Saturday, July 30, 2011

လက်နက်ကိုင်တစုလှုပ်ရှားမှူကြောင့် ပြည်သူ့စစ်များအား နယ်မြေ လုံခြုံရေး တာဝန်ပေး

KHONUMTHUNG NEWS GROUP

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ် ရှင်းလက်ဝ တပ်စခန်း ( ခလရ ၂၃၈ ) တာဝန်ကျ စစ်တပ်က ၄င်းတို့ တပ်နယ်အတွင်း လက်နက်ကိုင် တစု လှုပ်ရှားမှူကြောင့် ကျေးရွာ (၈) ရွာမှ ပြည်သူ့စစ်များအား ဇူလိုင်လကစပြီး နယ်မြေလုံခြုံရေး တာဝန် ပေးသည်ဟု သိရ သည်။

ရွေလိုက်ဝ၊ ကင်ဝ၊ လယ်တဲ၊ ဒလူဝ၊ ဆင်အိုးဝ၊ ဓါးသွေးကျောက်၊ ရာရီတောင်၊ ရကန် စသည့် ကျေးရွာမှ ပြည်သူ့ စစ်သင်တန်းတက်ရောက်ပြီး သူများအား ၄င်းတို့ ရွာအလိုက် တာဝန်ချထားခြင်းဖြစ်သည်။
” ၆ ယောက်တဖွဲ့ခွဲပြီးတော့ တရက်စီ လုံခြုံရေးတာဝန်ယူခိုင်းတယ်၊ အဓိက လက်နက်ကိုင်အဖွဲ့တွေ နဲ့ ဧည့်သည် အ၀င် အထွက်ကို စောင့် ကြည့်ခိုင်း တယ်” ဟု ပြည်သူ့စစ်သင်တန်းဆင်းတဦးက ပြောသည်။

ယခုတလော Mara People Army ( MPA) ဟု ခေါ်သော ချင်းမျိုးနွယ်စု လက်နက်ကိုင်တစုသည် အဆိုပါ ဒေသအတွင်း လှုပ်ရှား မှုပြုနေကြောင်း သိရသည်။

” လက်နက်ကိုင်တွေ လက်နက်မဲ့ ရွာထဲဝင်လာပါက ဖမ်းဆီးပြီး စစ်တပ်ထံ အပ်ဖို့ ပြောကြတယ်” ဟု ရွာသားတဦးက ပြောသည်။

ပြီးခဲ့သည့် ဖေဖေါ်ဝါရီလ ၁၇ ရက်နေ့က ရှင်းလက်ဝတပ်စခန်းမှ နအဖ စစ်တပ်များနှင့် ချင်းအမျိုးသား တပ်မတော် သား များ ဆင်အိုးဝရွာတွင်
ရင်ဆိုင် တိုက်ပွဲဖြစ်ပွားခဲ့ရာ နအဖ ရဲဘော်တဦးကျဆုံးခဲ့သည်။

မြန်မာစစ်အစိုးရသည် ပြည်သူ့စစ်သင်တန်းကို ၂၀၁၀ ခုနှစ် ရွေးကောက်ပွဲမတိုင်ခင် ကတည်းက ချင်းပြည်နယ်တခုလုံး ပို့ချခဲ့ပြီးဖြစ်သည်။

No comments: