Monday, August 22, 2011

ဝေဖန်အကြံပြုချက်များကို ခံယူမည်ဟု ဦးရွှေမန်းဆို

အံ့ဘုန်းမြတ်

သတင်း မီဒီယာ အပါအ၀င် ပြည်သူတွေနဲ့ နိုင်ငံ တကာရဲ့ ဝေဖန် အကြံပြု ချက်တွေကို ခံယူ မယ်လို့ ပြည်သူ့ လွှတ်တော် ဥက္ကဋ္ဌ ဦးရွှေမန်းက ပြောကြား လိုက်ပါတယ်။

နေပြည်တော်မှာ ဒီနေ့ ပြန်စတဲ့ ဒုတိယ အကြိမ် လွှတ်တော် ပုံမှန် အစည်း အဝေး အဖွင့် မိန့်ခွန်းမှာ ဗိုလ်ချုပ်ကြီးဟောင်း ဦးရွှေမန်းက ဒီလိုပြော လိုက်တာပါ။

ဒီလွှတ်တော် အစည်း အဝေးကို လွှတ်တော် ကိုယ်စား လှယ်တွေနဲ့ အတူ အထူး ဧည့်သည် တော်တွေ၊ သတင်း မီဒီယာ တွေပါ ရောက်နေ ကြပြီ ဖြစ်လို့ ဒီမိုကရေစီ ပီပြင်စွာ ဖြစ်ထွန်း စေတဲ့ အင်္ဂါရပ်တွေ စုံညီစွာ ပါဝင် လာပြီ လို့လည်း ဦးရွှေမန်းက ပြောပါတယ်။

လွှတ်တော် ကိုယ်စား လှယ်တွေနဲ့ ပတ်သက် လို့လည်း “အတိတ်က သင်ခန်းစာ တွေကို ရယူပြီး ယနေ့ မျက်မှောက် ကာလမှာ ဆောင်ရွက် သင့်တဲ့ ကိစ္စ တွေကို မိမိတို့ အားလုံးက ရဲရဲဝံ့ဝံ့၊ သတ္တိရှိရှိ၊ ညီညီ ညွတ်ညွတ်နဲ့ ဆောင်ရွက် သွားရမှာ ဖြစ်ပါတယ်” လို့ မိန့်ခွန်းမှာ ထည့်ပြော သွားပါတယ်။

“ဒါကြောင့် လွှတ်တော်မှာ အရည်အချင်းရှိဖို့ လိုပါတယ်။ ခိုင်မာတောင့်တင်းဖို့လည်း လိုပါတယ်။ ခိုင်မြဲအောင် တည်ဆောက်နေဖို့လည်း လိုပါတယ်။ လွှတ်တော်ကိုယ်စားလှယ်အသီးသီး၊ အရည်အချင်း တိုးတက်မြင့်မားနေအောင် ပုံစံမျိုးစုံနဲ့ လေ့ကျင့်နေကြဖို့လည်း လိုအပ်သလို စည်းလုံးညီညွတ်စွာ ရှိနေစေရေးအတွက် တဦးနှင့်တဦး နားလည်လေးစားကြရန်နဲ့ ပြုမူဆောင်ရွက်ကြဖို့လည်း လိုပါတယ်။”

လွှတ်တော်ကိုယ်စားလှယ်တွေဟာ ပြည်သူအကျိုး၊ ပြည်ထောင်စုအကျိုး၊ နိုင်ငံအကျိုး ဆောင်ရွက်နေကြတယ်လို့ ခံယူပြီး ပြောဆိုပြုမူ ဆောင်ရွက်နေကြတာကို တွေ့ရတဲ့အတွက် ၀မ်းမြောက်ဂုဏ်ယူကြောင်းလည်း ပြောသွားပါတယ်။

လွှတ်တော် ကိုယ်စားလှယ်တွေ တင်သွင်းမယ့် ဥပဒေမူကြမ်းတွေနဲ့ ပတ်သက်လို့ “နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားတွေ ဖြစ်ထွန်းစေမယ့် ဥပဒေတွေနဲ့ နိုင်ငံတော်နဲ့ နိုင်ငံသားတွေရဲ့ အကျိုးစီးပွားတွေကို ကာကွယ် စောင့်ရှောက်တဲ့ ဥပဒေတွေ အလျင်အမြန် ဖြစ်ပေါ်လာဖို့ လိုအပ်နေပါတယ်။ နိုင်ငံသားများရဲ့ မူလအခွင့်အရေး၊ ဒီမိုကရေစီအရေးနှင့် လူ့အခွင့်အရေးများကို ကာကွယ် စောင့်ရှောက်ရေး အတွက်လည်း ဆောင်ရွက်ပေးကြရမယ်” လို့လည်း ပြောသွားပါတယ်။

No comments: