Tuesday, July 26, 2011

တိုက်ပွဲများက KIA အား ခွဲထွက်ရေးဆီသို့ တွန်းပို့နေပြီလား

ဘကောင်း

“ကချင်ပြည် လွတ်လပ်ရေး” ဆိုတဲ့စကားဟာ ကချင် လွတ်လပ်ရေး တပ်မတော် (KIA) တည်ရှိတဲ့ လိုင်ဇာမြို့က ဒေသခံပြည်သူ တွေကြားမှာ အခုတလော ခေတ်စားနေ ပါတယ်။

KIA နဲ့ အစိုးရတပ်တွေ တိုက်ပွဲဖြစ်နေတာတော့ မနေ့ကအထိပါပဲ။ နှစ်ဘက်တိုက်ပွဲတွေအတွင်း အစိုးရဘက်က ပစ်တဲ့ လက်နက်ကြီး ကျည်ဆံတွေ တရုတ်နယ်ထဲ ကျတယ်လို့လည်း သိရပါတယ်။

KIA ခေါင်းဆောင်တွေကတော့ လွတ်လပ်ရေးဆိုတဲ့ စကား မသုံးပါဘူး။ သူတို့က ဗဟိုအစိုးရဆီကနေ ကချင်လူမျိုးတွေအတွက် နိုင်ငံရေး အခွင့်အရေးတွေကိုပဲ ပိုတောင်းဆိုနေတာပါ။

ဒါပေမယ့် အစိုးရအနေနဲ့ KIA ရဲ့ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ တောင်းဆိုချက် တွေကို ဘာမှ တုန့်ပြန်မှုမရှိဘူး ဆိုရင်တော့ အစိုးရနဲ့ သူတို့ကြားမှာ အင်အားအစွမ်းကုန်သုံးတဲ့ စစ်ပွဲတပွဲ မလွှဲသာ မရှောင်သာဖြစ် လာနိုင်ပြီး နောက်ဆုံးမှာ သူတို့ကို မြန်မာပြည်ကနေ ခွဲထွက်ဖို့ ဖိအားပေးသလို ဖြစ်သွားနိုင်တယ်လို့ အရိပ်အမြွက် ပြောဆိုနေ ကြပါတယ်။ KIA ဟာ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဖို့ ၁၉၆၁ ကတည်းက စပြီး တိုက်ပွဲဝင်လာ ခဲ့တာပါ။

“စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စုကို ကျနော်တို့ လိုချင်ပါတယ်။ ဒါပေမယ့် အစိုးရက ကျနော်တို့နဲ့ ဆက်စပ် ဆောင်ရွက်တဲ့နေရာ မှာ အင်အားသုံးပြီး ဖြေရှင်းမယ်ဆိုရင်တော့ ကျနော်တို့ကို ၁၉၄၈ ခုနှစ် မတိုင်ခင် အခြေအနေတွေဆီ တွန်းပို့သလို ဖြစ်ပါလိမ့်မယ်” လို့ KIA ဒု - စစ်ဦးစီးချုပ် ဗိုလ်မှူးချုပ်ဂွမ်မော်က ပြောပါတယ်။

KIA နဲ့ အစိုးရကြားက တိုက်ပွဲတွေအဆုံးသတ်ရေးအတွက် နှစ်ဘက်ဆွေး နွေးမှုတွေမှာ ဗိုလ်မှူးချုပ် ဂွမ်မော်ဟာ KIA ဘက်ကနေ အဓိက ဆောင်ရွက်နေသူ ဖြစ်ပါတယ်။

၁၉၄၈ မတိုင်ခင်ဆိုတာက လွတ်လပ်ရေးမရခင် မြန်မာပြည်မှာ ပြည်မနဲ့ တောင်တန်းဒေသဆိုပြီး ကွဲနေသလိုမျိုး တခါပြန်ကွဲသွား နိုင်တဲ့ အနေအထားကို သူဆိုလိုချင်တာဖြစ်ပါတယ်။ ကချင်၊ ရှမ်းစတဲ့ တိုင်းရင်းသားလူမျိုးတွေ အများစုနေထိုင်ရာ တောင်တန်း ဒေသတွေဟာ အဲဒီအချိန်တုန်းက ဗြိတိသျှလက်အောက်မှာ သီးခြားအုပ်ချုပ်ရေးနဲ့ တည်ရှိခဲ့တာပါ။

တကယ်လို့ အစိုးရကသာ အပစ်အခတ်ရပ်စဲထားတဲ့ ကာလအတွင်း နိုင်ငံရေးဆွေးနွေးမယ်ဆိုရင် KIA အနေနဲ့ ၆ လ ယာယီ အပစ်အခတ် ရပ်စဲဖို့ သဘောတူမယ်လို့ KIA ရဲ့ အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် မူကြမ်းမှာ ထည့်သွင်းရေးသား ထားတာကို တွေ့ရပါတယ်။ တိုင်းရင်းသား လက်နက်ကိုင် အင်အားစုတွေကို ကိုယ်စားပြုတဲ့ ညီညွတ်သော တိုင်းရင်းသားများ ဖက်ဒရယ် ကောင်စီ (UNFC) ကိုလည်း ဒီဆွေးနွေးပွဲမှာ ဦးဆောင်တဲ့ကဏ္ဍကနေ ပါဝင်ဖို့ KIA က လိုလားပါတယ်။

KIA ခေါင်းဆောင် အတော်များများ အနေနဲ့လည်း နိုင်ငံရေးဆွေးနွေးပွဲသာ ဖြစ်မြောက်မယ်ဆိုရင် စစ်အစိုးရ ရေးဆွဲခဲ့တဲ့ လက်ရှိ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ပြုပြင်ပေးဖို့ ဆန္ဒရှိကြပါတယ်။

အစိုးရအနေနဲ့ နိုင်ငံရေးဆိုင်ရာ လိုက်လျောမှုတွေ မလုပ်ဘူးဆိုရင် ဘာဖြစ်လာမလဲလို့ မေးကြည့်တဲ့အခါ ဗိုလ်မှူးချုပ်ဂွမ်မော်က “စစ်ပွဲတွေဆက် ဖြစ်နေမှာပေါ့ဗျာ။ ဆုံးဖြတ်ချက်ချဖို့က အစိုးရပေါ်မှာပဲ မူတည်တယ်။ ကျနော်တို့က သင့်တော်တဲ့ ဖြေရှင်းမှုတွေ ကိုပဲ တောင်းဆိုတာပါ” လို့ ဆိုပါတယ်။

အပစ်အခတ်ရပ်စဲရေးနဲ့ ပတ်သက်ပြီး ကချင်လူထု သဘောထားကို သိနိုင်ဖို့အတွက် KIA ခေါင်းဆောင်တွေဟာ လူထုဆွေးနွေးပွဲ တရပ်ကို လိုင်ဇာမြို့မှာ အင်္ဂါနေ့နဲ့ ဗုဒ္ဓဟူးနေ့ နှစ်ရက်တိုင်တိုင် ကျင်းပပြုလုပ်ခဲ့ပါတယ်။ ဒီဆွေးနွေးပွဲကို ကချင်ပြည်နယ် ဒေသ အသီးသီးက ကိုယ်စားလှယ် ၁၂၀ ကျော် တက်ရောက်ခဲ့ပြီး တက်ရောက်လာသူ အများစုက အပစ်အခတ်မရပ်ဘဲ အစိုးရနဲ့ ဆွေးနွေးပွဲ လုပ်သင့်တယ်လို့ ဆိုကြပါတယ်။ ဒီ နိုင်ငံရေးဆွေးနွေးပွဲရဲ့ ပန်းတိုင်ဟာလည်း စစ်မှန်တဲ့ ပြည်ထောင်စုဆီ ဦးတည်ရေး ဖြစ်သင့်တယ် လို့ ကိုယ်စားလှယ်တွေက တညီတညွတ်တည်းဆိုကြကြောင်း KIA ပြောရေးဆိုခွင့်ရှိသူ ဦးလနန်က ပြောပြပါတယ်။

အဲဒီလို လူထုဆွေးနွေးပွဲကနေ ဖက်ဒရယ်ပြည်ထောင်စု ပေါ်ထွန်းရေးဆိုတဲ့ တောင်းဆိုချက်တွေ ထွက်လာပေမယ့် KIA အောက် ခြေမှာတော့ ပြည်ထောင်စုဆိုတဲ့ သဘောတရားကိုတောင် အတော်လေး ခါးခါးသီးသီးဖြစ်နေတာ တွေ့ရပါတယ်။

“ဘာပြည်ထောင်စုလဲ။ လွတ်လပ်ရေး မရခင်က မြန်မာပြည်မှာ ဘာပြည်ထောင်စုမှ မရှိဘူး။ ကျနော်တို့ ကိုယ် ရှိတာနဲ့ ကိုယ့်ဘာသာ ကိုယ် နေခဲ့တာပဲ” လို့ လိုင်ဇာက KIA အရာရှိ ဗိုလ်မှူး တန်ဆန်းက ပြောပါတယ်။

မြန်မာပြည်မြောက်ပိုင်း မိုးမောက်မြို့နယ်မှာ တရုတ်က ဆောက်လုပ်ထားတဲ့ တာပိန် ရေအားလျှပ်စစ် စက်ရုံတရုံနားမှာ ဇွန်လ ၉ ရက်နေ့က စတင်ဖြစ်ပွားခဲ့တဲ့ တိုက်ပွဲ တွေကြောင့် ၁၇ နှစ် ကြာ တည်ရှိခဲ့တဲ့ KIA နဲ့ အစိုးရကြားက အပစ်အခတ်ရပ်စဲရေး သဘောတူညီချက် ပျက်ပြားသွားခဲ့ပါတယ်။ အင်အား ၁၀၀၀၀ ရှိတဲ့ KIA ဟာ တရုတ်-မြန်မာ နယ်စပ်ဒေသ တလျောက်ကို ထိန်းချုပ်ထားတာပါ။ ကေအိုင်အေဌာနချုပ်ရှိရာ လိုင်ဇာက KIA ရဲဘော်တွေနဲ့ စစ်ပြေးဒုက္ခသည် ကချင်တိုင်းရင်းသားတွေ ကတော့ မြန်မာအစိုးရကို လုံးဝအယုံအကြည် မရှိကြဘူးလို့ ပြောဆိုကြပြီး ကချင်ပြည် ဘယ်တော့ လွပ်လပ်ရေးရမလဲလို့သာ တွေးဆနေကြပါတယ်။

တိုက်ပွဲတွေစတင်ချိန်ကတော့ KIA နဲ့ တရုတ်အစိုးရကြား ဆက်ဆံရေးဟာ ခပ်အေးအေးသာ ရှိတယ်လို့ သိရပါတယ်။ ဒါပေမယ့် တရုတ်က မြန်မာစစ်တပ်ကို ရောင်းခဲ့တဲ့ စစ်သုံးယာဉ်တွေထဲက တချို့ကို လာသယ်ဖို့ အစိုးရတပ်ဖွဲ့တွေကို ပြီးခဲ့တဲ့လကုန်ပိုင်းမှာ မူဆယ်တဘက်ကမ်း တရုတ်ပိုင် ရွှေလီနဲ့ ကြယ်ခေါင်နယ်မြေထဲ ဝင်ခွင့်ပြုခဲ့တာကိုတော့ KIA ခေါင်းဆောင်တွေက စိတ်ဆိုးကြ ပါတယ်။ အဲဒီလို ခွင့်ပြုခဲ့တာကြောင့် အစိုးရ တပ်တွေက KIA ကို တရုတ်နယ်ထဲကဝင်ပြီး တိုက်ဖို့ပြင်ဆင်နေတယ်ဆိုတဲ့ ကောလာဟလတွေတောင် ထွက်ခဲ့ပါသေးတယ်။

ကချင်ပြည်နယ်မှာရှိတဲ့ တရုတ်နိုင်ငံအကျိုးစီးပွားကို ထိခိုက်စေလိမ့်မယ်ဆိုတဲ့ စိုးရိမ်မှုတွေကြောင့် KIA အနေနဲ့ စစ်ဆင်ရေးတွေ ကို အထူးထိန်းသိမ်းပြီး လုပ်နေရသလားလို့ KIA ရဲ့ တရုတ် ဆက်ဆံရေး ကိုယ်စားလှယ် ဦးခွန်းနောင်ကို မေးကြည့်တဲ့အခါ သူက “KIAနဲ့ အစိုးရကြားမှာ ငြိမ်းငြိမ်းချမ်းချမ်းနဲ့ အဖြေရှာကြဖို့ တရုတ်အစိုးရက တောင်းဆိုတာကို ကျနော်တို့ လေးစားပါတယ်။ ဒါပေမယ့် တရုတ် အကျိုးစီးပွားဆိုပြီးတော့ ကျနော်တို့ မထိရဲတာမျိုးတော့ မရှိပါဘူး” လို့ ပြောပါတယ်။

နှစ်ဘက်တိုက်ပွဲတွေကတော့ ဆက်ဖြစ်နေဆဲပါပဲ။ ပြီးခဲ့တဲ့ သောကြာနေ့က စပြီး လိုင်ဇာနားမှာရှိတဲ့ KIA ရဲ့ အရင် ဌာနချုပ် ပါဂျောင်ကို အစိုးရဘက်က လက်နက်ကြီးတွေနဲ့ ပစ်ခတ်တိုက်ခိုက်တယ်လို့ သိရပါတယ်။ တချို့ လက်နက်ကြီး ကျည်ဆံတွေ တရုတ်နယ်ထဲ ကျတယ်လို့လည်း KIA ပြောရေးဆိုခွင့် ရှိသူ တယောက်က ဆိုပါတယ်။

အသစ်တဖန် တောက်လောင်လာတဲ့ ပြည်တွင်းစစ်မီးကြောင့် ကချင်ပြည်နယ်ထဲက ပြည်သူ ၂၀၀၀၀ ခန့်ကတော့ သူတို့ရဲ့ အိုးအိမ်တွေကို စွန့်ခွာထွက်ပြေးခဲ့ကြရပါပြီ။ လိုင်ဇာက ယာယီဒုက္ခသည်စခန်းတွေမှာ ခိုလှုံနေကြတဲ့ စစ်ပြေးဒုက္ခသည် ၁၅၀၀၀ ကျော်ဟာလည်း တိုက်ပွဲတွေ စတင်ခဲ့တဲ့ ဇွန်လ အစောပိုင်းကစလို့ အခုထိ နိုင်ငံတကာမိသားစုရဲ့အကူအညီ ဘာမှ မရသေးပါဘူး။

ဧရာဝတီသတင်းထောက် ဘကောင်း KIA ဌာနချုပ် လိုင်ဇာတွင် သွားရောက် သတင်းယူရေးသားသော Govt Compromise Needed to Avert All-out Civil War: KIA ကို ဆီလျော်အောင် ပြန်ဆို ဖော်ပြသည်။

No comments: