Monday, August 22, 2011

ဘုရားမြေ နိုင်ငံတော် ခေါင်းစဉ်တပ် သိမ်းပြီး ပုဂ္ဂလိသို့ ရောင်းချ

နိရဉ္စရာ

ရခိုင်ပြည်နယ် မြောက်ဦး မြို့မှ ထမရိတ် ကျေးရွာ အနီးရှိ သဇင်တံ ဘုရား မြေများကို နှစ်ရှည်ပင် စီမံကိန်း ဦးစီး ဌာနမှ သိမ်းယူပြီး အဆိုပါ မြေများကို ယခုအခါ ပုဂ္ဂလိက လက်သို့ ရောင်းချ လိုက်ကြောင်း သိရသည်။

ယခု ရောင်းချ လိုက်သော မြေမှာ ၂ ဧက ခွဲ ခန့်ရှိပြီး နှစ်ရှည်ပင် စီမံကိန်း ဌာနမှ ဦးစီးမှူး ဦးစိုးနိုင်မှ မြောက်ဦး ဒေသခံ တစ်ဦး ဖြစ်သူ ဦးမောင်စံတင့်ကို ကျပ်သိန်း ၃၀ ဖြင့် ရောင်းချ လိုက်ခြင်း ဖြစ်သည်။

အဆိုပါ မြေများမှာ သဇင်တံ ဘုန်းကြီး ကျောင်းပိုင် မြေများ ဖြစ်သော်လည်း ၂၀၀၅ ခုနှစ် ကတည်းက နှစ်ရှည်ပင် စီမံကိန်း ဦးစီး ဌာနမှ နှစ်ရှည် ပင်များ စိုက်ပျိုးရန် လိုသည်ဟု ဆိုကာ သိမ်းယူ သွားခဲ့ သည်ဟု သိရသည်။

အစကတော့ အစိုးရ စီမံကိန်း အတွက် ခေတ္တ ခဏ သိမ်းတယ်လို့ ရွာသားတွေက ထင်ထား ခဲ့ပါတယ်။ ဒါကြောင့်လည်း ကန့်ကွက်တာတွေ မရှိခဲ့ပါဘူး။ အခုတော့ နှစ်ရှည်ပင်တွေ စိုက်ပျိုးတဲ့ အပြင် အပင်တွေ ကြီးလာတော့ အရာရှိတွေက သူတို့နာမည်နဲ့ မြေကွက်ကို နာမည် ဖေါက်ပြီး ပုဂ္ဂလိကကို ရောင်းစားတာ ဖြစ်ပါတယ်" ဟု အမည်မဖေါ်လိုသူ ရွာသား တစ်ဦးက ပြောသည်။

အဆိုပါ မြေကွက်များတွင် နှစ်ရှည်ပင် စီမံကိန်း ဦးစီးဌာမှ ရော်ဘာပင်များ စိုက်ပျိုးထားသည်ဟု သူက ပြောသည်။

" စိုက်ထားတာက ရော်ဘာပင်တွေပါ။ အခု နှစ်ရှည်ပင် စီမံကိန်းဌာနက ဦးစီးမှူး ဦးစိုးနိုင်က ပြောင်းရွေ့ရတော့မယ်ဆိုတော့ သူစိုက်ပျိုး ထားတဲ့ ရော်ဘာခင်းကို ရောင်းလိုက်တာ ဖြစ်တယ်လို့ သိရပါတယ်။ ဒီလိုရောင်းတဲ့ အပေါ်မှာ ထမရိတ် ရွာသားတွေက ကျေးရွာ အုပ်ချုပ် ရေးမှူး အပါအ၀င် ရှေးဟောင်း ဦးစီးဌာနကို တိုင်ကြားထားပါတယ်။ ဒါပေမယ့် ကျေးရွာ အုပ်ချုပ်ရေးမှူးကလည်း ဝေစား မျှစားဆိုတော့ ဘာမှ အရေးယူ ဆောင်ရွက် ပေးတာ မရှိပါဘူး" ဟု ပြောသည်။

ရွာသားများ တိုင်ကြားသော်လည်း ဦးစိုးနိုင်မှ အဆိုပါ မြေမှာ နှစ်ရှည်ပင် စီမံကိန်း ဦးစီးဌာနနှင့် သက်ဆိုင်ပြီး ကျေးရွာသားများနှင့် သက်ဆိုင်မူ မရှိဟုဆိုကာ မိမိ၏ လုပ်ပိုင်ခွင့် အရ လုပ်ဆောင်ခြင်းး ဖြစ်ကြောင်း ပြောကြားသည်ဟု သိရသည်။

No comments: