ဦးမျိုး (ဥပဒေ)
လေ့လာသုံးသပ်ချက် စာတမ်း
၁၉၆၃ ခုနှစ်၊ သီးစားချထားရေး ဥပဒေ။
သီးစားခ။ ။ ဆိုသည်မှာ လယ်ယာမြေ တရပ်ရပ်ပေါ်တွင် လုပ်ကိုင်စိုက်ပျိုး၍ အကျိုးခံစားခွင့် ရရှိသည့်အတွက်မြေရှင်တဦးဦးအား ပေးရသည့် အခကြေးငွေကို ဆိုလိုသည်။ (ပုဒ်မ ၂ (၁) (ဂ) သီးစား။ ။ ဆိုသည်မှာ လယ်ယာမြေကို စိုက်ပျိုးလုပ်ကိုင်သည့် အတွက် သီးစားခ ပေးရန် တာဝန်ရှိသူကို ဆိုလိုသည်။ (ပုဒ်မ ၂ (၁) (င)
ရှင်းလင်းချက်။ ။ ထိုစကားရပ်တွင် အဖွဲ့အစည်းများ ပါဝင်သည်။
မြေရှင်။ ။ ဆိုသည်မှာ မြေနှင့် အခွန်အက်ဥပဒေ၊ သို့တည်းမဟုတ် မြန်မာနိုင်ငံ အထက်ပိုင်းမြေနှင့် အခွန်ရက်ဂူလေးရှင်း ဥပဒေအရ လယ်ယာမြေ လက်ဝယ်ထားရှိနိုင်သည့်၊ သို့တည်းမဟုတ် ပိုင်ဆိုင်သည့် အခွင့်အရေးရသော ပုဂ္ဂိုလ်ဖြစ်စေ၊ အဖွဲ့အစည်းကို ဖြစ်စေ ဆိုလိုသည်။ ထိုစကားရပ်တွင် မြေရှင်၏ ကိုယ်စားလှယ် ပါဝင်သည်။ (ပုဒ်မ ၂ (၁) (စ)
မြေခွန်။ ။ ဆိုသည်မှာ အစိုးရက မြေနှင့် အခွန်အက်ဥပဒေသို့တည်းမဟုတ် မြန်မာနိုင်ငံအထက်ပိုင်း မြေနှင့်အခွန် ရက်ဂူလေးရှင်း ဥပဒေအရ၊ အစိုးရက လယ်ယာမြေ များအပေါ် စည်းကြပ်သည့် အခွန်ကို ဆိုလိုသည်။ ထိုစကားရပ်တွင် ဆည်မြောင်း အက်ဥပဒေအရ အစိုးရက လယ်ယာမြေများကိုရေသွင်းပေးသည့်အတွက် စည်းကြပ်သည့် ရေခွန် မပါဝင်ချေ။ (ပုဒ်မ ၂ (၁) (ဃ)
၁၉၆၃ ခုနှစ်၊ တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေ။
လယ်ယာမြေ။ ။ ဆိုသည်မှာ စိုက်ပျိုးရေးအတွက် အသုံးပြုသည့် သို့တည်းမဟုတ် လက်ရှိထားရှိသည့် မြေကို ဆိုလိုသည်။
ရှင်းလင်းချက် ၁။ ။ ထိုစကားရပ်တွင် လူအများ အခေါ်အဝေါ်အားဖြင့် လယ်၊ ယာ၊ ကိုင်းမြေဟုသော်၎င်း၊ ကြက်ပေါင်စေး၊ ဓနိ၊ ဥယျာဉ်ခြံမြေဟု၎င်း၊ ဟင်းသီးဟင်းရွက်၊ ပန်းမာလ် စိုက်ပျိုးသည့် ခြံမြေဟုသော်၎င်း၊ ကျွန်း၊ မြေနုကျွန်းပေါ်ဟုသော်၎င်း သတ်မှတ်သည့် မြေများ ပါဝင်သည်။
ရှင်းလင်းချက် ၂။ ။ ထိုစကားရပ်တွင် မြို့နယ်နိမိတ်၊ ကျေးရွာနယ်နိမိတ်အတွင်းရှိ လူနေအိမ်ယာများ၊ ဘာသာရေး အဆောက်အအုံနှင့် ပရဝုဏ်များ၊ အများပိုင်ဆိုင်၍ စိုက်ပျိုးရေးအတွက် အသုံးမပြုသော မြေကွက်များ မပါဝင်ချေ။
ရှင်းလင်းချက် ၃။ ။ ထိုစကားရပ်တွင် လယ်ယာမြေပေါ်တွင် တည်ရှိနေသည့် အဆောက်အအုံများ အကျုံးဝင်သည်။
(ပုဒ်မ ၂ (က)
တောင်သူ လယ်သမား။ ။ ဆိုသည်မှာ လယ်ယာမြေကို မိမိ၏ အဓိက အသက်မွေးဝမ်းကျောင်း အဖြစ်ဖြင့်၊ မိမိလက်ဖြင့် လုပ်ကိုင်သူကို သို့တည်းမဟုတ် မိမိလက်ဖြင့် အစဉ်တစိုက် လုပ်ကိုင်ခဲ့သူကို သို့တည်းမဟုတ် ဆိုင်ရာနှစ်တွင် လယ်ယာမြေကို၊ မိမိ၏ အဓိက အသက်မွေးဝမ်းကျောင်းအဖြစ်ဖြင့် လုပ်ငန်းလုပ်ကိုင်ချိန် တလျှောက်လုံး ကိုယ်တိုင် ကြီးကြပ်လုပ်ကိုင်သူကို ဆိုလိုသည်။ (ပုဒ်မ ၂ (ခ) ဤဥပဒေ ပုဒ်မ ၃။ ။ (၁) တည်ဆဲ အခြားတရားဥပဒေ တရပ်ရပ်တွင် မည်သို့ပင် ပါရှိစေကာမူ၊ တရားမရုံး တခုခု၏ ဒီဂရီ၊ သို့တည်းမဟုတ် အမိန့်ဖြင့် -
(က) လယ်ယာမြေကိုသော်၎င်း၊ လယ်ယာမြေ လုပ်ကိုင်ရာ၌ အသုံးပြုသည့် ကျွဲ၊ နွားနှင့် ကိရိယာ တန်ဆာပလာ၊ ထွန်စက်နှင့် ကိရိယာ တန်ဆာပလာ၊ အခြား သက်ရှိသက်မဲ့ ကိရိယာ တန်ဆာပလာများကိုသော်၎င်း၊ လယ်ယာမြေမှ ထွက်သော ပစ္စည်းများကိုသော်၎င်း၊ ဝရမ်းကပ်ခြင်း၊ သိမ်းဆည်းခြင်း မပြုရ။
(ခ) လယ်ယာမြေကို မလုပ်ကိုင်ရဟုသော်၎င်း၊ လယ်ယာမြေထဲသို့ မဝင်ရဟုသော်၎င်း တားဆီးခြင်း မပြုရ။
(ဂ) လယ်ယာမြေကို လုပ်ကိုင်သည့် ကျွဲ၊ နွားနှင့် ကိရိယာ တန်ဆာပလာ၊ ထွန်စက်နှင့် ကိရိယာ တန်ဆာပလာများ ကိုသော်၎င်း၊ အခြားသက်ရှိ သက်မဲ့ ကိရိယာ တန်ဆာပလာများကိုသော်၎င်း၊ လယ်ယာမြေမှ ထွက်သော ပစ္စည်းများကိုသော်၎င်း မရွှေ့မပြောင်းရဟု သို့တည်းမဟုတ် ရောင်းချသုံးစွဲ ထုခွဲခြင်း မပြုရဟု တားဆီးခြင်း မပြုရ။
(ဃ) အပိုဒ် (က) (ခ) (ဂ) ပါ ကိစ္စတခုခုနှင့် စပ်လျဉ်း၍ တောင်သူလယ်သမား တဦးဦးကို ဖမ်းဆီးချုပ်နှောင်ခြင်း
မပြုရ။ ဟု ဖော်ပြထားပါသည်။
၈) အနိမ့်ဆုံး အခကြေးငွေနှင့် သီးစားခ
လွတ်လပ်သော မြန်မာနိုင်ငံ၏ ပထမဆုံးသော ”ပြည်ထောင်စု မြန်မာနိုင်ငံ၏ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကို ၁၉၄၇ ခုနှစ်၊ စက်တင်ဘာလ ၂၄ ရက်နေ့တွင် အတည်ပြုပြဋ္ဌာန်းခဲ့သည်။ ဤအခြေခံဥပဒေ၏ အခန်း ၃ ။ တောင်သူ လယ်သမားများနှင့် အလုပ်သမားများအတွက် နိုင်ငံတော်၏ တာဝန် ဝတ္တရားများ၊ ပုဒ်မ ၃ဝ -
(၁) နိုင်ငံတော်သည် မြေယာအားလုံး၏ ပင်ရင်းပိုင်ရှင် ဖြစ်သည်။
(၂) ဤအခြေခံဥပဒေ၏ ပြဋ္ဌာန်းချက်များနှင့် မဆန့်ကျင်စေဘဲ၊ မြေယာပိုင်ဆိုင်ခွင့် စနစ်များကို စည်းမျဉ်းတကျဖြစ်စေရန်သော်၎င်း၊ လွှဲပြောင်းရန်သော်၎င်း၊ ဖျက်သိမ်းရန်သော်၎င်း၊ နိုင်ငံတော်၌ အခွင့်အရေး ရှိရမည်။ သို့တည်းမဟုတ် မည်သည့်မြေယာကို မဆိုလည်း သိမ်းယူပြီးလျှင်၊ ထိုမြေယာကို စုပေါင်းစိုက်ပျိုးရေးအတွက်ဖြစ်စေ၊ သမဝါယမ စိုက်ပျိုးရေးအတွက်ဖြစ်စေ၊ လယ်သီးစားသမားများသို့ဖြစ်စေ၊ ဝေငှပေးရန် အခွင့်အရေး ရှိရမည်။
(၃) မည်သည့် အခြေခံစနစ်နှင့်မျှ မြေယာအမြောက်အမြား ပိုင်ဆိုင်နိုင်သော အခွင့်အရေး မရှိစေရ။ တဦးတည်းပိုင်ဖြစ်သော မြေယာ၏ အများဆုံး မြေဧက အရေအတွက်ကို အကြောင်းညီညွတ်လျှင် ညီညွတ်ခြင်း တရားဥပဒေဖြင့် သတ်မှတ်ရမည်။ ဟု ပြဋ္ဌာန်းထားသည်။
မြန်မာနိုင်ငံ လွတ်လပ်ရေးမရမီက လယ်ယာမြေအများစုကို တောင်သူလယ်သမား မဟုတ်သော ငွေရှင်ကြေးရှင်များ လက်ထဲသို့ လယ်ယာများ ရောက်နေခြင်းကြောင့် တောင်သူလယ်သမားများ အများထုကြီးသည် သီးစားခ ကြီးမားလွန်း၍ လယ်ယာကို စွဲစွဲမြဲမြဲ မလုပ်ကိုင်နိုင်ခြင်း၊ လက်ငုတ်လယ်ယာ လက်မဲ့ဖြစ်ရခြင်း၊ ကြွေးမြီတင်ခြင်း စသည့် ပြဿနာ မြောက်မြားစွာနှင့် တွေ့ကြုံရင်ဆိုင်ခဲ့ကြရသည်။
ထို့ကြောင့် ”လယ်လုပ်သူသာ လယ်ပိုင်ရမည်” ဟူသော သဘောတရား ပေါ်ထွက်လာခဲ့သည်။ လယ်ယာမလုပ်သူတို့ ပိုင်ဆိုင်ထားသည့် လယ်ယာမြေများကို သိမ်းယူ၍ လယ်လုပ်ခွင့် မရသူတို့အား ဝေပေးရန်အတွက် ”၁၉၄၈ ခုနှစ်တွင် သီးစားချထားရေး ဥပဒေနှင့် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး ဥပဒေများကို ပြဋ္ဌာန်းခဲ့သည်။ ၁၉၄၈ ခုနှစ် လယ်ယာမြေ နိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေကို လက်တွေ့ဆောင်ရွက်ရာ၌ ၁၉၅ဝ ခုနှစ်တွင် သန်လျင်မြို့၌ စတင်ကျင့်သုံးရာတွင် အခက်အခဲများနှင့် ကြုံတွေ့ရသော ချွတ်ယွင်းချက်များ တွေ့ရှိခဲ့ရသည်။ ထိုကြောင့် ၎င်းချွတ်ယွင်းချက်များကို ပြုပြင်ပြီး ၁၉၅၃ ခုနှစ် လယ်ယာမြေနိုင်ငံပိုင် ပြုလုပ်ရေး အက်ဥပဒေကို အသစ်တဖန်
ပြဋ္ဌာန်းခဲ့ပါသည်။ ၁၉၅၃ ခုနှစ် သီးစားချထားရေး ဥပဒေကိုလည်း ပြဋ္ဌာန်းခဲ့သည်။
မြန်မာနိုင်ငံတွင် (၁) ၁၉၃၉ ခုနှစ် သီးစားအက်ဥပဒေ (၂) ၁၉၄၆ ခုနှစ် သီးစားအက်ဥပဒေ (၃) ၁၉၄၈ ခုနှစ် သီးစားချထားရေး အက်ဥပဒေ (၄) ၁၉၅၃ ခုနှစ် သီးစားချထားရေး အက်ဥပဒေ ဟူ၍ သီးစား ဥပဒေများပေါ်ပေါက်လာခဲ့ပြီးနောက်ဆုံး တော်လှန်ရေး ကောင်စီလက်ထက် ၁၉၆၃ ခုနှစ် သီးစားချထားရေး ဥပဒေကိုပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေကို ပြီးပြည့်စုံပြီဟု မယူဆသည့်အတွက် ၁၉၆၅ ခုနှစ် သီးစားချထားရေး ဥပဒေကိုပြင်ဆင်သည့် ဥပဒေ ကိုထပ်မံပြဋ္ဌာန်းခဲ့ပြန်သည်။ လွတ်လပ်ပြီး မြန်မာနိုင်ငံတွင် သီးစားချထားရေး ဥပဒေတွေ အထပ်ထပ် အခါခါ ပြဋ္ဌာန်းပြီး လယ်သမား အမြောက်အမြား သွေးစုတ်ခံနေရသည်ကို မခံနိုင်လွန်း၍ ”ဥပဒေ နောက်ထပ် မတိုးလိုက်ပါနဲ့ သူအမေ ကြောက်တတ်တဲ့ အမျိုးဟာမို့” ဟု စာချိုးခဲ့သည့် အဖိုးသခင် ကိုယ်တော်မှိုင်း ကို တိုင်တည်ရပါတော့မည်။
မြန်မာနိုင်ငံတွင် အနိမ့်ဆုံး အခကြေးငွေနှင့် ပတ်သက်၍ ”လယ်ယာ အလုပ်သမား အနည်းဆုံး အခကြေးငွေ အက်ဥပဒေ (၁၉၄၈ ခုနှစ်၊ ဥပဒေအမှတ် ၄၄) ကို ၁၉၄၈ ခုနှစ်၊ ဒီဇင်ဘာလ ၃ဝ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ဤ ၁၉၄၈ ခုနှစ် အက်ဥပဒေ ပုဒ်မ - ၃ တွင် ”မည်သည့် အလုပ်ရှင်မဆို သူရင်းငှား တယောက်ကို ငှားသည်ရှိသော် ထိုသူရင်ငှားအား -
(က) တတုံးထွန်ထက် ပိုမိုသည့် လုပ်ခွင်ကို ချထားလုပ်ကိုင်စေခြင်း မပြုရ။
(ခ) လယ်ယာထွန်ယက်ခြင်း မပြုသည့် အချိန်တွင် ခိုင်းနွားတရှဉ်း ထိန်းကျောင်းကျွေးမွေးရန် တာဝန်ထက်ပိုသော တာဝန်ကို ချထားခြင်း မပြုရ၊
ဤဥပဒေ ပုဒ်မ - ၄ တွင် ”(၁)(က) ကျီဝင် သူရင်းငှားတဦး၏ အခကြေးငွေမှာ ထိုသူ၏ လုပ်ခွင်မှ ထွက်သည့် သီးနှံ၏ ၃၅ ရာခိုင်နှုန်း အနည်းဆုံး ဖြစ်စေရမည်။ ထို့အပြင် အလုပ်ရှင်က ထိုသူရင်းငှားအား ငှားရမ်းသည့် အချိန်ကာလပတ်လုံး ကျွေးမွေးထားရမည်။ (ခ) ကျီဝင် သူရင်ငှားမှအပ အခြားသူရင်းငှားများ ပုတ်ပြတ် လယ်ယာအလုပ်သမားများ၊ နေ့စား လယ်ယာအလုပ်သမားများအတွက် အခကြေးငွေကို နိုင်ငံတော် သမ္မတက ကျီဝင်သူရင်းငှားများ၏ နှုန်းနှင့် နှိုင်းယှဉ်ပြီး သင့်တော်သည့် နှုန်းကို ကန့်သတ်ပေးရမည်။ သို့သော် တနှစ်ပတ်လုံး လုပ်ကိုင်ရသည့် သူရင်းငှားများကို ပိုမို၍ ငှားရမ်းစေခြင်းငှာ နှုန်းများကို နိုင်ငံတော် သမ္မတက ပြုပြင်ပေးနိုင်သည်။” ဟု ဖော်ပြထားသည်ကို တွေ့ရှိရသည်။
အနည်းဆုံး အခကြေးငွေ အက်ဥပဒေ (၁၉၄၉ ခုနှစ်၊ ဥပဒေအမှတ် ၆၆) ကိုလည်း စီးပွားရေးလုပ်ငန်းများနှင့် စက်မှုလက်မှုလုပ်ငန်း အရပ်ရပ်တို့၌ လုပ်ကိုင်လျက်ရှိကြသော အလုပ်သမားများအား သင်တင့်လျောက်ပတ်စွာနေထိုင်စားသောက်နိုင်လောက်သော အခကြေးငွေကို ရရှိစေရန် ရည်ရွယ်၍ ၁၉၄၉ ခုနှစ် နိုဝင်လာလ ၈ ရက်နေ့တွင် ပြဋ္ဌာန်းခဲ့သည်။ ဤဥပဒေပုဒ်မ (၂) (၁) တွင် ”အလုပ်သမား” ဆိုသော စကားရပ်တွင် အလုပ်ရှင်နှင့် ပဋိညာဉ်ပြုလုပ်ခဲ့သူ၊ သို့တည်းမဟုတ် ပဋိညာဉ်အရ အလုပ်လုပ်ကိုင်နေဆဲ ဖြစ်သူကို ဆိုလိုသည်။
(က) အလုပ်ရှင်၏ စီးပွားရေး လုပ်ငန်းအတွက် မဟုတ်ဘဲ အခြားကိစ္စအတွက် ခေတ္တခဏ ခိုင်းစေခြင်း ခံရသူ၊
(ခ) အစိုးရဌာနကဖြစ်စေ၊ အစိုးရကိုယ်စားလှယ်ကဖြစ်စေ၊ လုပ်ကိုင်ဆောင်ရွက်သော စီးပွားရေးလုပ်ငန်း၊ သို့တည်းမဟုတ် စက်မှုလက်မှုလုပ်ငန်း၊ သို့တည်းမဟုတ် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းမှတပါး အခြားကိစ္စအတွက် နိုင်ငံတော် အစိုးရက ခိုင်းစေခြင်းခံရသူ၊ ထို့အပြင် -
(ဂ) ၁၉၄၈ ခုနှစ် လယ်ယာအလုပ်သမား အနည်းဆုံး အခကြေးငွေ အက်ဥပဒေနှင့် သက်ဆိုင်သော အလုပ်သမား။ ဟူ၍ ဖော်ပြပါရှိပါသည်။
အနည်းဆုံး အခကြေးငွေ ကောင်စီများ ဖွဲ့စည်းခြင်း၊ ထိုကောင်စီများ၏ အရာရှိများနှင့် ကောင်စီများ၏ဆောင်ရွက်မှုများ။ကို ပထမ ဇယား (ပုဒ်မ ၈) တွင်၎င်း၊ စုံစမ်းရေးကော်မရှင် အဖွဲ့များ ဖွဲ့စည်းခြင်း၊ ကော်မရှင်အဖွဲ့၏ အရာရှိများနှင့် ကော်မရှင်အဖွဲ့များ၏ ဆောင်ရွက်မှုများ။ ကို ဒုတိယဇယား (ပုဒ်မ ၉) တွင်၎င်း ဖော်ပြထားသည်။ ဒုတိယဇယား အပိုဒ် (၁) တွင် ”စုံစမ်းရေးအဖွဲ့တွင် နိုင်ငံတော် သမ္မတက ခန့်ထားသူများ ပါဝင်ရမည်။ ထိုသူများသည် -
(က) အလုပ်ရှင် အလုပ်သမားတို့နှင့် မသက်ဆိုင်သော ပုဂ္ဂိုလ်များအနက် နိုင်ငံတော် သမ္မတက ရွေးချယ်သည့် ၃ ဦးထက် မပိုသော သူများ။
(ခ) အလုပ်ရှင် ကိုယ်စားအဖြစ် နိုင်ငံတော် သမ္မတက ရွေးချယ်သည့် နှစ်ဦးထက် မပိုသော သူများ။
(ဂ) အလုပ်သမား ကိုယ်စားအဖြစ် နိုင်ငံတော် သမ္မတက ရွေးချယ်သည့် နှစ်ဦးထက် မပိုသော သူများ။” ဟူ၍ ဖော်ပြထားသည်။
ပြဋ္ဌာန်းဥပဒေများ၏ အခွင့်အရေးများကို မုချမသွေ အလုပ်သမား လယ်သမားများ ခံစားကြရပေမည်။ သို့သော် ခေတ်အဆက်ဆက် အစိုးရများက ဥပဒေသည် ဥပဒေပြဋ္ဌာန်းသူများ အတွက်သာ ပြဋ္ဌာန်းခြင် ဖြစ်သည်ဟု ကြွေးကြော်လာခဲ့ကြသည်မှာ ယခုလောလောဆယ် နအဖ စစ်အစိုးရလက်ထက်ထိပင် ဖြစ်သည်။ လက်တွေ့ ဖြစ်ပျက်နေသည်များကို တစေ့တစောင်း ဖော်ပြရလျှင် မြန်မာနိုင်ငံရှိ အလုပ်သမား တဦး၏ အနိမ့်ဆုံး လစာမှာ (တလ ၁၂ဝဝဝ/ကျပ်) ဖြစ်ကာ အစိုးရဝန်ထမ်းတဦး၏ အနိမ့်ဆုံး လစာမှာ (တလ ၃ဝဝဝဝ/ကျပ်)ဖြစ်နေသည်ကို ကွက်ကွက်ကွင်းကွင်း တွေ့နေရပေသည်။ လုံးဝ ငြင်းမရပါ။
အထက်ပါ ဥပဒေများအပြင် နောက်ဆုံး လက်ရှိတည်ဆဲ ဥပဒေဖြစ်သည့် ၁၉၆၃ ခုနှစ် သီးစား ချထားရေး ဥပဒေနှင့် ၁၉၆၃ ခုနှစ် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေများ၌ သီးစားခကို ငွေဖြင့်သာပေးရမည်။ (၆၃ သီးစားချထားရေး ဥပဒေ ပုဒ်မ ၄ (၃) ဟု ဖော်ပြထားသည်။ ၁၉၆၃ ခုနှစ် တောင်သူလယ်သမား အခွင့်အရေး ကာကွယ်သည့် ဥပဒေ ပုဒ်မ ၃ (၁) (က) တွင် ”လယ်ယာမြေကိုသော်၎င်း၊ လယ်ယာမြေ လုပ်ကိုင်ရာ၌ အသုံးပြုသည့် ကျွဲ၊ နွားနှင့် ကိရိယာ တန်ဆာပလာ၊ ထွန်စက်နှင့် ကိရိယာတန်ဆာပလာ၊ အခြားသက်ရှိ သက်မဲ့ ကိရိယာ တန်ဆာပလာများကိုသော်၎င်း၊လယ်ယာမြေမှထွက်သောပစ္စည်းများကိုသော်၎င်း၊ ဝရမ်းကပ်ခြင်း၊ သိမ်းဆည်းခြင်း မပြုရ။” (ခ) တွင် ”လယ်ယာမြေကို မလုပ်ကိုင်ရဟုသော်၎င်း၊ လယ်ယာမြေထဲသို့ မဝင်ရဟုသော်၎င်း တားဆီးခြင်း မပြုရ။” ဟူ၍ အတိအလင်း ပြဋ္ဌာန်းထားပါသည်။
တရားဥပဒေကို လေးစားလိုက်နာပြီး တရားဥပဒေပါ အခွင့်အရေးများကို လယ်သမား၊ အလုပ်သမားများ ရရှိခံစားခွင့် ရှိပါသလား။ ယခုကျင်းပခဲ့သော ပြည်သူ့လွှတ်တော် (၉ -၃ - ၂ဝ၁၁) နေ့တွင် ဦးအောင်ခင် (ပုဇွန်တောင်၊ မဲဆန္ဒနယ်) နှင့် ဦးရဲထွန်း (သီပေါ မဲဆန္ဒနယ်) တို့ မေးမြန်းခဲ့သော ”လယ်သမားများ၏ လယ်မြေများကိုလျော်ကြေးငွေဖြင့် သိမ်းယူခြင်း၊ စက်ရုံတည်ဆောက်ရန် သိမ်းယူခြင်း ကိစ္စများကို ဖြေရှင်းပေးရန် ရှိမရှိ” မေးခွန်းနှင့် ”ကုမ္ပဏီများ၏ လျော်ကြေးအနည်းငယ်ပေး သိမ်းယူမှု၊ လယ်လုပ်သူတိုင်း လယ်လုပ်ပိုင်ခွင့်သာရှိ၊ လယ်လုပ်သူတိုင်း လယ်ပိုင်ခွင့် မရှိခြင်း၊ လယ်သမားများ လယ်ယာမြေပိုင်ဆိုင်ခွင့်ကို အာမခံချက်ပေးရန် ဥပဒေ ပြဋ္ဌာန်းပေးနိုင်ခြင်း ရှိမရှိ” မေးခွန်းများကို မေးမြန်းခဲ့ကြသည်များ ရှိသည်ကို တွေ့ရှိရပါသည်။ ဦးဋ္ဌေးဦး (လယ်ဆည်ဝန်ကြီး) က တခွန်းတည်း ဖြေကြားသည်မှာ ဥပဒေ လုပ်ထုံးလုပ်နည်းများနှင့်အညီ ဆောင်ရွက်ခဲ့ပါသည် ဟူ၍သာ ဖြစ်သည်။ ဤစကားကို ကြားရရုံဖြင့် စည်းမဲ့ကမ်းမဲ့ နိုင်ငံနှင့်အဝှန်း လယ်သမားများထံမှ လယ်မြေများကို မတရား သိမ်းဆည်း ထားခြင်းကြောင့် ILO (နိုင်ငံတကာ အလုပ်သမားသမဂ္ဂ) က ပါဝင်ဆောင်ရွက်နေရသည်ကို နိုင်ငံတကာမှာ သက်သေခံ အထောက်အထားများ ရောက်ရှိနေပါလျက်သားနှင့် လိမ်ညာဖြေကြားခဲ့သောကြောင့်အုတ်အော်သောင်းနင်းဖြစ်ကုန်ပါသည်။ လည်ဆယ်ဝန်ကြီး ဦးဋ္ဌေးဦးကြောင့် ပြည်သူ့လွှတ်တော်တခုလုံး ပြည်သူလူထုကို လိမ်ညာနေကြောင်း မတော်မတရား ဥပဒေတွေ ထွက်ပေါ်လာတော့မည်ဖြစ်ကြောင်း သိနေကြပေပြီ။
အလုပ်သမား၊ လယ်သမား တည်းဟူသော မြင့်မိုရ်တောင်ကြီးကို မဖြစ်စလောက် လွှတ်တော်များက ဇီးစေ့နှင့် ပေါက်၍ ရွေ့နိုင်ပါမည်လော။
နောက်ဆုံးအပိုင်း ၁၄ ကို ဆက်လက်ဖော်ပြပါမည်။
No comments:
Post a Comment