးခေါ်ဆောင် သွားခဲ့သည်။ (RFA ၁၄ - ၈ - ၂ဝ၁ဝ)
၃။ ယုဇန ကုမ္ပဏီသည် ကချင်ပြည်နယ် လီဒိုလမ်းမကြီးဘေးတလျှောက်ရှိ မြေဧက ၂ သိန်းကျော်ကို နအဖ စစ်အစိုးရထံမှ ၂ဝဝ၆ ခုနှစ်တွင် လုပ်ပိုင်ခွင့် ဝယ်ယူ ရရှိခဲ့သည့်အပြင် ဟူးကောင်းချိုင့်ဝှမ်း ကျားဘေးမဲ့တောရှိရာဒေသရှိ မြေဧက ၄ သိန်းခန့်ကိုပါ ထပ်မံ တိုးချဲ့ သိမ်းယူခဲ့သည်။ (BBC ၁၃။ ၁၉။ ၂၅ - ၈ -၂ဝ၁ဝ)
၎။ ၂ဝဝ၉ ခုနှစ် စက်တင်ဘာလအတွင်း မကွေးတိုင်း မကွေးမြို့နယ် မြို့သစ်မြို့ရှိ ကျေးရွာတောင်သူများအား မယက ဥက္ကဋ္ဌ အမိန့်ဖြင့် နှစ်လွန် ဓာတ်မြေသြဇာများကို အတင်းအဓမ္မ ဝယ်ယူခိုင်းခဲ့ပါသည်။ စလေ ဓာတ်မြေသြဇာပေါက်ဈေးမှာ ၁ သောင်း ၂ ထောင်ကျပ်သာ ရှိသော်လည်း တောင်သူများအား ၂ သောင်းနှုန်းဖြင့် အဆမတန်ဈေးတင်သည့်အပြင် မြေသြဇာများမှာ နှစ်ချို့ပြီး အခဲများ ဖြစ်နေသောကြောင့် တောင်သူများက ဝယ်ယူရန်ငြင်းဆန်ခဲ့ကြသည်။ ထိုအခါ မယက - ရယက များကို ဖိအားပေးကာ အိတ်များ၏ တဝက်ကို တောင်သူများအား ရအောင်ရောင်း၊ ကျန်တဲ့ အိတ်တွေကို ရယကတွေ သုံးထားဟူ၍ ကြီးနိုင်ငယ်ညှင်း ခိုင်းစေခဲ့သည်။၂ဝ၁ဝ ခုနှစ် ဇူလိုင်လတွင် မြေသြဇာဖိုး ပြန်ဆပ်ခိုင်းသည့်အခါ တောင်သူများရော ရယက များပါ မဆပ်နိုင် ဖြစ်ကြရသည်။ ထို့အပြင် မယက ဥက္ကဋ္ဌ ဦးတင်နိုင်စိုးက ၎င်းအတွက် မြေဆီတလုံးအပေါ်တွင် ၂ ထောင်ကျပ် သီးခြားကောက်ခံ ပါသေးသည်။ မြေသြဇာ အိတ်ဖိုးငွေ မပေးချေနိုင်သည့် ထန်းတပင်၊ လဲလူ၊ မန်ကျဉ်းတူး၊ ထောက်ရှားတန်း၊ ကံစွယ်၊ ဆင်ဖြူကျဉ်း၊ တပ်ကုန်း စသည့် ရွာများမှ ရယက အဖွဲ့ဝင်များနှင့် တောင်သူ ၂ ဦး အပါအဝင် စုစုပေါင်း ၈ ဦးကို မြို့နယ်ရဲများက ဇူလိုင်လ ၂ဝ ရက်နေ့က လာရောက်ဖမ်းဆီးသွားပြီး ပုဒ်မ ၄ဝ၆ အလွဲသုံးစားမှုဖြင့် တရားစွဲဆိုခဲ့သည်။ (RFA ၃ဝ - ၇ - ၂ဝ၁ဝ)
၅။ မွန်ပြည်နယ်တွင် ၁၉၉၇ မှ ၂ဝဝ၂ ခုနှစ်အထိ မြို့နယ်အာဏာပိုင်များနှင့် တပ်ရင်းမှူးများ၏ အမိန့်ဖြင့်မြေသိမ်းခြင်း၊ ခြံများသိမ်းခြင်း၊ ခြံထွက်သီးနှံများ သိမ်းခြင်း။ နောက်သိမ်းထားသည့် မြေပေါ်တွင် မူလပိုင်ရှင် လယ်သမားများကို ပြန်အငှားချသည်။ အဓမ္မပြန်စိုက်ခိုင်းသည်။ ၂ဝ၁ဝ နောက်ပိုင်းတွင် ကျိုက်မရောမြို့နယ်အတွင်း ဘိလပ်မြေစက်ရုံ တည်ဆောက်ရေး စီမံကိန်းအတွက် လယ်မြေဧက ၆ဝဝ ကို ဇေကမ္ဘာ ကုမ္ပဏီပိုင်ရှင် ဦးခင်ရွှေကဒေသဆိုင်ရာ အာဏာပိုင်များနှင့် ပူးပေါင်းပြီး သိမ်းယူခဲ့သည်။
၆။ ၂ဝ၁ဝ နှစ်ကုန်ပိုင်းတွင် မကွေးတိုင်း သရက်ခရိုင် ကမ္မမြို့နယ် စစ္စရံ ကျေးရွာအုပ်စုရှိ လယ်ဧက ၄ဝဝဝ ကျော်
ပေါ်တွင် ကော့စတစ်ဆိုဒါ စက်ရုံဆောက်ရန်ဆိုပြီး အာဏာပိုင်များက လျော်ကြေးမပေးဘဲ သိမ်းယူရန် သတ်မှတ်ထားသည်။ ထိုစက်ရုံမှာ ထူးကုမ္ပဏီနှင့်
မြန့်မာစီးပွားရေး ဦးပိုင်လီမိတက်တို့ ပူးပေါင်းဆောက်လုပ်နေသည့် စက်ရုံဖြစ်သည်။
၇။ ၁၉၉၂ ခုနှစ်တွင် ရှမ်းပြည်နယ်တောင်ပိုင်း ဟိုပုန်းမြို့ အရှေ့မြောက်ဘက်၌ စစ်ဗျူဟာကွင်း နေရာအတွက် ဧက ၂ သောင်းကျော်နှင့် စစ်လေ့ကျင့်ရေးကွင်းအတွက် ဧက ၆ ထောင်ကျော် သိမ်းယူခဲ့သည်။ ၂ဝဝ၅ ခုနှစ်တွင် ဆီဆိုင်မြို့နယ် အခြေစိုက် ခမရ ၄၂၃ နှင့် ၄၂၄ တို့က မြေဧက ၅ ထောင်ကျော် သိမ်းယူခဲ့သည်။
၈။ ရခိုင်ပြည်နယ်မှာ လယ်မြေဧက ၁ သန်း ဝန်းကျင်၊ ယာမြေဧက ၂၅ဝဝဝ ခန့်၊ နုံးတင်မြေနု ကျွန်းဧက ၁၆ဝဝဝ၊ ဥယျဉ်ခြံမြေ ဧက ၃ သောင်းကျော်၊ ဓနိတောမြေ ဧက ၁၇ဝဝဝ ခန့်နှင့် တောင်ယာမြေ ဧက ၁၆ဝဝဝ ကျော် အသိမ်းခံရသည်ဟု ဆိုသည်။
၉။ ၂ဝဝ၆ ခုနှစ် ဒီဇင်ဘာလနှင့် ၂ဝဝ၇ ခုနှစ် စက်တင်ဘာလ စာရင်းများအရ ပဲခူး၊ ရန်ကုန်၊ ဧရာဝတီ၊ ရခိုင်၊ ရှမ်း၊ ကရင်နီ ဒေသကြီး ၆ ခုက လယ်သမား စုစုပေါင်း ၄၆၇ ဦး၏ ဆုံးရှုံးခဲ့သည့် မြေဧကပေါင်းမှာ ၅ဝ၈၃ ဧကဖြစ်ပြီး၊ တန်ဖိုး ကျပ်သိန်းပေါင်း ၃၂၅၉.၈ ဖြစ်သည်။ သီးနှံနှင့် အခြား ဆုံးရှုံးမှုပေါင်း ၁၁၃၃.၇ သိန်း။ စုစုပေါင်း တန်ဖိုး ၄၃၇၂.၅ သိန်းဖြစ်ပြီး၊ ပြန်ရသည့် လျှော်ကြေး ၄၂.၃ သိန်းသာ ရှိသည်။ နှစ်စဉ် ဆုံးရှုံးနေရသည့် ဝင်ငွေမှာ ကျပ်သိန်းပေါင်း ၁၈၄၂ ခန့် ရှိသည်။ မြေသိမ်းသူများမှာ ကြံ့ဖွတ်၊ အာဏာပိုင်၊ စစ်တပ်နှင့် နီးစပ်သော တသီးပုဂ္ဂလများနှင့် အဖွဲ့အစည်းများ၊ အစိုးရဌာနများ၊ ကုမ္ပဏီများ၊ မြေယာ ဦးစီးဌာန၊ တပ်ရင်း တပ်ဖွဲ့များနှင့် ရဲတပ်ဖွဲ့များ ဖြစ်သည်။
၁ဝ။ ရန်ကုန်-ပဲခူး ကားလမ်းမကြီး၏ မိုင်တိုင် ၃၇ နှင့် ၃၈ ကြားနေရာမှာ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက မြေဧက ၂ဝဝ၊ ဒုဗိုလ်ချုပ်ကြီး အေးသောင်က ဧက ၄ဝဝ၊ ဒုဗိုလ်ချုပ်ကြီးတင်ဦးက ဧက ၂ဝဝ ကျော်၊ ရှေ့နေချုပ် ဦးသာဒွန်းက ဧက ၂၅ဝ၊ တရားသူကြီးချုပ် ဦးအောင်တိုးက သမီးအမည်နှင့် ဧက ၂၅ဝ စသဖြင့် ရယူပိုင်ဆိုင်ထားသည်။ ထိုမြေများပေါ်တွင် လက်မဲ့လယ်သမားများကို အာဏာနှင့် အတင်းအဓမ္မ ပြန်စိုက်ခိုင်းသလို၊ အချို့က တဧကလျှင် စပါးတင်း ၃ဝ နှုန်းနှင့် သီးစားပြန်ချ လုပ်ကိုင်သည်များလည်း ရှိသည်။
၁၁။ ဧရာဝတီတိုင်း အိမ်မဲမြို့နယ် ကြခတ်တုတ် ကျေးရွာအုပ်စုတွင် ကျေးရွာရယက က ဦးစီး၍ ပခုက္ကူမြို့နယ်ရွှေသီးနှံကုမ္ပဏီမှ ထုတ်လုပ်သည့် ဓာတ်မြေသြဇာများကို လယ်သမားများထံ အတင်းအဓမ္မ ရောင်းချခဲ့သည်။ ထိုသို့ရောင်းချရာတွင် ၎င်းတို့ရောင်းသော မြေသြဇာကို သုံးပါက စပါးအထွက် ပိုမည်ဖြစ်ကြောင်း၊ ပိုမထွက်လျှင်မြေသြဇာဖိုး လုံးဝပေးစရာ မလိုကြောင်း ဂတိပေးခဲ့သေးသည်။ တကယ်တမ်းတွင်မူ ထိုဓာတ်မြေသြဇာများ သုံးစွဲခဲ့သော လယ်ယာမြေများတွင် အပင်များ လောင်မီးကျကာ ယခင်ထွက်နှုန်းကိုပင် မမီတော့ဘဲ အထွက် ကျဆင်းခဲ့ပါသည်။ ထိုအဖြစ်အပျက်နှင့် ပတ်သက်၍ လယ်သမားများက ကျေးရွာ အာဏာပိုင်များကို လယ်ကွင်းများသို့ခေါ်ပြ၍ ဓာတ်မြေသြဇာဖိုး မပေးချေနိုင်ကြောင်း အကျိုးအကြောင်း ရှင်းပြခဲ့ပါသည်။ သို့သော် ရွှေသီးနှံကုမ္ပဏီက မြို့နယ်နှင့် တိုင်း အာဏာပိုင်များသို့ တိုင်ကြားကာ အိမ်မဲမြို့နယ် တရားရုံးမှတဆင့် လယ်သမား ၂ဝဝ နီးပါးအားမြေသြဇာဖိုး မပေးချေသည့်အတွက် တရားစွဲဆိုခဲ့သည်။ (RFA ၁၇ - ၂ -၂ဝဝ၉)
၁၂။ ပဲခူးတိုင်းအနောက်ခြမ်း ရန်ကုန်-ပြည် လမ်းမကြီးတလျှောက် မြို့ကြီးများမှ စပါးအဝယ်ဒိုင်များကို စစ်တပ်က ကျောထောက် နောက်ခံ ပေးထားပြီး စပါးဈေးကို ထိန်းချုပ်ကစားလျက်ရှိသည်။ သုံးဆယ် ကိုခင်မြင့်၊ ကြို့ပင်ကောက် ကိုပြားကြီး၊ လက်ပံတန်း ကိုပဲကြီးတို့သည် ပဲခူးတိုင်း အနောက်ခြမ်းတွင် နာမည်ကြီး တပ်ရိက္ခာ အဝယ်တော်ကြီးများ ဖြစ်သည်။ ၂ဝဝ၈ ခုနှစ်တွင် စစ်တပ်က စပါးတင်း ၁ဝဝ ကို ကျပ် ၂ သိန်း ၇ သောင်းဈေးဖြတ်ပြီး၊ ကိုပြားကြီးကို ကောက်ခိုင်းရာ ကိုပြားကြီးက လယ်သမားများကို ထပ်မံ၍ ဈေးနှိမ်ကာ ၂ သိန်းဈေးသာပေးခဲ့သည်။ ရောင်းလိုအား များသည့် အခါမျိုးနှင့် တိုက်ဆိုင်ပြီး ဈေးကစားကာ ဦးချိုး ဝယ်ယူလေ့ရှိသောကြောင့် စပါးတင်း ၁ဝဝ လျှင် ၃ သိန်း အထက်ရရမည်ကို ၂ သိန်းခွဲဝန်းကျင်သာ ရတတ်သောကြောင့် လယ်သမားများမှာ စိတ်သောက ရောက်နေကြရသည်။ (မဇ္ဈိမ အောင်ထက် ၁၆ - ၁ဝ - ၂ဝဝ၉)
၁၃။ မြန်မာနိုင်ငံ၏ စပါးစိုက် ဧရိယာမှာ ဧက သန်း ၂ဝကျော်ထိ ရှိလာခဲ့ပြီး၊ စပါးတင်း သန်းပေါင်း ၁၆ဝ ထိ ထွက်ရှိကြောင်း တရားဝင် ထုတ်ပြန်ချက်များအရ သိရသည်။ နှစ်စဉ် စိုက်ဧရိယာနှင့် ထွက်နှုန်းမှာ ထုတ်ပြန်ချက်များ အရ တိုးတက်လာသော်လည်း မပြောင်းလဲသေးသည်မှာ တောင်သူများ၏ စိုက်စရိတ် သံသရာပင်ဖြစ်သည်ဟု စပါးစိုက် တောင်သူများက ဆိုကြသည်။ တောင်သူများ အားလုံးတွင် မိုးကျပြီဆိုသည်နှင့် ကိုယ့်စရိတ်နှင့်ကိုယ် အပြည့်အဝစိုက်နိုင်သည့် တောင်သူနှင့် စိုက်စရိတ်အား ပြင်ပတွင် အလျဉ်းသင့်သလို ရှာဖွေစိုက်ထည့်ရသည့် တောင်သူ နှိုင်းယှဉ်လျှင် စိုက်စရိတ်ရှာဖွေရသည့် တောင်သူပမာဏက ပိုများလာသည်ဟု တောင်သူများက ပြောပြခဲ့ပါသည်။
”စပါးစိုက်ပျိုးစရိတ်က တဧကကို ကျပ်တသိန်းခွဲလောက်အထိ သုံးပါတယ်။ သုံးရမယ့် ဓာတ်မြေသြဇာ ပမာဏ မျိုးစပါးသန့်သန့်တွေကို အချိန်မီ သုံးဖို့အတွက် ဒီလောက်သုံးမှ လုံလောက်တယ်လေ။ ကျနော့်မှာ ဧက ၇ဝ ကျော် ရှိတယ်။ ဓာတ်မြေသြဇာ စုစုပေါင်း အိတ် ၁ဝဝ ဝန်းကျင်ထိ သုံးရတယ်။ ဒီမှာတင် ဓာတ်မြေသြဇာဖိုးက ကျပ် သိန်း၃ဝ လောက် ကုန်နေပြီ။ ကျန်တဲ့ ထွန်ယက်ခ မျိုးစပါး၊ စားစရိတ်တွေ မပါသေးဘူး။ တကြိမ်ထဲ စိုက်လို့ မပေါက်တဲ့အခါ ထပ်ခါထပ်ခါ စိုက်ရတာ မပါသေးဘူး။ ဒီတော့ စိုက်စရိတ် အပြည့်အဝ မထည့်နိုင်တဲ့ နှစ်မှာ စပါးပေးနဲ့ ယူထည့်လိုက်တယ်။ စပါးပေးဆိုတာ လက်ရှိ စပါးပေါက်ဈေး တင်း ၁ဝဝ ၊ ကျပ် ၄ သိန်း ဆိုပါတော့ ကျနော်တို့က စပါးပေါ်မှ စပါးပေးမယ်။ အခု ငွေအရင်းပေးပါဆိုပြီး၊ တင်း ၁ဝဝ ကို ကျပ် ၂ သိန်းခွဲနဲ့ ယူစိုက်ရတယ်။ စပါးပြန်ပေါ်တော့ ပြန်ပေးရတာပေါ့။ ဒါကို စပါးပေးလို့ ခေါ်တယ်။ ဒီတော့ စပါးပေါ်တဲ့အခါ ကိုယ်က ပြန်ဆပ်လိုက်တော့ လာမယ့်နှစ် စိုက်စရိတ်အတွက် စပါးအပြည့် မထားနိုင်ပြန်ဘူး’’
‘‘နောက် စပါးက အကြောင်းကြောင်းကြောင့် အထွက်နည်းတဲ့ နှစ်နဲ့ ကြုံရင် ပိုဆိုးတယ်။ စပါးပြန်မဆပ်တော့နှစ်ဆပြန်မှတ်တယ်။ ဒါကတော့ ဓလေ့ထုံးစံပဲဗျ။ ဒီတော့ စပါးပေး တကြိမ်ယူမိရင် ပြန်ကျေဖို့ မလွယ်ဘူးပေါ့။
ဒါတွေက စိုက်စရိတ် သံသရာတွေပေါ့ဗျာ”
”တချို့က ငွေကို အတိုးနဲ့ ယူစိုက်တာပေါ့ဗျာ။ မိုးအခါ စိုက်စရိတ် ချေးယူ၊ နွေစပါးပေါ်ရင် ပြန်ဆပ်။ လာမယ့်နှစ်လည်း ဒီလို၊ နောက်နှစ်လည်း ဒီလိုဆိုတော့ တောင်သူက စိုက်စရိတ် သံသရာ လည်တာများတယ်။ စပါးကို လက်ထဲ မထားနိုင်တော့ စပါးဈေးတက်လည်း ကိုယ်နဲ့ မဆိုင်သလိုဘဲ ဖြစ်နေတယ်” ဟု ဧရာဝတီတိုင်းအတွင်းရှိ လယ်သမား တဦးက ပြောပြသည်။ (Weekly Eleven ၊ စာ ၂၊ ၃။ ၂၄-၇-၂ဝဝ၉)
၁၄။ ၂ဝဝ၄ ခုနှစ် UNDP အစီရင်စာအရ မြန်မာနိုင်ငံတွင် လူဦးရေ သန်း ၅ဝ ခန့်ရှိပြီး ကျေးလက်နေထိုင်သူ ၇ဝ % - ၈ဝ % ခန့် ဖြစ်ပါသည်။ ထုတ်လုပ်ရေး ကိရိယာ၊ လုပ်စားရန် မြေယာမရှိသဖြင့် ကျေးလက်လူဦးရေမှာ ၂ဝ၁၅ ခုနှစ်တွင် ၆၃.၃ % အထိ ကျဆင်းလာမည်ဟု ခန့်မှန်းထားပါသည်။ ၁၉၉၃ သန်းခေါင်စာရင်း ကောက်ယူမှုအရမြေယာပိုင်ဆိုင်မှု ၈ဝ % ကျော်သည် ၅ ဧကအောက်မှာသာ ရှိသည်။ ၁၉၉၇ စာရင်းအရ ကျေးလက်အိမ်ထောင်စု ၃ ပုံ ၁ ပုံ မှာ လယ်မြေ မရှိပေ။ ၄ဝ % မှာ အသက်မွေးဝမ်းကျောင်း လုပ်ငန်းမရှိ။ ၂၅ % က လယ်မြေမပိုင် ဒါမှမဟုတ် အသက်မွေးဝမ်းကျောင်း လုပ်ငန်းမရှိ၊ အလုပ်အကိုင် မရှိ။ မြေမဲ့ယာမဲ့ ဆင်းရဲသား လယ်သမားများသည် လယ်ယာ အလုပ်သမားများ အဖြစ် ဝမ်းစာရှာရပြီး၊ အချို့မှာ မြို့ပြတက်ပြီး ရရာကျဘမ်း အလုပ်များ လုပ်ရသည်။
အထက်ပါအတိုင်း လယ်သမားများ လက်တွေ့ရင်ဆိုင်နေရသည့် အခြေအနေများမှ ဘဝလွတ်မြောက်ဖို့ဆိုလျှင် - တောင်သူလယ်သမား သမဂ္ဂများ ဖွဲ့စည်းရေး၊ လယ်လုပ်သူ လယ်ပိုင်ရေး၊ သီးစားခ ဖျက်သိမ်းရေး၊ လက်ငုတ်လယ် လက်မလွတ်ရေး၊ စပါးဈေး တိုးပေးရေး။ လွတ်လပ်စွာ စိုက်ပျိုးရေး၊ ရောင်းဝယ်ရေး၊ ကြွေးမြီများ လျှော်ပစ်ရေး၊ အသိမ်းခံ လယ်ယာမြေများ ပြန်ရရေး၊ အဓမ္မ လုပ်အား မခိုင်းစေရေး၊ ပေါ်တာမဆွဲရေး၊ တရားမဝင် အခွန်အကောက်တွေ မပေးရေး၊ ဥပဒေမဲ့ ပြုကျင့်မှုများ ဆန့်ကျင်ရေး၊ ရေခွန် လယ်ခွန် လျှော့ပေါ့ရေး စသည့် တောင်းဆိုချက်များကိုတောင်းဆို တိုက်ပွဲဝင်သွားရပါမည်။ ပြည်သူလူထု အားလုံး ပါဝင်နိုင်သော လှုပ်ရှားမှုကြီးတခု ပေါ်ပေါက်ရေးအတွက် ကြိုးပမ်းလုပ်ဆောင်သွားရပါမည်။
အပိုင်း ၁၂ - ဆက်လက်တင်ပြပါမည်။
No comments:
Post a Comment