ဒီဗွီဘီ
မကြာသေးမီရက်ပိုင်းက ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ) မှူး ၂ ဦးကို တာဝန်က အနားပေးလိုက်တဲ့အတွက် ကစထမှူးနှစ်ဦးသာ ကျန်ရှိတော့ကြောင်း စစ်ဘက်သတင်းရပ်ကွက်အရ သိရပါတယ်။
ပြီးခဲ့တဲ့နှစ်၊ ဩဂုတ်လကုန်ပိုင်းက တပ်တွင်းရာထူးအပြောင်းအရွှေ့တွေအတွင်း အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ ကစထမှူးဖြစ်လာတဲ့ ဗိုလ်ချုပ် မြင့်စိုးနဲ့ အလယ်ပိုင်းတိုင်းစစ်ဌာနချုပ် တိုင်းမှူးမှ ကစထမှူးဖြစ်လာသူ ဗိုလ်ချုပ်တင်ငွေတို့ နှစ်ဦးကို တာဝန်ထမ်းဆောင်တဲ့ သက်တမ်း ၁ နှစ်မပြည့်ခင်မှာ စစ်ဘက်က အနားပေးလိုက်တာ ဖြစ်ပါတယ်။
ကာကွယ်ရေးဝန်ကြီးဌာန စစ်ဆင်ရေးအထူးအဖွဲ့ (ကစထ) မှူး ရာထူးကို ၂ဝဝ၃ ခုနှစ်မှ စတင် ဖြည့်စွက်ကျင့်သုံးလာပြီး အဲဒီ ကစထမှူးက စစ်တိုင်းဌာနချုပ် ၃ ခုလောက်ကို တာဝန်ယူ ကွပ်ကဲနေရတာပါ။ အစောပိုင်း ကာလတွေမှာ ကစထမှူး ၄ ဦးသာ ရှိနေရာမှ နောက်ပိုင်း ကစထမှူး ၆ ဦးအထိ တိုးချဲ့ထားရှိခဲ့ပါတယ်။
ပြီးခဲ့တဲ့နှစ်၊ ဩဂုတ်လကုန်ပိုင်းက ကစထမှူးတွေဖြစ်လာခဲ့တဲ့ မြောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် စိုးဝင်းကို အခုနှစ် ဧပြီလမှစလို့ ဒုတပ်မတော် ဦးစီးချုပ်အဖြစ်လည်းကောင်း၊ တောင်ပိုင်းတိုင်း စစ်ဌာနချုပ်တိုင်းမှူးဟောင်း ဗိုလ်ချုပ်လှမင်းကို ကာကွယ်ရေးဝန်ကြီးဌာန ပြည်ထောင်စု ဝန်ကြီးအဖြစ်လည်းကောင်း ပြောင်းရွှေ့တာဝန် ပေးထားခဲ့ပြီး ဖြစ်ပါတယ်။
ဒါကြောင့်မို့ ကစထမှူး ၆ ဦးရှိတဲ့အနက် အခုအခါ အရှေ့မြောက်တိုင်း တိုင်းမှူး ဟောင်း ဗိုလ်ချုပ် အောင်သန်းထွဋ် နဲ့ အရှေ့တောင်တိုင်းစစ်ဌာနချုပ် တိုင်းမှူးဟောင်း ဗိုလ်ချုပ် သက်နိုင်ဝင်းတို့ နှစ်ဦးသာ ကျန်ရှိနေပြီး အသစ်ခန့်အပ်အစားထိုးတာလည်း မရှိတဲ့အတွက် အဲဒီ ကစထမှူး ရာထူးနေရာတွေကိုတောင် ဖယ်ရှားကောင်း ဖယ်ရှားနိုင်တယ်လို့ စစ်ဘက်သတင်းရပ်ကွက်အရ သိရပါတယ်။
အခု စစ်ဘက်က အနားပေးလိုက်တဲ့ ကစထမှူးတွေဟာ သူတို့တိုင်းမှူးဘဝက အိမ်ရာမြေရောင်းစားတဲ့ကိစ္စတွေဖြစ်ပြီး ရန်ကုန်တိုင်းမှူးဟောင် ဗိုလ်မှူးချုပ် ထွန်းသန်း ကိုလည်း အလားတူမြေရာကိစ္စတွေနဲ့ စစ်ဘက်ကအနားပေးကာ စစ်ဆေးမှုတွေ လုပ်ခဲ့ တယ်လို့ စစ်ဘက်နဲ့ နီးစပ်တဲ့သတင်းတွေအရ သိရပါတယ်။
No comments:
Post a Comment