Sunday, July 31, 2011

ရေကြီး စိုက်ခင်းပျက်၍ လူကြီး တဦး ကြိုးဆွဲချ သေဆုံး

နိရဉ္စရာ

ရခိုင်ပြည်နယ် ကျောက်တော်မြို့နယ်မှ အသက် ၅၃ နှစ် အရွယ်ရှိ လူကြီး တစ်ဦးမှာ ရေကြီး၍ စိုက်ပျိုးထားသော စပါးစိုက်ခင်းများ ပျက်စီးသွားသည့် အပြင် ဆိပ်ကမ်းတွင် ချည်နှောင် စုပုံထားသော ၀ါးများ ရေစီးနှင့် မျောပါသွားသဖြင့် ကြံရာမရ ဖြစ်ကာ နောက်ဆုံးတွင် ကြိုးဆွဲ ချပြီး မိမိကိုယ်ကို အဆုံးစီရင် သွားကြောင်း သတင်း ရရှိသည်။

သေဆုံးသွားသူမှာ ကျောက်တော်မြို့နယ် စပါးဆိပ်ကျေးရွာမှ ဦးမောင်ထွန်းလှ (အသက် ၅၃ နှစ်) ဖြစ်သည်။

သူ၏ ဆွေမျိုးတစ်ဦးက ဦးမောင်ထွန်းလှ သေဆုံးသွားရပုံကို ယခုကဲ့သို့ နိရဉ္စရာသို့ ပြောသည်။

" ဒီလ ၂၆ ရက်နေ့က ကြိုးဆွဲချ သေဆုံးသွားတာ ဖြစ်ပါတယ်။ သူက တခြားသူတွေဆီက လယ်ကို ဌားရမ်းပြီး လုပ်ကိုင် စားသောက်တဲ့ သူ ဖြစ်ပါတယ်။ မသေခင် ရက်အနည်းငယ်က မိုးကြီးပြီး ရေမြုပ်တော့ သူစိုက်ပျိုးထားတဲ့ စပါး စိုက်ခင်းတွေ အကုန်လုံး ပျက်စီးသွား ပါတယ်။ အဲသလို ပျက်စီးသွားတဲ့ အပြင် ဆိပ်ကမ်းမှာ စုပုံ ချည်နှောင်ထားတဲ့ ၀ါး ၈၀၀ လည်း ရေနဲ့ အတူ ပါသွားတော့ စိတ်ပျက် လက်ပျက် ဖြစ်ပြီး ကြိုးဆွဲချ သေဆုံးသွားတာ ဖြစ်ပါတယ်။"

ဦးမောင်ထွန်းလှသည် ရေနစ်မြုပ်ခဲ့သဖြင့် ပျက်စီးသွားသော လယ်ကို ပြန်လည် လုပ်ကိုင်ရန် အခက်အခဲ ဖြစ်ရာမှ နောက်ဆုံး ဤလမ်းကို ရွှေးသွားခြင်း ဖြစ်ကြောင်း သူက ဆက်ပြောသည်။

" လယ်က ၇ ဧကခန့်ရှိပါတယ်။ သူအနေနဲ့ ဆင်းရဲတော့ ဘယ်လိုမှ ပြန်လည် လုပ်ကိုင်ဖို့ မဖြစ်နိုင်ဘူးလို့ ယူဆတယ် ထင်ပါတယ်။ မျိုးစပါး၊ ဓါတ်မြေသြဇာ၊ ထွန်နွားတွေ ဌားရမယ်ဆိုတော့ သိပ် မလွယ်တော့ နောက်ဆုံး သူ ဒီလမ်းကို ရွှေးသွားတာ ဖြစ်ပါတယ်" ဟု ပြောသည်။

ဦးမောင်ထွန်းလှတွင် ဇနီး ဒေါ်ဦးမြသိန်းနှင့် သမီး ဦးမေသန်း၊ လှမေသန်း နှစ်ဦး ကျန်ရစ်ခဲ့ကြောင်း သိရသည်။

No comments: