Monday, August 22, 2011

တပ်ကြပ်ကြီးက သေနတ်ဖြစ်ပစ်ခတ်မှုကြောင့် အရပ်သား သင်္ဘောမောင်းသူ ပွဲချင်းပြီးသေဆုံး

ရိုးမ ၃

ရေကင်း တာဝန်ကျ စစ်သားက သေနတ်ဖြင့် လိုက်လံ ပစ်ခတ် မှုကြောင့် ငှက်ပျောတင် သင်္ဘော မောင်းသူ သေဆုံးပြီး ဖခင်ဖြစ်သူမှာ ဒါဏ်ရာ ပြင်းထန်စွာ ရရှိခဲ့သည်။

ယနေ့နံနက် (၃) နာရီခန့်က ဧရာဝတီ တိုင်းဒေ သကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်း သမိန်ထော ချောင်းဝတွင် တပ်စွဲ ထားသည့် တပ်မှ တပ်ကြပ်ကြီး သန်းဦးက ပစ်ခတ် ခဲ့ခြင်း ဖြစ်ကြောင်း ဒေသခံ တဦးက ပြောသည်။

“ဖြစ်တာက ထီးချန်ဂွဆုံမှာ ကင်းတာဝန်ကျတဲ့ တပ်ကြပ်ကြီးက သင်္ဘောတွေကို ဆပ်ကြေး တောင်းတာ၊ အဲဒီမှာ ငှက်ပျော တင်လာတဲ့ သင်္ဘောကို ရပ်ခိုင်းတာ မရပ်လို့ ဆိုပြီး နောက်ကနေ ပဲ့ထောင်နဲ့ လိုက်ပြီး ပစ်တာ၊ အဲဒီမှာ သင်္ဘော မောင်းတဲ့ ကောင်လေး ပွဲချင်းပြီး သေတယ်၊ အဖေဖြစ် သူက လက်ပြင်ကို ထိသွားတယ်၊ ကလေး အငယ် ကောင်လေးက ကြောက်ပြီး ဓနီတော ထဲကို ထွက်ပြေး သွားတာ” ဟု ပြောသည်။

အဆိုပါ ပစ်ခတ်သည့် တပ်ကြပ်ကြီးမှာ သမိန်ထောချောင်းဝ ဓမင်းဆိပ်တွင် တပ်စွဲထားသည့် ခလရ ၉၃ မှ ဖြစ်ပြီး မြစ်အတွင်း သွားလာ နေသည့် သင်္ဘောများထံမှ ဆက်ကြေးပုံမှန်တောင်းနေသူဖြစ်ကြောင်း ၎င်းဒေသခံက ဆက်ပြောသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ စုံစမ်းစစ်ဆေးမှုများ ပြုလုပ်ရန် ဖျာပုံခရိုင် ရဲမှူးနှင့် စခန်းမှူးများ အခင်းဖြစ်ပွားရာသို့ သွားရောက်နေကြောင်း အာဏာပိုင်အသိုင်းအဝိုင်းနှင့် နီးစပ်သူတဦးက ပြောသည်။

ပင်လယ်ကမ်းခြေဒေသများတွင် လုံခြုံရေးတာဝန်ယူထားသည့် ရဲ၊ စစ်တပ်အာဏာပိုင်များအနေဖြင့် မြစ်အတွင်း သွားလာနေသည့် ရေယာဉ်များမှ ငွေကြေး၊ ဒီဇယ်ဆီ တောင်းယူခြင်းများ ပြုလုပ်နေလျှက်ရှိပြီး ယခုကဲ့သို့ပစ်ခတ်မှုများ မကြာခဏဖြစ်ပွားလျှက်ရှိသည်။

No comments: