Thursday, July 28, 2011

မြစ်ကြီး​နား​-လိုင်ဇာလမ်း​ပေါ် တိုက်ပွဲဖြစ်၊​ စစ်​ပြေး​ဒုက္ခသည်များ​ ​သောင်တင်

ဒီဗွီဘီ

ဝိုင်း​မော်မြို့​နယ်အတွင်း​ မြစ်ကြီး​နား​-လိုင်ဇာလမ်း​ပေါ်ရှိ ဒဘတ်​ချောင်း​တံတား​နှင့်​ ​ရွှေ​ညောင်ပင်​ကျေး​ရွာအနီး​တို့​မှာ ကချင်ပြည်လွတ်လပ်​ရေး​တပ်မ​တော် (​ကေအိုင်​အေ) နဲ့​ အစိုး​ရတပ်​တွေအကြား​ ဒီ​နေ့​ မနက်ပိုင်း​က တိုက်ပွဲဖြစ်ပွား​ခဲ့​ပါတယ်။

ကဇူး​နဲ့​ ဒဘတ်​ကျေး​ရွာကို ဆက်သွယ်ထား​ပြီး​ ​ပေ ၁ဝဝ ​ကျော်ရှည်လျား​တဲ့​ ဒဘတ်​ချောင်း​ကူး​တံတား​မှာရှိတဲ့​ မြန်မာစစ်တပ်ကို ​ကေအိုင်​အေတပ်ဖွဲ့​က သွား​ရောက်ပစ်ခတ်ခဲ့​ရာက​နေ နှစ်ဖက် အပြန်အလှန်ပစ်ခတ်​နေကြတာလို့​ ​ကေအိုင်​အေတပ်ဖွဲ့​နဲ့​ နီး​စပ်တဲ့​ ​ဒေသခံတဦး​က ​ပြောပါတယ်။

“တံတား​အရှည်ကြီး​ကို ​စောင့်​နေကြတာ​လေ။ ဟိုဘက်ကမ်း​မှာက တနိုင်း​ဘက်က တပ်ခွဲလို့​ ​ပြောတယ်။ ဒီဘက်ကမ်း​မှာက ၅၈ ကတပ်ရင်း​လို့​ ​ပြောတယ်။ အဲဒီကင်း​တဲ​တွေကို ​ကေအိုင်​အေဘက်က မနက် ၅ နာရီ​လောက် အချိန်မှာ စနိုက်ဘာနဲ့​ လာပစ်သွား​တာ။ ၃၊​ ၄ ​ယောက်ထိ ကျတယ်​ပြောတယ်။ မနက် ၈ နာရီ​လောက်ထိ စနိုက်ဘာနဲ့​ တ​တောင့်​ချင်း​ပစ်တာ။ ဟိုဘက်က လန့်​လို့​ အတွဲ လိုက်ပစ်လို့​၊​ အစိုး​ရတပ်ဘက်က ပစ်မှတ်ရှာမရလို့​ ဟိုဘက်ပစ်၊​ ဒီဘက်ပစ်​ပေါ့​။ ​ရွှေ​ညောင်ပင်မှာလည်း​ ဒီမနက်က တိုက်ပွဲဖြစ်​သေး​တယ်။ ​ကေအိုင်​အေက လာပစ်တာ ရှိတယ်တဲ့​။ နှစ်​နေရာ​ပေါ့​နော်။

အဲဒီလို တိုက်ပွဲဖြစ်ခဲ့​တာ​ကြောင့်​ မြစ်ကြီး​နား​၊​ ဝိုင်း​မော်မြို့​တွေဘက်ကို ထွက်ခွာ​နေကြတဲ့​ စစ်​ပြေး​ဒုက္ခသည်​တွေကို ဒဘတ်​ချောင်း​တံတား​ထိပ်မှာ စစ်တပ်က ခရီး​ထွက်ခွင့်​ တား​ထား​သလို မြစ်ကြီး​နား​ဘက်က တက်လာတဲ့​ ခရီး​သည်​တွေကိုလည်း​ ​ရွှေ​ညောင်ပင် စစ်တပ်က တား​ထား​တယ်လို့​ အဆိုပါ​ဒေသခံက ​ပြောပါတယ်။

“နန်ဆန်ယန်၊​ ကန်​တော်ယန်၊​ ဂျာဘူဘက်က ပြန်လာတဲ့​ သူ​တွေကိုလည်း​ ​ချောင်း​တံတား​ထိပ်မှာ အဲဒီမှာ ​ဖောင်နဲ့​ ကူး​တာ​လေ။ အဲဒါ ကူး​ခွင့်​ပိတ် ထား​တယ်၊​ ဒီမနက် ၈ နာရီကတည်း​က၊​ တိုက်ပွဲပြီး​ချိန်ကတည်း​က။ ဒုက္ခသည်​တွေက မြစ်ကြီး​နား​ ​ပြေး​ချင်တဲ့​သူက အဲဒီမှာ ​သောင်တင်တာ​ပေါ့​။ ဒဘတ်​ချောင်း​တံတား​ထိပ်မှာ။ လူဦး​ရေ (၂ဝဝ)​လောက် ​သောင်တင်​နေတာ။ အဲဒီမှာ မြစ်ကြီး​နား​ဘက်က လာတဲ့​သူ​တွေကို​ကော ​ရွှေ​ညောင်ပင်မှာ တား​ထား​တယ်။

ကေအိုင်​အေနဲ့​ မြန်မာအစိုး​ရစစ်တပ်အကြား​ အပစ်ရပ်စဲ​ရေး​ပြုလုပ်ဖို့​ အပြန်အလှန် စာ​ရေး​တာ​တွေရှိ​နေချိန်မှာ နှစ်ဖက်အကြား​ တိုက်ပွဲဆက်ဖြစ်​နေတာလည်း​ ဖြစ်ပါတယ်။

No comments: