Sunday, July 31, 2011

ရှမ်းပြည်တပ်မတော်ဌာနချုပ် ၀မ်ဟိုင်းကို ၀ိုင်းရံထားတဲ့ မြန်မာတပ် ဆုပ်ခွာ

နော်နိုရင်း

ရှမ်းပြည်တပ်မတော် ရှမ်း​ပြည်တိုး​တက်​ရေး​ပါတီဌာနချုပ် ဝမ့်​ဟိုင်း​ဒေသကို ၀ိုင်းရံထားတဲ့ မြန်မာအစိုးရတပ်တချို့ ပြန်လည်ရုတ်သိမ်းသွားတယ်လို့ ရှမ်း​ပြည် တိုး​တက်​ရေး​ပါတီရဲ့ ပြောခွင့်ရသူ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ပတ်လောက် ရှမ်းပြည်တပ်မတော် ၀မ်းဟိုင်းဌာနချုပ်ကို သိမ်းပိုက်ဖို့ အစိုးရတပ်ရင်း ၁၄ ခု ထက်မနက် ၀ိုင်းရံထားပြီး အခုနောက်ပိုင်း တပ်ကို ပြန်ဆုတ်ခွာသွားတဲ့အတွက် တပ်ရင်း ၇ ခုလောက်သာ ကျန်တော့တယ်လို့ ဗိုလ်မှူး စိုင်းလက ပြောပါတယ်။

“၀မ်ဟိုင်း အနီးနားဝန်းကျင်မှာ ၁၄ ရင်းလောက် ရှိတာ အခု ၇ ရင်းလောက်ပဲ ကျန်တော့တယ်။ တရားဝင်တော့ ပြောဆိုမှု မရှိပါဘူး။ ဒါပေမယ့် သူတို့ တပ်တွေကို တတပ်ပြီး တတပ် ဆုတ်သွားတာတော့ တွေ့နေရတယ်။”

မြန်မာဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က ပြည်တွင်းစစ် ပဋိပက္ခတွေ အမြန်ဆုံး အဆုံးသတ်နိုင်ဖို့ အပစ်အခတ် ရပ်စဲရေးနဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်မှာ ကြားဝင်ဆောင်ရွက်ဖို့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ အိတ်ဖွင့်ပေးပို့ပြီး နောက်ပိုင်း မြန်မာ အစိုးရတပ်က ရုတ်သိမ်းသွားတာလို့ ဗိုလ်မှူးစိုင်းလှက ပြောပါတယ်။

အစိုးရတပ်အနေနဲ့ ၀မ်ဟိုင်းဌာနချုပ် ၀ိုင်းရံရာကနေ ဆုတ်ခွာသွားတဲ့အပေါ် အခုလို သူက သုံးသပ်ပါတယ်။

“ကျနော့်အမြင်ကတော့ သူတို့ဘက်က စစ်ရပ်စဲဖို့ စိုင်းပြင်းနေတော့ အဲဒါလည်းတခု ဖြစ်နိုင်တယ်။ နောက် သူတို့ နည်းဗျူဟာ ချိန်းမယ်ဆိုလည်း ချိန်းနိုင်တာပေါ့။ ဥပမာ တပ်မတွေ ပြန်ဝင်မလား။ သူတို့ စစ်ကို မရပ်ဘူးဆိုရင်တော့ တပ်ချိန်းဖို့ပဲ ဖြစ်နိုင်ပါတယ်။ ဒါပေမယ့် အခြေအနေ သုံးသပ်ရတာက တပ်ချိန်းမယ် ဆိုရင်လည်း ချိန်းမယ့်တပ်တွေ ၀င်လာမှ သူတို့ ဆုတ်ရမှာ။ အခုက ချိန်းတဲ့တပ်လည်း မလာဘူးဆိုတော့ တချို့တ၀က် ယုတ်သွားတယ်ဆိုတော့ စစ်ရပ်ဖို့ ဖိအားပေးတဲ့ အဖွဲ့တွေ များနေတော့ အဲဒါနဲ့ ပတ်သက်မလားတော့ မသိဘူး။ ဒေါ်အောင်ဆန်းစုကြည် အိပ်ဖွင့်စာပေးပြီးနောက်ပိုင်း တဖြည်းဖြည်းနဲ့ ပြန်ဆုတ်သွားတာ။”

ရှမ်းပြည် တိုးတက်ရေးပါအတီအနေနဲ့လည်း အပစ်ခတ်ရပ်ပြီး နိုင်ငံရေးနည်းနဲ့ ဖြေရှင်းတဲ့နည်းလမ်းကို လိုလားပေမယ့် အခြေအနေကို စောင့်ကြည့်ရ ဦးမယ်လို့ ပြောပါတယ်။

“ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုထားတဲ့ အချက်တိုင်းပဲလေ။ စစ်ရပ်စဲပြီးတော့ ငြိမ်းချမ်းရေး တည်ဆောက်ဖို့က ကျနော်တို့က လိုလားတာပါ။ အဲဒါ ဖြစ်လား မဖြစ်လားဆိုတာ ကျနော်တို့ စောင့်ကြည့်ရမယ်။ ကျနော်တို့က အကြမ်းဖက်ပြီးတော့ လက်နက်ကိုင်နေတာ မဟုတ်ဘူးလေ။ ကျနော်တို့ နိုင်ငံရေးနည်းကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့၊ ပြည်တွင်း ငြိမ်းချမ်းရေး ရရှိဖို့၊ တန်းတူရေး၊ အဲဒီကိစ္စတွေက အများကြီးပေါ့ဗျာ။ သူတို့တွေက အဲဒီလို ယုတ်သွားတော့လည်း ဒေါ်အောင်ဆန်းစုကြည် ဖြစ်စေချင်တဲ့ ဆန္ဒအတိုင်း ဖြစ်လာရင် ပိုပြီးကောင်းမယ်လို့ ကျနော်တို့လည်း မျှော်လင့်ထားတယ်။”

No comments: