Sunday, August 21, 2011

ကသည်းသူပုန်များ၏ ဆက်ကြေးတောင်းမှုကြောင့် တမူးမြို့က နန်းဖာလုံဈေး ပိတ်

ဒီဗွီဘီ

မဏိပူ ကသည်း​ သူပုန် တွေရဲ့ ဆက်ကြေး တောင်းမှုကြောင့် တမူး မြို့ နန်းဖာလုံ ဈေးကို ဩဂုတ်လ ၂၀ ရက်နေ့ နံနက် ၁၀ နာရီခန့်မှာ ပိတ်လိုက် ရတယ်လို့ သိရ ပါတယ်။

နန်းဖာလုံ ဈေးဟာ ဆိုရင် မြန်မာ နိုင်ငံ စစ်ကိုင်းတိုင်း အထက်ပိုင်း တမူးမြို့ရဲ့ အိန္ဒိယ နယ်စပ်မြို့ ဖြစ်တဲ့ မိုးရေး မြို့နဲ့ နယ်စပ်ခြံ စည်းရိုး သာခြားပြီး အိန္ဒိယ - မြန်မာ နယ်စပ် ကုန်သွယ်ရေး အတွက် အဓိက အချက် အချာ ကျတဲ့ ဈေးကြီး တခုလည်း ဖြစ်ပါတယ်။

ဈေးပိတ် လိုက်ရ ပုံနဲ့ ပတ်သက်လို့ မြို့ခံ ဈေးသည် တဦးက အခုလို ပြောပြ ပါတယ်။

“အိန္ဒိယက လာတဲ့ ကသည်း သူဌေး​ တယောက်ကို မြန်မာ ဘက်မှာ နေတဲ့ ကသည်း သူပုန်က ပိုက်ဆံေ တာင်းတာ။ ကသည်း သူဌေးက မပေးတဲ့ အခါ ကျတော့ မြန်မာပြည် မှာနေတဲ့ ကသည်း သူပုန်က ရိုက်တာလေ။ ရိုက်လို့ ဆိုင်တွေ ပိတ်ခိုင်းတာ။ ကျမ သွားတော့ လူတွေ က ဆိုင်တွေ အကုန်လုံး ပိတ်နေ ကြပြီ။ ကျမရှိ တဲ့အချိန် လာပြောတာ မဟုတ်ဘူး ဆိုတော့ ကျမလည်း မသိဘူး။ ဒါပေမယ့် ဆိုင်ရှင်တွေ ပြောတာ ကတော့ ဒီဘက်က လူကြီး တယောက်က လာပိတ်ခိုင်း တယ်လို့ ပြောတာပဲ။ မြန်မာ စစ်တပ် မဟုတ်ဘူး။ နန့်ဖာလုံ ဈေးမှာ ဆိုင်ဖွင့်တဲ့ ဂေါ်ရခါး တွေပေါ့။ ဆိုင်ရှင် တွေပေါ့။ အဲဒီ ထဲက ဂေါ်ရခါး လူကြီး တယောက်က ပိတ်ခိုင်း တာလို့ ပြောတာပဲ။ ဒီဘက် မှာလည်း အဖွဲ့ တွေက အများကြီး ရှိတာ ဆိုတော့ ကျမ တို့လည်း မစုံစမ်းမိ လိုက်တော့ ဘယ်အဖွဲ့မှန်း သေချာ မသိဘူး။”

အခုလို ဈေးပိတ်လိုက်ရတဲ့အပေါ် မြန်မာစစ်တပ်နဲ့ ရဲတွေ အနီးကပ် စောင့်ကြပ် ကြည့်ရှုနေပေမယ့်လည်း တစုံတရာ ၀င်ရောက် ပြောဆို ဖြေရှင်းပေးမှု မရှိဘူးလို့လည်း သိရပါတယ်။

စနေနေ့က ကသည်းသူပုန်ရဲ့ ဆက်ကြေး ကောက်ခံမှုကြောင့် နန်းဖာလုံဈေးဆိုင် အများစုဟာ ဆက်လက် ပိတ်ထားရဆဲဖြစ်ပြီး နှစ်နိုင်ငံ နယ်စပ်ကုန်သွယ်ရေးကို ထိခိုက်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။

တမူးမြို့နဲ့ စစ်ကိုင်းတိုင်း အထက်ပိုင်းဒေသတွေမှာ မြန်မာစစ်တပ်က ကသည်းသူပုန်တွေကို လက်ခံနေထိုင်ခွင့် ပေးထားတာဟာ အခုဆိုရင် ၁၂ နှစ်ကျော် ကြာမြင့်ခဲ့ပြီ ဖြစ်ပါတယ်။

၂၀၀၆ ခုနှစ် ဇန်န၀ါရီလ အတွင်းက မြန်မာ့ဒီမိုကရေစီအရေး လှုပ်ရှားသူ ကျောင်းသား ကိုချစ်သိန်းထွန်းနဲ့  ကိုမောင်ဦးတို့ နှစ်ဦးကို ကသည်းသူပုန်တွေက ဖမ်းဆီးပြီး မြန်မာစစ်တပ်ကို အပ်ခဲ့တဲ့အဖြစ် ဖြစ်ပျက်ခဲ့ဖူးပါတယ်။

No comments: