Sunday, August 21, 2011

စီးပွားရေးဆိုင်ရာ ဆွေးနွေးပွဲ စီးပွားရေးဂျာနယ် တက်ရောက်ခွင့်မရ

မင်းလွင်

ဩဂုတ်လ ၁၉ ရက် နေ့က တည်းက နေပြည်တော်မှာ ကျင်းပတဲ့ အစိုး ရရဲ့ စီးပွားရေး ဆိုင်ရာ ပြုပြင် ပြောင်းလဲမှု အမျိုးသား အဆင့် အလုပ်ရုံ ဆွေးနွေးပွဲကို စီးပွားရေး ဂျာနယ်နဲ့ အခြား သတင်းစာ စောင်တချို့ တက်ရောက် သတင်း ယူခွင့် မရဘူးလို့ ရန်ကုန်က သတင်း သမား တချို့က ပြောပါတယ်။

ရန်ကုန် အခြေစိုက် စီးပွားရေး ဂျာနယ် တစောင် ဖြစ်တဲ့ မြန်မာ သမ္မာဓိ စီးပွားရေး ဂျာနယ် တာဝန်ခံ အယ်ဒီတာ ကိုကျော်သွင်နိုင်က ရန်ကုန်က သတင်းစုံ မဟုတ်တဲ့ ဂျာနယ်တွေ တက်ခွင့် မရတာနဲ့ ပတ်သတ်ပြီး အခုလို ပြောပါတယ်။

“အဓိက ကတော့ နေပြည်တော်မှာ လုပ်တဲ့ တွေ့ဆုံပွဲတွေ၊ သတင်းစာ ရှင်းလင်းပွဲတွေ၊ လွှတ်တော်အစည်းအဝေးပွဲတွေမှာ သတင်းစုံ မဟုတ်တဲ့ ဂျာနယ်ပေါ့။ ကျနော်တို့က စီးပွားရေး ဂျာနယ် ဆိုတော့ …။ သတင်းစုံ ဂျာနယ် ၁၀ စောင်ကို သူတို့ တက်ခွင့်ပေးတယ်။ သတင်းစုံ ဂျာနယ်တွေ ထွက်နေတဲ့ ဂျာနယ် တိုက်တွေပေါ့ဗျာ။ ကျနော်တို့ကတော့ စီးပွားရေး ဂျာနယ်ရယ်၊ အိုင်တီနဲ့ ပတ်သက်တဲ့ ဂျာနယ်တွေ တက်ခွင့် မရှိဘူးပေါ့ဗျာ။”

နေပြည်တော် ပြန်ကြားရေးဌာနက တိုက်ရိုက် ဖိတ်ကြားတယ်လို့လည်း ရန်ကုန် ဂျာနယ်တိုက်တွေက ပြောကြပါတယ်။ သတင်းစုံဂျာနယ် ၁၀ စောင်ကိုသာ ဖိတ်ကြားထားပြီး အခြား အပတ်စဉ်ထုတ် ဂျာနယ်တွေနဲ့ စီးပွားရေး ဂျာနယ်တွေကိုတော့ မဖိတ်တာ ဖြစ်တယ်လို့လည်း ပြောပါတယ်။

စီးပွားဂျာနယ် တစောင် ဖြစ်တဲ့အတွက် အခုလို တိုင်းပြည်ရဲ့ စီးပွားရေး ဖွံ့ဖြိုးရေး အလုပ်ရုံ ဆွေးနွေးပွဲတွေကို သတင်းထောက်တွေ တက်ခွင့်ရပြီး တိုက်ရိုက် သတင်းရေးပိုနိုင်ဖို့ကိုလည်း တာဝန်ခံအယ်ဒီတာ ကိုသွင်နိုင်က ….

“အဓိကကတော့ စီးပွားရေး ဂျာနယ် ဖြစ်တယ်ဗျာ။ နိုင်ငံရေးပိုင်းဆိုင်ရာ ပွဲတွေ လုပ်တဲ့ အခါမှာတော့ ကျနော်တို့က ဈေးကွက်လည်း မရဘူး။ ကျနော်တို့ ဖော်ပြခွင့်မရဘူး။ ဒါတွေကိုတော့ ကျနော်တို့ မပြောပြလိုတော့ပါဘူး။ ဒါပေမယ့် အခုလိုမျိုး ဆင်းရဲမွဲတေမှုကဏ္ဍတွေ တွေ့ဆုံပွဲတွေ လုပ်တဲ့အခါမှာ ကျနော်တို့ စီးပွားရေး ဂျာနယ်တစောင် အနေနဲ့ တက်သင့်တယ်လို့ ယူဆပါတယ်။ ဟိုတနေ့က လုပ်သွားတဲ့ စီးပွားရေးပညာရှင်တွေ၊ လုပ်ငန်းရှင်တွေ တွေ့ဆုံပွဲဆိုရင် ကျနော်တို့က သတင်းကို ဖော်ပြနိုင်ရမယ်။ နောက်ပြီး ဒီလိုမျိုးပွဲကို တက်ခွင့်ရ ရမယ်။ ဖော်ပြခွင့်တော့ သူတို့က ဟိုတနေ့က ပေးပါတယ်။ ပေးပေမယ့် ကျနော်တို့က တဆင့်ခံ ဖော်ပြနေရတော့ ကျနော်တို့ကိုယ်တိုင် တိုက်ရိုက် မြန်မာစီးပွားရေး ဂျာနယ်တခုအနေနဲ့ တက်ခွင့်ရမယ် သတင်းယူခွင့်ရမယ် ဆိုရင်တော့ ကောင်းတာပေါ့။”

No comments: